မတ်လ ၁၅ ရက် ၂၀၂၂

အမေရိကန်တွေ နှစ်စဥ် တနှစ်ကို နှစ်ကြိမ် တစ်နာရီရှေ့တိုးလိုက် တစ်နာရီနောက်ဆုတ်လိုက်နဲ့ နေ့တာရှည်တဲ့နွေရဲ့ အလင်းရောင်ကို အကောင်းဆုံးအသုံးချဖို့ ကြိုးစားနေခဲ့ကြတာတွေကို ၂၀၂၃ ဆောင်းဦးရာသီကစပြီး ပြောင်းစရာမလိုတော့အောင် Daylight Saving Time ကို အမြဲထားရှိသွားဖို့ အထက်လွှတ်တော်က ဒီကနေ့မဲခွဲအတည်ပြုခဲ့ပါတယ်။ အခုခေတ်မှာတော့ လူတိုင်းလက်ကိုင်ဖုံးသုံးနိုင်နေပြီဖြစ်လို့ မသိသာပေမယ့် အရင်ကတော့တနှစ်ကိုနှစ်ကြိမ် ကမောက်ကမတွေဖြစ်တယ်လို့ ပြောလို့ရပါတယ်။ လောလောဆယ်မှာတော့ မတ်လတခါ နိုဝင်ဘာတခါ ပြောင်းနေရတာပါ။

အမေရိကန်မှာ ဓါတ်ဆီဈေးတွေ မြင့်တက်လာတာနဲ့အမျှ ဆီခိုးမယ့်အလားအလာတွေ တိုးလာနေတာကြောင့် အပြင်မှာညအိပ်တဲ့ ကားတွေကို ဆီတိုင်ကီကို အတွင်းက သော့ရှိသည့်တိုင် အပြင်ကနေ သော့ကောင်းကောင်းထပ်တပ်ဖို့၊ ဖြစ်နိုင်ရင် ဂိုထောင်ထဲမှာ ထားကြဖို့၊ အပြင်မှာထားမယ်ဆိုရင်လည်း မီးကောင်းကောင်းရှိတဲ့နေရာတွေမှာ ဆီတိုင်ကီပေါက်ကို လမ်းက လှမ်းမြင်နိုင်အောင် ရပ်ဖို့၊ ရက်ရှည် ရပ်မထားဖို့၊ မသင်္ကာစရာတွေ့ပါက ရဲခေါ်ဖို့ စသဖြင့် ဝါရှင်တန်ပြည်နယ် ရန်တွန်ရဲဌာနက ညွှန်ကြားထားပါတယ်။ ခိုးဖို့ သန္ဓိဌာန်ချထားတဲ့ သူခိုးကတော့ ရအောင်ခိုးမှာဖြစ်ပေမယ့် ကားချင်းယှဥ်ရင် လွယ်မယ့်ကားကို ရွေးကြမှာကြောင့် မလွယ်အောင်လုပ်ထားဖို့လိုကြောင်း ပြောထားတာပါ။

အနောက်နိုင်ငံတွေက ယူကရိန်းကို ကယ်ဖို့ ယတိပြတ်ဆုံးဖြတ်ထားပုံ သိပ်မရနေပေမယ့် ရုရှားရဲ့ အန္တရာယ်ကို ပိုနားလည်တဲ့ ပိုလန်၊ စလိုဗေးနီးယားနဲ့ ချက်ခ်ရီပါ့ဘလစ်တို့က ခေါင်းဆောင်တွေက ရုရှားတွေ ဗုံးကြဲတိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံကို စွန့်စွန့်စားစား သွားရောက်ပြီး သမ္မတ၊ ဝန်ကြီးချုပ် တို့ကို အားပေး ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါ ၃နိုင်ငံစလုံးက နေတိုးအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့အတွက် သူတို့အပေါ် တစုံတရာထိခိုက်လာရင် နေတိုးကပါ ပါဝင်လာမလားဆိုတာ စိတ်ဝင်စားစရာ အနေအထားတခုဖြစ်ပါတယ်။​ သူတို့သွားရောက်ခဲ့တာ နေတိုးအနေနဲ့လည်းမဟုတ်၊ တနိုင်ငံချင်းအနေနဲ့လည်းမဟုတ်ပဲ ဥရောပသမဂ္ဂရဲ့ ယူကရိန်း အချုပ်အချာအာဏာအပေါ် မဆုတ်နစ်တဲ့ ထောက်ခံမှုကို ပြသဖို့နဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေ အတွက် ကူညီဖို့ အဆင်သင့်ရှိကြောင်း ပြသဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ အက်စ်တိုးနီးယားနိုင်ငံကလည်း ယူကရိန်းအပေါ် မပျံသန်းရဇုံ သတ်မှတ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ အက်စ်တိုးနီးယားပါလီမန်ကတော့ အဲဒီလိုသတ်မှတ်ပေးဖို့ နေတိုးကို တောင်းတာမဟုတ်ပဲ ယူအန်ကို တောင်းဆိုတာဖြစ်ပါတယ်။ အက်စ်တိုးနီးယားပါလီမန်က ယူအန်အဖွဲ့ဝင်နိုင်ငံတွေကို သူတို့ရဲ့ ကောင်းကင်နဲ့ ဆိပ်ကမ်းတွေ လေဆိပ်တွေကို ရုရှားကို ပေးမသုံးဖို့ တိုက်တွန်းထားတာပါ။အရင်ဆိုဗီယက်ဆက်တဲလိုက်တွေဖြစ်တဲ့ အဆိုပါနေတိုးနိုင်ငံတွေကတော့ အနောက်ကမ္ဘာထက်စာရင် ယူကရိန်းကို အများကြီးပိုပြီး စာနာနိုင်ကြမှာပါ။  

ရုရှားက သူတို့အပေါ်ဆန်ရှင်လုပ်ထားတာကို လက်တုန့်ပြန်တဲ့အနေနဲ့ အမေရိကန် ၁၃ဦးကို ဆန်ရှင်လုပ်လိုက်ပါတယ်။ အဲဒီထဲမှာ ဘိုင်ဒန်တို့ သားအဖ၊ ဟေလာရီ၊ နိုင်/ဝန် တိုနီ ဘလင်ကန်၊ ကာ/ဝန် လွိုက်ဒ်အော်စတင်၊ ဗိုလ်ချုပ်ကြီး မာခ်မီလီ၊ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်၊ အိမ်ဖြူပြန်ဝန် ဂျန်ဆာကီ၊ အမေရိကန်အေဂျင်စီတခုဖြစ်တဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးအရာရှိ ဆာမန်သာပါဝါ စသူတွေပါဝင်ပြီး သူတို့ကို ရုရှားနဲ့ အဆင့်မြင့်ဆက်ဆံမှုတွေ မပြုလုပ်နိုင်အောင် တားမြစ်တားတာတော့ မရှိဘူးလို့ ဆိုပါတယ်။ ရုရှားတွေက အမေရိကန် ၁၃ဦးအပြင် ကနေဒီယန် ၃၁၃ဦးကိုလည်း ဆန်ရှင်လုပ်ခဲ့တာပါ။

ကနေ့ထုတ်ပြန်တဲ့ နယူးယောက်ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနကို စစ်ဆေးခဲ့တဲ့ စာရင်းစစ်အစီရင်ခံစာထဲမှာ တာဝန်ရှိသူတွေက လူအိုရုံတွေမှာ ကပ်ပိုးကြောင့် သေတဲ့လူနာတွေကို ၅၀%ကျော်အထိ လျော့ပြထားတယ်လို့ ဆိုပါတယ်။ အဲဒီလိုလျော့ပြထားတာ အနည်းဆုံးတောင် ၄,၁၀၀ ရှိတယ်လို့ သိရပါတယ်။ လျော့ပြရတဲ့အကြောင်းရင်းကတော့ အဲဒီတုန်းက ဂါဗာနာ ကိုမိုက တခြားပြည်နယ်တွေနဲ့ယှဥ်ရင် စီမံခန့်ခွဲတာ ပိုကောင်းတယ်ဆိုတာ ပြချင်တာကြောင့်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အထက်ပါသတင်းမှာ အုပ်ချုပ်သူကို ဖာချင်လို့ နံပါတ်တွေ လျော့ပြခဲ့ပေမယ့် တချို့နေရာတွေမှာတော့ ဆေးရုံတွေက ကပ်ပိုးကြောင့်သေတဲ့လူနာတွေများလေ အစိုးရဆီက ဘတ်ဂျက်တောင်းလို့ကောင်းလေ ဖြစ်တာကြောင့် ဘာရောဂါနဲ့ပဲသေသေ ကပ်ပိုးသံသယလို့ ပြလိုက်ကြတာတွေလည်း ရှိနေပါတယ်။ ကာ/ဆေးမှာလည်း အဲဒီလိုပါပဲ။ ထိုးစေချင်ရင် ကောင်းတဲ့အကောင်းကိုပဲ ကွက်မီးမောင်းထိုးပြထားပြီး ပြဿနာရှိတဲ့အပိုင်းတွေကို သေချာစာရင်း မပြုစုပဲ အမှောင်ထဲမှာ ထားထားကြတာဖြစ်ပါတယ်။ ဘယ်သူဘာပဲပြောပြော ကာလာမသုတ်ကို အမြဲသတိရပြီး အကျိုးအကြောင်း ဖြစ်နိုင်/မဖြစ်နိုင် ဆက်စပ်စဥ်းစားဆင်ခြင်နိုင်မှသာ တန်ခါကျမယ်လို့ ပြောချင်ပါတယ်။

လွှတ်တော်နှစ်ရပ်က အတည်ပြုလိုက်တဲ့ ၁.၅ထရီလီယံသုံးစွဲမယ့် စာမျက်နှာပေါင်း ၂,၄၇၁ရှိတဲ့ ဘေလ်မှာ ကပ်ပိုးတိုက်ဖျက်ဖို့ ၁၅.၆ဘီလီယံကိုတော့ ရီပါဘလစ်ကန်တွေကန့်ကွက်လို့ ဖြုတ်ချပေးခဲ့ပေမယ့် ယူကရိန်းက ၁၄ဘီလီယံ၊ ကာကွယ်ရေးမဟုတ်တဲ့ဌာနတွဗက ၇၃၀ဘီလီယံ၊ ကာကွယ်ရေးဘတ်ဂျက်က ၇၈၂ဘီလီယံတွေအပြင် ပြည်တွင်းအခွန်ဌာနကို မနှစ်ကထက် ၆၇၅သန်းတိုးပြီး ၁၂.၆ဘီလီယံထိ ပေးထားတာကြောင့် အိုင်အာအက်စ်က အနှစ် ၂၀အတွင်း အများဆုံးဘတ်ဂျက်တိုးရတာအဖြစ် စံချိန်တင်သွားပါတယ်။ အဲဒီလောက်တိုးရတဲ့အကြောင်းကတော့ ကော်ပိုရေးရှင်းကြီးတွေနဲ့ လူချမ်းသာတွေနောက်ကို လိုက်စစ်ဖို့ ဖြစ်ပါတယ်။​ ထရမ့်လက်ထက်က standard deduction ကို တိုးမြှင့်သတ်မှတ်လိုက်ပြီး အခွန်ဆောင်ဖို့ လွယ်အောင်လုပ်လိုက်တာက ပြည်တွင်းအခွန်ဌာနက စစ်ဆေးရတဲ့ ဝန်နဲ့ လူ/ငွေအင်အားလိုအပ်မှုကို လျော့ချနိုင်အောင်ဖြစ်ပါတယ်။

အရင် အကြိမ်ကြိမ်ရေးခဲ့ဖူးသလိုပဲ​ အစိုးရဌာနတွေ အင်အားကြီးလာတာ ဘယ်လောက်ပဲ ခေါင်းစဥ်လှလှပေးထားထား ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။​ အဲဒီဘတ်ဂျက်ထဲက အများစုဖြစ်တဲ့ ၅.၄ဘီလီယံက enforcement အတွက်သုံးမှာဖြစ်ပါတယ်။​ ဆိုလိုတာက အိုင်အာအက်စ်က သူတို့ရဲ့ အာဏာပြင်းတဲ့ Criminal Investigation Division (CID) ကို အများကြီးပို အားကောင်းအောင် လုပ်တော့မှာပါ။​ အခွန်ရှောင်ချင်တဲ့သူတွေ မသမာသူတွေနောက်လိုက်တာ မကောင်းဘူးလားလို့ မေးရင်တော့ အဲဒီအတိုင်း သမာသမတ်ကျကျလုပ်မယ်ဆိုရင်တော့ မဆိုးပါဘူး။

ဆိုးနိုင်တာက နိုင်ငံရေးသမားတွေက အိုင်အာအက်စ် အထူးသဖြင့် CID ကို ပြိုင်ဖက်နိုင်ငံရေးသမားတွေကို အောက်လုံးထိုးဖို့ လက်နက်တခုအနေနဲ့ အသုံးချတတ်ကြတာကြောင့် ဖြစ်ပါတယ်။​ သမိုင်းကို ပြန်ကြည့်ရင် အက်ဖ်ဒီအာ၊ နစ်ဆင်၊ ဂျေအက်ဖ်ကေ၊ ဂျွန်ဆင်စတဲ့သမ္မတတွေအားလုံးက အိုင်အာအက်စ်ကို ပြိုင်ဖက်တွေကို ဒုက္ခပေးဖို့ သုံးခဲ့ကြတာဖြစ်ပါတယ်။​ အခုခေတ်မှာလည်း နာမည်ရလာတဲ့ ရီပါဘလစ်ကန်တွေ၊​ ဒီမိုကရက်တွေကြိုးဆွဲတိုင်းမကတဲ့ ခရစ်ယာန်အဖွဲ့အစည်းတွေ၊ ကိုယ်ဝန်ဖျက်ချတာကို ဆန့်ကျင်သူတွေ၊​ စတာတွေကို နည်းမျိုးစုံနဲ ဒုက္ခပေးနေကြတာပါ။​ အသံထွက်လာရင် ဆင်ဆာလုပ်ခံကြရပြီး မီဒီယာကြီးတွေက ဖော်ထုတ်ဖို့ စိတ်မဝင်စားကြတဲ့အတွက် လူသိပ်မသိကြပေမဲ့ ကြိုးစားရှာရင် တွေ့လာပါလိမ့်မယ်။​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: