မတ်လ ၁၂ ရက် ၂၀၂၂

မတ်လ ၁၃ရက်နေ့ အစောပိုင်းမှာ အီရတ်နိုင်ငံထဲက အာဘေလ်မြို့ အမေရိကန်ကောင်စစ်ရုံး ဆောက်နေတဲ့နေရာအနားကို တာဝေးဒုံးကျည် ၁၂စီးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အီရတ်နယူးစ်အေဂျင်စီက ဆိုပါတယ်။ လူထိခိုက်သေကျေမှုတော့ မရှိခဲ့ပါဘူး။ ပစ်ခတ်ခဲ့တာ အီရတ်နိုင်ငံအတွင်းက မဟုတ်တော့ အီရန်ထောက်ခံမှုပေးထားတဲ့ အဖွဲ့တွေက ပြုလုပ်ခဲ့တာလို့ ခန့်မှန်းကြပါတယ်။ အဆိုပါတိုက်ခိုက်မှုကို အပြင်းအထန်ဝေဖန်နေကြပြီး ရန်လိုတဲ့အီရန်ကို နျူလက်နက်ပိုင်ဆိုင်မှု ရှိမလာအောင်နဲ့ အီရန်ဆီက ရေနံမဝယ်ကြဖို့ ရီပါဘလစ်ကန်အမတ် လီဆာမက်ကလိန်းက တိုက်တွန်းလိုက်ပါတယ်။ အခုလို ရန်လိုတဲ့နိုင်ငံဆီက လောင်စာဝယ်ဖို့ ခယမယ်ဆိုရင်တော့ ဒါက တော်ရုံအမှားထက်တော့ အများကြီးပိုမှာပါ။

ဖေဖေါ်ဝါရီလအတွက် ငွေဖောင်းပွမှုက ၇.၉% ရှိခဲ့တဲ့အတွက် အနှစ် ၄၀အတွင်း နောက်ထပ်စံချိန်တင်မြင့်တက်မှု ဖြစ်ပါတယ်။ ဘိုင်ဒန်ကတော့ ပူတင်က ယူကရိန်းနယ်စပ်မှာ တပ်သား တစ်သိန်းခွဲသွားထားခဲ့တဲ့ ဇန်နဝါရီလထဲက ဓါတ်ဆီဈေး တစ်ဂါလံကို ၇၅ဆင့် တက်သွားတယ်ဆိုပြီး ဆီဈေးကြီးတာနဲ့ ငွေဖောင်းပွတာအပါအဝင် အမေရိကန်တွေ နေ့တဓူဝ ရင်ဆိုင်နေရတဲ့ ပြဿနာအများစုက ပူတင်ကြောင့်ဆိုပြီး ပုံချလိုက်ပါတယ်။ ငွေဖောင်းပွတာက အစိုးရက အသုံးကြီးလုံးလို့ ဆိုတာကိုတော့ မမှန်ဘူးလို့ ငြင်းဆိုပါတယ်။

သမိုင်းမှာ အစိုးရအသုံးစရိတ်ကြီးတာနဲ့ ငွေစက္ကူတွေ တိုးတိုးရိုက်နေတာနဲ့က အမြဲလို ငွေဖောင်းပွမှုရဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်ကြပါတယ်။ တခြားနိုင်ငံမှာ စစ်ဖြစ်လို့ အမေရိကန်မှာ ငွေဖောင်းပွတယ်ဆိုတာကတော့ ညောင်ဦးကမ်းပါးပြိုတာနဲ့ စမ္ပာနဂိုရ်က နွားမပေါင်ကျိုးသလို ကလေးကလားနိုင်တဲ့ ဆက်စပ်မှုတခုပါပဲ။ ဘိုင်ဒန့်ပြန်/ဝန်ကလည်း ငွေဖောင်းပွမှုအကြောင်းမေးတိုင်း စီးပွားရေးသုံးသပ်သူတွေက ယာယီပါလို့ပြောကြောင်း အမြဲဖြေလာတာပါ။ ယာယီမဖြစ်နိုင်တာတော့ အခြေခံစီးပွားရေးတီးမိခေါက်မိရှိသူတိုင်း သိနိုင်ပါတယ်။​ ဘိုင်ဒန်ရဲ့ ဘဏ္ဍာရေးဝန်ကြီး ဂျက်နက်ယဲလင်ကလည်း နိုဝင်ဘာ ၂၀၂၁တုန်းက အင်တာဗျူးမှာ ငွေဖောင်းပွမှုက ပန်ဒဲမစ်ကြောင့်ပါလို့ ပုံချသွားပါတယ်။ သူမက ၂၀၁၄ကနေ ၂၀၁၈အတွင်း ဖက်ဒရယ်ရီဆာဗ်ဥက္ကဌလုပ်ခဲ့သူပါ။

၂၀၀၈ခုနှစ်ကစပြီး ဗဟိုဘဏ်တွေက ကမ္ဘာ့ဈေးကွက်ထဲကို ဒေါ်လာငွေ ၂၅ထရီလီယံ ရိုက်ထဲ့ခဲ့ပြီး အဲဒီထဲမှာ ကပ်ပိုးကြောင့်က ၉ထရီလီယံကျော် ပါဝင်နေပါတယ်။ အဲဒီတော့ ပန်ဒဲမစ်တခုထဲကြောင့်ဆိုတာ မမှန်ဘူးလို့ ဆိုရမှာပါ။​ ဘိုင်ဒန်တက်လာပြီးမှ လုပ်တဲ့ထဲမှာ ငွေဖောင်းပွမှုနဲ့ ဆီဈေး၊ အထွေထွေကုန်စည်ဈေး တက်ရတဲ့ အဓိက အကြောင်းရင်းတခုကတော့ သိပ္ပံပညာနဲ့ သက်သေမပြနိုင်တဲ့ ဂလိုဘယ်ဝမ်းမင်းပဲ ဖြစ်ပါတယ်။

ပူတင်က စစ်ပြင်နေတာ လအတော်ကြာခဲ့ပြီး ဘိုင်ဒန်တို့ဘက်ကလည်း စီးပွားရေးဆန်ရှင်တွေ လုပ်မယ်လို့ တံခါးပိတ်အစည်းအဝေးတွေနဲ့ ပြင်ဆင်နေတာလည်း လနဲ့ချီခဲ့ပါပြီ။ ဆီဈေးတက်တာနဲ့ ကုန်ဈေးနှုန်းတွေတက်တာ ဘိုင်ဒန်တက်ထဲက သူ့ပေါ်လစီတွေကြောင့်ဖြစ်တာလို့ ဆိုရပေမယ့် ရုရှားကျူးကျော်စစ်ကြောင့်ဖြစ်ရတဲ့ နောက်ဆက်တွဲတွေမှာ ဆီဈေးပိုတက်သွားတာအပြင် ရုရှားနဲ့ ဘယ်လာရုစ်က ကမ္ဘာမှာ ဓါတ်မြေဩဇာအထွက်ဆုံးနိုင်ငံတွေဖြစ်တဲ့အတွက် ဓါတ်မြေဩဇာဈေးတွေ ဂျုံဈေးတွေလည်း တက်သွားပါတယ်။ တကယ်လို့များ ဘိုင်ဒန်အစိုးရက ပြည်သူ့မျက်နှာကို ကြည့်တဲ့ အစိုးရဖြစ်ခဲ့ရင် ပြည်သူတွေကို စစ်ဖြစ်ရင်ဖြစ်လာမယ့် နောက်ဆက်တွဲတွေကို ပြည်သူကို တိုက်တွန်းပြီးဖြစ်စေ အစိုးရကလုပ်လို့ရတဲ့အပိုင်းကဖြစ်စေ ဝင်ပြီး အထိနည်းအောင် စီမံမှာပါပဲ။ တရုပ်ပြည်တောင်မှ စားစရာတွေ အကြီးအကျယ်ဝယ်စုနေခဲ့တာ လအနည်းငယ်ကြာခဲ့ပြီပဲလေ။

ဒါပေမဲ့ ဘိုင်ဒန်အစိုးရက ပြည်သူအထိနည်းအောင် စီမံရမဲ့အစား ဒီမိုကရက်ပါတီတွင်းက ထင်ရှားသူတချို့ကတော့ စစ်ပွဲဖြစ်ကိုဖြစ်မှာ ကြိုသိနေသလလိုပါပဲ၊ စစ်ကြောင့် ဈေးတက်သွားတဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ပြီး အကြီးအကျယ် အမြတ်ထွက်သွားကြပါတယ်။ တချို့ဆိုတာက ဘယ်လောက်များများပါဝင်တယ်ဆိုတာ အတိအကျပြောဖို့ ခက်လို့ပါ။​

ဒီမိုကရက်ပါတီရဲ့ ဥက္ကဌဟောင်း ဒက်ဘီဝက်ဆာမင်ရှုလ်ဇ်က ဇန်နဝါရီလနှောင်းပိုင်းမှာ ရေနံနဲ့ ဓါတ်ငွေ့တူးတဲ့ ကုမ္ပဏီတခုရဲ့ စတော့တွေ ဝယ်ခဲ့လို့ စစ်လဲဖြစ်ရော ၆၀%လောက် မြတ်သွားတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်က ဘိုင်ဒန်က စွမ်းအင်တွေ ဈေးကျမယ်လို့ ပြောနေခဲ့တာပါ။ (စတော့လောကမှာ ဈေးကျမယ်လို့ ကောလဟလလွှင့်ရင် ထုတ်ရောင်းတတ်ကြလို့ ဈေးကျတတ်တာကြောင့် ဈေးအနိမ့်နဲ့ ဝယ်ချင်သူတွေက အဲဒီလို အလံရှူးတာလည်း လုပ်လေ့ရှိကြပါတယ်။) သူမက အောက်လွှတ်တော်ရဲ့ စွမ်းအင်နဲ့နိုင်ငံတော်လုံခြုံရေးဆပ်ကော်မီတီမှာ ပါဝင်နေသူဖြစ်ပါတယ်။

နောက်အမတ်တဦးဖြစ်တဲ့ လိုဝက်စ်ဖရန်ကယ်လ်ကလည်း စွမ်းအင်ဆပ်ကော်မီတီမှာ ပါဝင်နေပြီး ဇန်နဝါရီလဆန်းမှာ ရေနံစွမ်းအင်ကုမ္ပဏီနှစ်ခုရဲ့ စတော့တွေကို ဝယ်ထားတာပါ။ ကျန်တဲ့စတော့တွေ ပြုတ်ကျနေချိန်မှာ အဲဒီစတော့နှစ်ခုကတော့ အတက်ကြမ်းနေခဲ့ပါတယ်။ သူမဆိုရင် လက်ဝဲစွန်းပရိုဂရက်ဆစ် ဂရင်းစွမ်းအင်ဖက်က ရှေ့နေလိုက်သူဖြစ်ပေမယ့် နေစွမ်းအင် လေစွမ်းအင်ကုမ္ပဏီတွေရဲ့ စတော့တွေကို မဝယ်ပဲ ရေနံတူးတဲ့ ကုမ္ပဏီတွေရဲ့ စတော့တွေကို ဝယ်ထားတာပါ။

ဆီးနိတ်မှာလည်း လက်နက်ဆားဗစ်စ်ကော်မီတီဝင် တော်မီတူဘယ်ဗေးလ်ကလည်း ရေနံကုမ္ပဏီကြီးနှစ်ခုရဲ့ စတော့တွေကို စစ်မစခင် တလလောက်ထဲက ကြိုဝယ်ထားပြီး အမြတ်အစွန်းတွေ ရနေခဲ့တာပါ။ ဒလဝဲက ဆီးနိတ်တာ တောမတ်စ်ကာပါကလည်း ကမ္ဘာ့အကြီးဆုံး ဓါတ်မြေဩဇာထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ စတော့တွေကို ဝယ်ထားပါတယ်။ သူလည်း ဇန်နဝါရီကနေ နှစ်လမပြည့်ခင် အမြတ် ၄၀% ရထားသူပါပဲ။ အထက်ပါအမတ်တွေအားလုံးကို ဖောက်စ်နယူးစ်က ဂျက်ဆီဝပ်တားစ်တို့အဖွဲ့က ဆက်သွယ်မေးမြန်းခဲ့တာမှာ တောမတ်စ်ကာပါတဦးကသာ သူ့ရင်းနှီးမြှုပ်နှံမှုတွေကို သီးခြားလွတ်လပ်တဲ့ ငွေကြေးအကြံပေးအဖွဲ့က ကိုင်တွယ်တယ်လို့ အကြောင်းပြန်ပါတယ်။ အဲဒီအဖွဲ့ကလည်း စစ်ဖြစ်မှာ ကြိုသိနေပုံပါပဲ။ ပြည်သူဒုက္ခတွေ့သလောက် အမတ်မင်းများ ရွှေတွင်းတွေ့သလို ဖြစ်နေတာပါ။ အဲဒါကြောင့်လည်း ဒီစစ်ပွဲကို ဘာမှမဖြစ်သလို အေးအေးဆေးဆေး တုန့်ပြန်နေနိုင်တာလို့ ထင်ပါတယ်။

အပြင်လူတွေက အခုလို အတွင်းသတင်းနဲ့ စတော့ဝယ်/ရောင်းရင် ထောင်ကျရတာ မာသာစတီးဝပ်တောင် ပါပါသေးတယ်။ ဒါပေမဲ့ ကွန်ဂရက်စ်က အမတ်တွေကို အရေးယူဖို့ ဥပဒေကို သူတို့က ပြဌာန်းဖို့ ငြင်းဆန်နေကြတာပါ။ ဂျက်ဆီတို့ကတော့ နောက်ထပ်လည်း လိုက်စုံစမ်းပြီး အင်ဆိုက်ဒါထရေးဒင်းလုပ်တဲ့ အမတ်တွေအကြောင်း ဖော်ထုတ်သွားဦးမယ်လို့ ဆိုပါတယ်။  

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: