မတ်လ ၄ ရက် ၂၀၂၂

ရုရှားဖက်က ပူတင်ကိုယ်တိုင်ခန့်ထားတဲ့ Dy Commander of the Combined Arms Army of the Central Military District Maj. General Andrei Sukhovetsky နဲ့ နောက်ထိပ်တန်းစစ်ဖက်အရာရှိကြီး ၂ဦးတို့ဟာ ယူကရိန်းနိုင်ငံထဲမှာ အသတ်ခံလိုက်ရပါတယ်။ စနိုက်ပါတွေက ပစ်သတ်ခဲ့ကြတာပါ။ အဲဒါကိုကြည့်ရင် အဆိုပါအရာရှိကြီးတွေက ရှေ့တန်းအထိဆင်းပြီး ကွပ်ကဲနေကြရပုံပါပဲ။ သူတို့ဘယ်မှာရှိနေတယ် ဆိုတာကို ယူကရိန်းစနိုက်ပါတွေက သိနေပုံထောက်ရင် ရုရှားတပ်တွေထဲက သတင်းပေးတွေကြောင့် ဖြစ်ဖို့များပါတယ်။ ယူကရိန်းကတော့ အဲဒီလိုဒလံတွေ ငှားထားနိုင်မယ် မထင်ပါဘူး၊ အာဏာရှင်ပူတင်လုပ်တာ မဟုတ်မတရားမှန်းသိနေတဲ့ လူသားဆန်တဲ့သူတွေက သတင်းပေးတာပဲဖြစ်မှာပါ။

အဲဒီလို စစ်ဖက်အကြီးအကဲတွေ သေဆုံးသွားတဲ့အတွက် မြို့တော်ကိဗ်ကို ချီလာတဲ့ ရုရှားကွန်ဗွိုင်တွေဟာလည်း ကိဗ်မရောက်ခင် ၁၈မိုင်လောက်မှာ အခက်အခဲတွေကြားက ရှေ့ဆက်ဖို့ ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ တပ်ထဲမှာ စိတ်ဓါတ်ပျက်ပြားမှုတွေ ဖြစ်လာတာတွေ တွေ့နေရပါပြီ။​ ထောက်ပို့တပ်တွေလည်း ဝင်ဖို့မလွယ်တော့ ယူကရိန်းထဲ ရောက်ပြီးရုရှားစစ်သားလေးတွေက ငတ်ပြတ်နေလို့ ယူကရိန်းတွေဆီ လက်နက်ချ အစာတောင်းနေရတာ တွေ့လိုက်ပါတယ်။ ယူကရိန်းပြည်သူတွေကလည်း ဝမ်းပမ်းတသာကျွေးမွေးကြပြီး စစ်သားလေးတွေကို သူတို့ဖုံးနဲ့ မိဘတွေဆီပေးခေါ်တဲ့အခါ လက်နက်ချစစ်သားလေးတွေမှာ မျက်ရည်တွေဝိုင်းပြီး ကျေးဇူးတင်ကြောင်း တဖွဖွ ပြောနေခဲ့ကြပါတယ်။

ကျူးကျော်တပ်တွေက ထင်သလောက် ခရီးမပေါက်တော့ ပေါက်သလောက်ခရီးမှာ ပိုပြီးပြင်းပြင်းထန်ထန် ချနေတာလို့ ထင်ကြေးပေးနေကြပါတယ်။ အနောက်နိုင်ငံအရာရှိတွေက လူနေရပ်ကွက်တွေကို တိုက်ခိုက်တာတွေ တိုးလာနိုင်တယ်လို့ စိုးရိမ်မကင်းဖြစ်နေကြတာပါ။​ ယူကရိန်းတပ်တွေကတော့ ရုရှားကွန်ဗွိုင်တွေ ရှေ့မဆက်နိုင်အောင် တံတားတွေဖြိုနေကြပါတယ်။

ရုရှားထဲမှာလည်း စစ်ဆန့်ကျင်ရေးက ဆယ်လီတွေ ဆိုရှယ်အင်ဖလူရန်စာတွေထဲပါ ရောက်ကုန်ပါပြီ။​ ပူတင်နဲ့ရင်းတဲ့ သူဌေးကြီးတွေရဲ့ သမီးတွေ၊ သမ္မတဟောင်း ဘောရစ်ယလ်ဆင်ရဲ့မြေးမတွေကစလို့ပါပဲ။ အဲဒါကြောင့် ပူတင်အစိုးရက ဖေ့စ်ဘုတ်ကိုပိတ်ပစ်ပြီး စစ်ဆန့်ကျင်တဲ့ သတင်းဌာနတွေ အသံတွေကို လိုက်ပိတ်ဖို့ ကြိုးစားနေတာကြောင့်​ ရုရှားပြည်သူတွေက အရင်လို သံကွန်ချာနောက် ပြန်ရောက်သွားရမှာကို စိုးရိမ်နေကြတာပါ။​ အာဏာရှင်လက်အောက်မှာ သူတို့အကျိုးစီးပွားကို မထိခိုက်သေးလို့ အထိုက်အလျောက် လွတ်လပ်ခွင့်ပေးထားတာကို အဟုတ်မထင်သင့်တဲ့ သာဓကပါပဲ။

အီးယူက ဥရောပမှာ ထုတ်လွှင့်နေတဲ့ ရုရှားနိုင်ငံပိုင် Russia Today, Sputnik တို့နဲ့ သူတို့ရဲ့ အဆွယ်အပွားတွေကို ပိတ်ပင်လိုက်ပါတယ်။ DirectTV က လက်ရှိကန်ထရိုက်သက်တမ်းကုန်ရင် RT America ကို ထပ်တိုးမပေးဖို့ စဥ်းစားနေလို့ ကြေငြာလိုက်ပြီးနောက်  အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ ရုရှားတီဗီနက်ဝေါခ့် RT America ကလည်း ငွေကြေးအကြပ်အတည်းတွေကြောင့် ဝန်ထမ်းအများစုကို ၂လစာပေး အလုပ်ဖြုတ်ပစ်လိုက်ပြီး ထုတ်လုပ်မှုတွေ​ ရပ်ဆိုင်းလိုက်ပါတယ်။​ ပန်းသီးနဲ့ ဂူဂယ်လ်တို့ကလည်း RT app ကို ဘလော့လုပ်လိုက်တာကြောင့် ရုရှားရဲ့ ဝါဒဖြန့်အစီအစဥ်တွေ နိဂုံးချုပ်ဖို့ နီးစပ်လာပြီဖြစ်ပါတယ်။​

နိုင်ငံတကာကုမ္ပဏီတွေလည်း ရုရှားကနေ ထွက်လာကြပြီဖြစ်တာကြောင့် ရုရှားပြည်သူတွေ အလုပ်ကပြုတ်၊ ဝင်ငွေကမရှိ၊ ငွေတန်ဖိုးကကျ၊ ဘဏ်ကငွေထုတ်မရ၊ ကုန်ဈေးနှုန်းတွေကတက်နဲ့ စစ်စရိတ်ထောင်းလို့ နိုင်ငံကြွေးထူလာမှာနဲ့ဆိုတော့ ပြည်တင်းရင် မင်းမခံနိုင်ဆိုသလိုများ ဖြစ်လာမလားလို့ မျှော်လင့်နေကြသူတွေလည်း ရှိနေပါတယ်။

စစ်ပွဲစပြီး ၉ရက်အကြာမှာ ယူကရိန်းနိုင်ငံက လူပေါင်း ၁.၂သန်းက နိုင်ငံကိုစွန့်ခွာထွက်ပြေးကြတယ်လို့ စိုးရိမ်တာပဲတတ်တဲ့ ယူအန်အဖွဲ့ကြီးက ဆိုပါတယ်။ အနှစ် ၄၀အတွင်း အများဆုံး အမြန်ဆုံးထွက်ပြေးကြတာလို့ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက ဆိုပါတယ်။ မတ်လ ၃ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဗုံးဆံထိမှန်မှုကြောင့် အရပ်သား ၁၀၀၆ဦး ထိခိုက်ခဲ့ပြီး အဲဒီထဲက ကလေး ၁၉ဦးအပါအဝင် ၃၃၁ဦး သေဆုံးခဲ့ပါတယ်။​ ဒါက ကုလရဲ့ တရားဝင်စာရင်းအရဖြစ်ပြီး တကယ်တန်း ဒီထက်အများကြီးလည်း ပိုနိုင်တယ်လို့ ဆိုပါတယ်။​ ယူကရိန်းသမ္မတ ဇယ်လန်းစကီး ကနေ့ပြောတာမှာတော့ သူပြောတဲ့အချိန်အထိ ရုရှားစစ်သား ၉,၂၀၀သေဆုံးခဲ့တယ်လို့ဆိုပြီး ရုရှားဖက်ကတော့ သူ့တပ်သား ၄၉၈ဦး အသတ်ခံရကြောင်း သတင်းထုတ်ပြန်ပါတယ်။

စစ်ပွဲကြာလာတာနဲ့အမျှ ရုရှားရဲ့ ပြည်ပကြွေးမြီတွေကို ပြန်မဆပ်နိုင်ဖို့အခွင့်အလမ်းက ကြီးသထက်ကြီးလာတာပါ။​ တိုင်းပြည်စီးပွားရေးကလည်း ၁၀%အထက် ကျုံ့ဝင်သွားမှာဖြစ်လို့ ကရင်မလင်အနေနဲ့ စီးပွားပျက်တာကို ကာကွယ်ဖို့ ထူးထူးခြားခြား လုပ်သင့်တာတွေ အကြိမ်ကြိမ်လုပ်ရနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ လောလောဆယ်တော့ ပြည်သူတွေ ဘဏ်က ပိုက်ဆံပြန်မထုတ်ချင်အောင်နဲ့ ငွေဈေးကျတာကို ကာမိအောင် ဘဏ်တိုးနှုန်းကို ၉.၅% ကနေ ၂၀% ထိ တိုးပေးထားတာပါ။ ဘာပဲဖြစ်ဖြစ် ဒီ၁-၂လထဲမှာ နှစ်စေ့လာတော့မယ့် သန်း ၇၀၀လောက်ရှိတဲ့ ဘွန်းတွေကို ပြန်ဆပ်နိုင်မယ့် အနေအထားတော့ သိပ်မရှိဘူးလို့ သုံးသပ်ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ဒီစစ်ပွဲကို ယူကရိန်းလုံးဝ နိုင်နိုင်ကြောင်း၊ ရုရှားက ယူကရိန်းလက်ရှိအစိုးရကို ဖြုတ်ချပြီး သူတို့ကိုနာခံမယ့်သူကို တင်ဖို့ကြိုးစားတာဆိုရင် ၄၅သန်းသော ယူကရိန်းပြည်သူတွေက တနည်းနည်းနဲ့ ပယ်ချကြမှာဖြစ်ကြောင်း၊ အမေရိကန်က ဒီစစ်ပြီးဆုံးဖို့ ရုရှားမှာ အစိုးရအပြောင်းအလဲဖြစ်တာကို လိုချင်နေတာမဟုတ်ကြောင်း၊ အဲဒါက ရုရှားပြည်သူတွေက ဆုံးဖြတ်ရမှာဖြစ်ကြောင်း၊ သူ့အနေနဲ့ ရုရှားပြည်သူတွေကို ပြောချင်တာက ဒီလိုရန်လိုတဲ့စစ်က မင်းတို့လိုအပ်ချက်တွေ အကျိုးစီးပွားတွေကို ဘယ်လိုဖြစ်ထွန်းစေတာလဲလို့ပဲ မေးချင်ကြောင်း ကနေ့ ဘရပ်ဆဲလ်သံတမန်ဆမ်းမစ်မှာ ပြောကြားသွားပါတယ်။​

ယူကရိန်းသမ္မတ ဇယ်လန်းစကီးကတော့ မပျံသန်းရဇုံသတ်မှတ်ပေးဖို့ ငြင်းဆန်ခဲ့တဲ့ နေတိုးအပေါ် ပျော့ညံ့ပြီး မှန်မှန်ကန်ကန်မစဥ်းစားနိုင်တဲ့ ဆမ်းမစ်အဖြစ် ဝေဖန်ရှတ်ချလိုက်ပါတယ်။ နေတိုးက ရုရှားနဲ့ ထိပ်တိုက်တွေ့မှာကို ရှောင်ရှားချင်တဲ့သဘောရှိပြီး ဆန်ရှင်တွေ တိုးလုပ်ပါမယ်လို့ပဲ ချွေးသိပ်ပေးခဲ့ပါတယ်။ ဇယ်လန်းစကီးက ခင်ဗျားတို့ဆမ်းမစ်မှာ ဘာတွေတွေးနေလဲ၊ လူတွေသေမှာ မတွေးဘူးလား၊ လသားချင်းစာနာတဲ့အနေနဲ့ မတွေးဘူးလား၊ ဒီနေ့ကစပြီး နောက်ထပ်သေတဲ့လူ မှန်သမျှက ခင်ဗျားတို့ပျော့ညံ့လို့၊ မညီညွတ်လို့ဖြစ်ရတာလို့ ပြောဆိုသွားပါတယ်။

ကမလာကလည်း ပိုလန်နဲ့ ရိုမေးနီးယားကို နေတိုးမဟာမိတ်တွေရဲ့ အင်အားကိုပြဖို့ ရှေ့အပတ်မှာ  သွားရောက်လည်ပတ်မယ်လို့ ဆိုပါတယ်။ အဲဒီခရီးစဥ်က ၁၁နေ့အထိဖြစ်ပြီး ယူကရိန်းပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ပြသဖို့လည်းဖြစ်တယ်လို့ ဆိုပါတယ်။​ အဲဒီလိုဖော်ရှိုးတွေလုပ်မယ့်အစား တကယ်ထိထိရောက်ရောက် ကူချင်တယ်ဆိုရင် ရုရှားဆီက ရေနံအဝယ်ရပ်ပြီး ဘူဒါပက်စ်ကတိကဝတ် အတိုင်း ရုရှားကို လိုက်နာအောင် ဖိအားပေးတာက ပိုအကျိုးရှိမှာပါ။ ပူတင့်အိတ်ဖောင်းစေဖို့က သူတို့ရဲ့ဝှက်ဖဲဖြစ်နေရင်တော့ ယူကရိန်းပြည်သူတွေရဲ့ ကံကြမ္မာပါပဲ။

၂၀၂၀တုန်းက အမေရိကန်နဲ့ ရုရှားကုန်သွယ်မှုမှာ အမေရိကန်က ၁၆.၉ဘီလီယံဖိုး တင်သွင်းခဲ့ပြီး ရုရှားက ၄.၈၉ဘီလီယံဖိုး တင်သွင်းခဲ့တာကြောင့် အမေရိကန်က ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၂ဘီလီယံရှိခဲ့ပါတယ်။ ၂၀၂၁မှာတော့ ရုရှားဆီက ၂၉.၆၉ဘီလီယံဝယ်ယူခဲ့ပြီး ရုရှားက အမေရိကန်ဆီက ၆.၃၈ဘီလီယံ ဝယ်ယူခဲ့တာကြောင့် ရုရှားနဲ့ ကုန်သွယ်ရာမှာ အမေရိကန်ရဲ့ ကုန်သွယ်ရေးလိုငွေက ၁၁.၂၉ဘီလီယံတိုးပြီး ၂၃.၃ဘီလီယံ ဖြစ်သွားပါတယ်။​ ၂၀၂၁မှာ ဘိုင်ဒန်တက်လာပြီး ရုရှားက အဓိကတင်သွင်းတာက စက်သုံးဆီ ၁၀.၂၆ဘီလီယံ၊ ရေနံစိမ်း ၄.၇ ဘီလီယံ၊ သတ္တု ၂.၅၉ဘီလီယံ၊ ရေနံထွက်ပစ္စည်း ၂.၅၂ ဘီလီယံ၊ စတီးထုတ်လုပ်တဲ့ကုန်ကြမ်း ၁.၆ဘီလီယံ၊ ငါးပုဇွန် ၁.၂ ဘီလီယံ၊ ဓါတ်မြေဩဇာ ၁.၁၇ ဘီလီယံ စတာတွေဖြစ်တာကြောင့် တိုးလာတဲ့ ၁၁.၂၉ဘီလီယံက စက်သုံးဆီ၊ ရေနံစိမ်းနဲ့ ရေနံထွက်ပစ္စည်းတွေမှာ ဖြစ်ပုံရပါတယ်။

အဲဒီကုန်သွယ်မှုကိုကြည့်ရင် ဘိုင်ဒန်အစိုးရက ကိုယ့်တိုင်းပြည်ထဲမှာ အလျံပယ်ထွက်နေတဲ့ ရေနံနဲ့ ဓါတ်ငွေ့တူးဖော်မှု အိမ်ဖြူရောက်ရောက်ချင်း အလျင်စလို ပိတ်ပစ်တာတွေက လူရမ်းကားပူတင်ကို ကြက်ဥတိုက်သလို ဖြစ်နေတဲ့အပြင် ယူကရိန်းတွေကို သတ်ဖြတ်နေတဲ့ ကျည်ဖိုးတွေထဲမှာ အဲဒီပိုက်ဆံတွေလည်း ပါတယ်လို့ ပြောလို့ရပါတယ်။ နော့သ်ဒါကိုတာက ဆီနိတ်တာက သူ့တစ်ပြည်နယ်ထဲက ရေနံကတင် ရုရှားကတင်သွင်းနေရတာအများစုကို ကာဗာဖြစ်နိုင်တဲ့အပြင် မဟာမိတ်တွေကိုပါ တင်ပို့နိုင်တယ်လို့ဆိုပြီး ရေနံတူးခွင့် ပြန်ဖွင့်ပေးဖို့ ဘိုင်ဒန်ကို တိုက်တွန်းလိုက်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: