တနေ့က မူအကြောင်းရေးပြီးတော့ တချို့လည်း ဘာဖြစ်ဖြစ်ကွာ ထရမ့်မဟုတ်ရင်ပြီးရော ဆိုတာတွေလည်း တော်တော်များပါတယ်။ ဒီနေရာမှာ ဘာဖြစ်လို့များ အဲဒီလောက်တောင် မုန်းနေရတာလဲဆိုတာကို စေ့ငုဖို့ လိုပါလိမ့်မယ်။ ကိုယ့်ကိုတောင် ကောင်းကောင်းမသိတဲ့လူတချို့က ကိုယ့်ကို အသားလွတ်မျက်မုန်းကျိုး၊ အတင်းတုတ်နေတာမျိုးတွေ ကြုံဖူးကြမှာပါ။ အဲဒီလိုပါပဲ၊ အထင်နဲ့အမြင်ဆိုတာ တထပ်တည်း ကျခဲတယ်ဆိုတာကို သိရင် ဆင်ခြင်လို့ ရပါပြီ။
ထရမ့်အကြောင်း မှိုင်းတိုက်ထားကြတာတွေထဲက တချို့ကို ရှင်းပြရမယ်ဆိုရင် သူဟာအရည်အချင်းမရှိပဲ အမွေရလို့ ချမ်းသာလာတာလို့ ပြောကြပါတယ်။ မဟုတ်ပါဘူး။ သူတို့ ညီအကိုမောင်နှမတွေကြား ဘာလို့ သူတဦးပဲ ထွန်းပေါက်လာလဲဆိုတာ အဖြေပါပဲ။ (သူအချစ်ဆုံးအကိုကြီးက အရက်ရဲ့ ကျေးကျွန်အဖြစ် သိပ်မကြီးခင် ဆုံးပါးသွားတာပါ။ မဆုံးခင် သူ့ကို အရက်ဘယ်တော့မှ မသောက်ဖို့ ကတိတောင်းခဲ့လို့ ဘယ်တုန်းကမှ တစ်တို့ တစ်ငုံတောင် မသောက်ခဲ့တာပါ။) သူ့ရဲ့ စီမံခန့်ခွဲမှုနဲ့ ပတ်သက်ရင် နယူးယောက်စန်ထရယ်လ်ပါ့ခ်က ဝူလ်မန်စကိတ်ကွင်းအကြောင်းဖတ်ကြည့်ပါ။ အလုပ်အကိုင်အသစ်တွေလုပ်တာမှာ ကျန်တဲ့လူတွေလိုပဲ အောင်မြင်တာရှိသလို မအောင်မြင်တာ ရှိခဲ့တာပါပဲ။ အောင်မြင်တာများလို့ ဒီအခြေအနေအထိဖြစ်လာတာပါ။ စွန့်စားရဲတယ်ဆိုတာက အဓိက ကျပါတယ်။ နိုင်ငံရေးသမားတွေ အာဏာရှင်တွေ စီးပွားရေးမလုပ်ပဲ ချမ်းသာလာတာကမှ မေးခွန်းထုတ်စရာပါ။ အဲဒီလူတွေမှာ ကိုယ့်လုပ်အားနဲ့ စွန့်စားပြီး အောင်မြင်ရင်စံ၊ ရှုံးရင်ခံရဲတဲ့ သတ္တိမရှိလို့ နိုင်ငံရေးနယ်မှာလည်း သူများခြိမ်းခြောက်တိုင်း ကြောက်ပြီး လူဆိုးကို လာဘ်ထိုးနေရတာ အကျည်းတန်လှပါတယ်။
သမီးကို လက်ထပ်မယ်လို့ပြောတယ်ဆိုတာ အိမ်ထောင်ချပေးရမယ့် အရွယ်ရောက်လာတဲ့ သမီးနဲ့ ပါတ်သက်ပြီး တီဗီအင်တာဗျူးကြတဲ့ အမျိုးသမီးတွေက မေးတာမှာ သူကလှတယ် ထက်မြက်တယ်၊ ငါ့သမီးမဟုတ်ရင် ငါသူ့ကို ဒိတ်လုပ်မှာ လက်ထပ်မှာလို့ ဖြေတာပါ။ ပြောရရင် မားကက်တင်းပါပဲ။ အဲဒီအင်တာဗျူးကိုလည်း ကမ္ဘာသိ ထုတ်လွှင့်တာပါ။ ကြာခဲ့ပါပြီ၊ အခုသူ့သမီး ကလေး ၃ယောက်မိခင်ဖြစ်နေတာတောင် ကြာနေပါပြီ။ အဲဒီတုန်းက တကမ္ဘာလုံးအုတ်အော်သောင်းနင်းမဖြစ်ပဲခုမှ ဖြတ်ညှပ်ကပ်တွေနဲ့ လိုရာဆွဲပြောလို့ ပွလာတာပါ။ ညစ်ညမ်းတဲ့ဓါတ်ခံရှိရင်တော့ အညှီအဟောက်သတင်းကို စွဲမှာပါပဲ။
ပွန်းစတားက စွပ်စွဲတဲ့အမှုမှာလည်း နဂိုအမှုမှာရော အယူခံမှာပါ နိုင်လို့ ပွန်းစတားကိုတောင် တရားစရိတ်အတွက် နစ်နာကြေးပြန်ရအောင် တရားပြန်စွဲထားပါပြီ။ ကလင်တန်တို့ အိုဘားမားတို့ ဘိုင်ဒန်တို့လို ရာဇအိန္ဒြေမရှိပဲ မိန်းမမြင်လိုက်ငမ်း၊ လိုက်ဖက်၊ အိမ်ဖြူမှာ သူများသမီးပျိုကို ဖျက်ဆီးတာတို့ စတဲ့ ကာယကံပြစ်မှုတွေထက် ငယ်တုန်းက ယောက်ကျားတွေချည့်ရှိတဲ့နေရာမှာ လွတ်လွတ်လပ်လပ်ပြောတာက ပိုအပြစ်ကြီးနေသလိုလို ပြောနေကြတာက နဲနဲတော့ လွဲနေပါတယ်။ တိုင်းပြည်ချစ်တာ မှန်တယ်၊ အရက်မသောက်တာမှန်ပေမယ့် သူ့ကိုယ်သူ သူတော်ကောင်းလို့ ဘယ်တုန်းကမှ မပြောပါဘူး။ အခုဟာလည်း ဂေါပကရွေးနေတာမဟုတ်ဘူးလေ။ အာဏာရှင်တွေကို ဇိကုတ်ထားပြီး တိုင်းပြည်ကို ချမ်းသာအောင် လုံခြုံအောင် ကမ္ဘာကြီး တည်ငြိမ်အောင် လုပ်ပေးနိုင်မယ့်ခေါင်းဆောင် ရွေးနေတာ။
လာဘ်စားတယ်၊ အခွန်ရှောင်တယ်ဆိုတာတွေကလည်း တကယ့်ဖိတ်ခ်နယူးစ်တွေပါ။ အိုင်အာအက်စ်က နဲနဲလေးမှားရင်တောင် ထောင်ထဲပို့ဖို့ အဆင်သင့်ဖြစ်နေတာရယ်၊ အက်ဖ်ဘီအိုင်၊ စီအိုင်အေစတာတွေက ရုရှားအမှုမှာ မဟုတ်မဟတ်တွေနဲ့တောင် လုပ်ကြံပြီး အမှုဆင်နေရတာကိုပဲ ကြည့်ရင် သိနိုင်နေပါပြီ။ အရင်က ဒေဝါလီခံဖူးတယ်ဆိုတာက သူ့ရှိတဲ့လုပ်ငန်းတွေ အများကြီးထဲက အလုပ်မဖြစ်တဲ့တခုတလေကို ကယ်ဖို့ မတတ်နိုင်တော့လို့ တရားဝင် ဖိုင်လုပ်ခဲ့တာပါ။ ဒါက စီးပွားရေးလောကမှာ ဘာမှဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ သူ့လိုအဆင့်မှာ လုပ်ငန်းတခုထဲရှိသလို ထင်နေတာတော့ ဗဟုသုတ နည်းလွန်းတာကို ပြတာပါ။ လုပ်သမျှအကုန်အောင်မြင်တယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲ ရှိပါတယ်။
တချို့ကလည်း စကားပြောပုံကို ရမယ်ရှာကြပါတယ်။ အဲဒီလိုရှာတဲ့လူတွေကိုယ်တိုင်ကလည်း ခြောက်ပစ်ကင်းတွေမဟုတ်တာ ကိုယ့်မျက်ချေးကိုယ်မမြင်သလိုပါပဲ။ ဒုက္ခိတကို လှောင်တယ်ဆိုတာလည်း ဖြတ်ညှပ်ကပ်လုပ်တာပါ၊ အပြည့်အစုံဗီဒီယိုကိုကြည့်ရင် မီဒီယာက တုန့်ပြန်ပုံတွေကို လှောင်တာပါ။ ထရမ့်က ပူတင်တို့ ကင်မ်တို့ ရှီတိုကိုလည်း ချီးမွမ်းပြီး တကယ်လုပ်တော့ ဟိုကောင်တွေ အသံတောင်မထွက်နိုင်တာကို ဘိုင်ကြီးတို့ သင်္ကြန်အမြှောက်တွေနဲ့ ယှဥ်ကြည့်ကြပေါ့။ အဆံမပါတဲ့ သင်္ကြန်အမြှောက်မှန်း ဟိုကသိတော့ မန်းလေပြဲလေဖြစ်နေတာ အများအမြင်ပဲလေ။ အပြစ်မရမကရှာရင်တော့ ပုထုဇဥ်/သာမာန်လူမပြောနဲ့ ရဟန္တာ/သူတော်စင်တောင် မလွတ်နိုင်ပါဘူး။ ဘာက အရေးကြီးသလဲဆိုတာကိုပဲ ကြည့်သင့်ပါတယ်။
လူလိမ်ကြီးလို့ ပြောကြတာလည်း ဘာအထောက်အထားမှ မပြနိုင်ကြပါဘူး။ ကလင်တန်၊ အိုဘားမား၊ ဘိုင်ဒန်တို့ ပြည်သူကိုလိမ်တာ သာဓကတွေ ပေါလွန်းသေလောက် ထရမ့်လိမ်တယ်လို့ ဘယ်သူမှ သက်သေမပြနိုင်ရင် သွားပုတ်လေလွင့်ပြောတာပဲဖြစ်နိုင်တာကို သံသယဝင်သင့်ပါတယ်။ ပုံမှန်နိုင်ငံရေးသမားတွေနဲ့မတူတဲ့ ထရမ့်ရဲ့ ထူးခြားတဲ့ဝိသေသတခုက သူဘာလုပ်မယ်ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်တာပါပဲ။ အဲဒါကပဲ ကမ္ဘာ့ငပွကြီးတွေအပေါ် ကိုင်တွယ်ရာမှာ သူ့ရဲ့ အောင်မြင်မှုကို ဆောင်ကျဥ်းပေးသွားတာပါ။ သမားရိုးကျနိုင်ငံရေးသမားဆိုရင် ခြေလှမ်းတွေအားလုံးက တူတူပဲဖြစ်လို့ သူတို့အထာတွေနပ်နေတဲ့ ငပွကြီးများက မခန့်လေးစား ပြုကြတာပါ။
အားလုံးမငြင်းနိုင်တာက ထရမ့်က အနှစ် ၄၀အထက်အတွင်းမှာ ရွေးကောက်ပွဲကတိကဝတ်တွေကို အတည်ဆုံးဖြစ်ခဲ့တဲ့အပြင် ပြည်သူတွေ သက်သာချောင်ချိရေး၊ လုံခြုံရေးရှေ့ရှုပြီး ကတိပေးခဲ့တဲ့ထဲ မပါတာတွေအများကြီးကိုပါ အမှတ်ယူဖို့ ဖော်ရှိုးအတွက်မဟုတ်ပဲ လုပ်ပေးခဲ့တယ်ဆိုတာပါပဲ။
ထရမ့်လက်ထက်မှာ အလုပ်လက်မဲ့နှုန်းတွေ စံချိန်တင်နိမ့်ဆင်းသွားတယ်၊ အမေရိကန်သမိုင်းမှာ အလုပ်လုပ်နိုင်သူ ရာခိုင်နုန်း အများဆုံး အလုပ်လုပ်ခဲ့ကြတယ်၊ အရင်အစိုးရတွေ မလုပ်ခဲ့တဲ့ ပြည်တွင်းစွမ်းအင်ဖူလုံအောင် လုပ်ခဲ့တယ်။ အရင်အစိုးရတွေက ဥပဒေအသစ်တွေ စာမျက်နှာပေါင်း သောင်းနဲ့ချီထုတ်ခဲ့လို့ အဲဒီဥပဒေတွေနဲ့ ညီအောင် လိုက်လုပ်ရာမှာ လုပ်ငန်းရှင်ကြီးများအတွက် မထောင်းတာပေမယ့် အစိုးရကို လော်ဘီမလုပ်နိုင်တဲ့ လုပ်ငန်းရှင်ငယ်လေးတွေအတွက်က ဝန်ထုတ်ဝန်ပိုးကြီးလွန်းပါတယ်။ လုပ်ငန်းရှင်ကြီးတွေရဲ့ တက်လာတဲ့စားရိတ်တွေကတော့ သူတို့အိတ်ထဲကထွက်တာမဟုတ်ပဲ စားသုံးသူတွေ ပုခုံးပေါ် လွဲပြောင်းရောက်ရှိလာတာပါပဲ။
အမေရိကန်မှာ ဆီးချိုရောဂါသည်တွေ များလွန်းတော့ ဆီးချိုဆေးတွေကို သက်သာအောင် ဆေးကုမ္ပဏီကြီးတွေနဲ့ အမုန်းခံညှိပေးခဲ့တာ၊ အရွယ်ကောင်းအမေရိကန်တွေ တနှစ်ကို သောင်း/သိန်းနဲ့ချီ အသတ်ခံနေရတဲ့ အိုပီရွိုက်ပြဿနာကိုလည်း ရှေ့အစိုးရတွေ ပစ်ထားခဲ့သလောက် သူ့လက်ထက်မှာ သမ္မတရုံးရော သမ္မတကတော်ရုံးရောက ဖိဖိစီးစီး ကိုင်တွယ်ခဲ့ကြပါတယ်။ သူ့ရဲ့ ဘယ်အပြစ်တွေက ဒီလိုကောင်းတဲ့အချက်တွေကို ပစ်ပယ်လိုက်ရလောက်အောင် ကြီးနေလို့လဲ။
ထရမ့်က ပါတီတွေပြောင်းခဲ့ပေမယ့် လွန်ခဲ့တဲ့ အနှစ်၄၀လောက်ထဲက ပြောင်းမသွားတာကတော့ သူ့မူတွေပါပဲ။ နိုင်ငံရေးလောကက ညစ်ပတ်ရက်စက်လို့ သူ့အနေနဲ့ဖြစ်နိုင်ရင် ဝင်မလာချင်ဘူးဆိုတာ ၁၉၈၀ခုနှစ်တွေထဲက ပြောနေခဲ့တာပါ။ နယ်စပ်၊ ကုန်သွယ်ရေး၊ စစ်၊ အရှေ့အလယ်ပိုင်း စတဲ့ကိစ္စတွေအပေါ် အမြင်က ပြောင်းမသွားပါဘူး။ သမ္မတကလင်တန်တို့ အိုဘားမားတို့တုန်းကလည်း နယ်စပ်ကိစ္စ လုံခြုံဖို့ အရေးကြီးတာ ရွေးကောက်ပွဲမတိုင်ခင် အမြှုပ်ထွက်မတတ် ပြောခဲ့ပေမယ့် အိမ်ဖြူလဲရောက်ရော လုပ်ရတာ ထင်သလောက်မလွယ်ဘူးဆိုပြီး အဖျားရှူးသွားကြတာပါပဲ။ ကြိုးစားတောင် ကြည့်ကြပုံမရပါဘူး။
ထရမ့်ကို တိုက်ခိုက်ကြတဲ့ သတင်းအမှားတွေကြည့်ပြီး အထင်နဲ့ အပြစ်တွေတင်မဆုံး မုန်းမဆုံးဖြစ်နေကြသူတွေထဲက တချို့က ဗူးပေါ်သလိုပေါ်လာတဲ့ ဘိုင်ဒန်လာဘ်စားတာကိုကျတော့ အပြစ်မမြင်နိုင်ကြသလို ဘိုင်ဒန်နဲ့ ကမလာတို့စကား တခွန်းထွက် တခွန်းလိုက်ဖာနေရတာကိုကျတော့ အပြစ်မမြင်နိုင်ကြပြန်ပါဘူး။ ကုန်ဈေးနှုန်းတက်တာလည်း အပြစ်မမြင်ကြသလို လောင်စာဈေးမဖြစ်သင့်ပဲ တက်နေတာကိုလည်း အသံထွက်မလာကြပါဘူး။ တချို့ကလည်း လာဘ်စားတာကို ကိုယ်ရေးကိုယ်တာလို့ ထင်ကြပါတယ်။ အဲဒါကတော့ အမြင်ကျဥ်းလွန်းပါတယ်။
အာဏာရှိသူကို လာဘ်ထိုးတဲ့ရည်ရွယ်ချက်ကိုယ်၌က တရားသောနည်းနဲ့ မပြိုင်နိုင်လို့၊ ပြည်သူကို ပေါချောင်ညံ့တွေ ဈေးကြီးနဲ့ရောင်းဖို့၊ ပြည်သူတွေ အန္တရာယ်ဖြစ်နိုင်တာတွေကို အစိုးရကမျက်စိမှိတ်ခွင့်ပြုဖို့၊ ခိုးတာမသိချင်ယောင်ဆောင်ပေးဖို့၊ ရန်သူအလိုကျအတိုင်း တိုင်းပြည်ကို ဖျက်ဆီးဖို့၊ စသဖြင့် ဖြစ်နိုင်တာတွေ အများကြီးပါပဲ၊ ဘယ်သူမှ ခင်လွန်း ချစ်လွန်းလို့ ပေးတာပါ၊ ဘာမှ မမျှော်လင့်ပါဘူးရယ်လို့ မရှိပါဘူး။ ရှိတယ်လို့ ထင်နေရင်လည်း စိတ်ဆေးရုံသာ တန်းသွားဖို့ သင့်ပါပြီ။ (ဒေါ်စုနဲ့တော့ မနှိုင်းနဲ့ပေါ့လေ။ ဒေါ်စုကို ပြည်သူက ချစ်လို့ပေးကြတာတွေက မေတ္တာတန်ဖိုးပဲကြီးပြီး ငွေကြေးတန်ဖိုးအားဖြင့် ဘာမှမဖြစ်လောက်တာလေးတွေပါ။)