အမေရိကန်နေရာအများစုမှာ မက်စ်မတပ်မနေရလုပ်ထားတာတွေ ပယ်ဖျက်ပေးလိုက်ပြီးသည့်တိုင် နယူးယောက်မှာတော့ အသက် ၂-၅နှစ်ကြား ကလေးတွေအပေါ် မက်စ်မတပ်မနေရအမိန့်က ဆက်လက်တည်နေဆဲဖြစ်ပါတယ်။ မကျေနပ်ကြတဲ့ မိဘတွေက နယူးယောက်မြို့ဝန်ကို တရားစွဲကြလို့ အမြင့်ဆုံးတရားရုံးအထိ ရောက်သွားပြီးပါပြီ။ ဆူပရင်မ်းကုတ်တရားသူကြီးက ကလေးငယ်ငယ်လေးတွေကို အဲဒီလိုမက်စ်မန်ဒိတ်လုပ်တာ ဘာမှအဓိပ္ပါယ်မရှိဘူးဆိုပြီး ပယ်ချခဲ့ပြီးသားပါ။ နယူးယောက်မြို့ဝန်က အဲဒီဆုံးဖြတ်ချက်ကို မကျေနပ်လို့ အယူခံဝင်တာမှာ အယူခံရုံးက ဒီကိစ္စကို ပြန်လည်စဥ်းစားနေစဥ်မှာ အောက်ရုံးရဲ့ဆုံးဖြတ်ချက်ကို အတည်ယူစေတာကြောင့် ၅နှစ်အောက် ကလေးငယ်လေးတွေဟာ နေ့ကလေးထိန်းဌာနတွေမှာ မက်စ်မဖြစ်မနေ ပြန်တပ်ရမှာဖြစ်ပါတယ်။
ရဲဖြစ်ခဲ့တဲ့ နယူးယောက်မြို့ဝန်အဒမ်စ်ကို ရာဇဝတ်မှုတွေကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်ဖို့ မျှော်လင့်ချက်နဲ့ ပြည်သူတွေက ရွေးခဲ့တာပါ။ ရာဇဝတ်မှုတွေလည်း လုံးဝ ကျမသွားပါဘူး။ ဖြစ်လာတိုင်းလည်း စကားလှလှလေးပြောပြီး အလုပ်ကနောက်ကလိုက်မလာပါဘူး။ အခု ၅နှစ်အောက် မက်စ်မန်ဒိတ်ကလည်း စူးရောက်တဲ့အမိန့်မဟုတ်ရင် ကလေးတွေကို နာခံတတ်သူများ၊ အထွန့်မတက်တတ်သူများ၊ ကြောက်တတ်သူများဖြစ်လာအောင် လေ့ကျင့်ပေးနေတဲ့ လက်ဝဲစွန်းအာဂျင်ဒါတခုပဲ ဖြစ်ပါတယ်။ ၅နှစ်ပြည့်သွားရင် တခန်းထဲတက်နေရင်တောင် အဲဒီနေ့ကစပြီး တတ်စရာ မလိုတော့တဲ့ ဥပဒေဖြစ်ပါတယ်။ အဲဒီအရွယ်လေးတွေကြားမှာ နဂိုရောဂါအခံမရှိရင် အသက်ဘေးလုံးဝ မစိုးရိမ်ရတာ အထောက်အထားတွေ အပြည့်ပါပဲ။
ဘိုင်ဒန်က ထရမ့်လက်ထက်က ဝယ်ယူဖြည့်တင်းထားခဲ့တဲ့ ဗျူဟာမြောက် အရေးပေါ်ကိစ္စအတွက် ရေနံသိုလှောင်ထားတာတွေကို တနေ့ကို စည်တစ်သန်းအထိ နောက် ၆လ စုစုပေါင်း စည်သန်းပေါင်း ၁၈၀ကို စံချိန်တင်ထုတ်ရောင်းတော့မှာဖြစ်ပါတယ်။ ဆီဈေးကျဖို့ တခြားလည်း မလုပ်တတ်/မလုပ်ချင်တော့ အရေးပေါ်မဟုတ်ပဲ အရေးပေါ်အတွက် ဆောင်ထားတာတွေကို ထုတ်ရောင်းဖို့ လုပ်ကြတာပါ၊ တကယ်လို့များ အရေးပေါ်ဆီကုန်သွားမှ တိုင်းပြည်မှာ တကယ့်အရေးပေါ်နဲ့တွေ့ရင် ၅ပါးမှောက်ကြဦးမှာပါ။ အဲဒီလို စံချိန်တင်ထုတ်ရောင်းမယ့် စူးရောက်လုပ်ရပ်ကြောင့် ပြည်သူတွေ ဆီဖိုးသက်သာမှာက တစ်ဂါလံကို ၁၀ပြားကနေ ပြား၃၀ထိပါ၊ အဲဒါတောင် ရက်ပိုင်း၊ အလွန်ဆုံး ရက်သတ္တပတ်အနည်းငယ်ပဲ ခံမှာပါ။
ယူစီအယ်လ်အေက ရေ့စ်နဲ့ အီကွတီအရာရှိက ဆူပရင်းမ်ကုတ်က ကွန်ဆာဗေးတစ် လူမည်းတရားသူကြီး ကလဲရန့်သောမတ်စ်ကို မြန်မြန်သေပါစေလို့ ဆုတောင်းလိုက်ပါတယ်။ တရားသူကြီးသောမတ်စ်က ဆူပရင်းမ်ကုတ်မှာ ခန့်အပ်ခံခဲ့ရတဲ့ ဒုတိယလူမည်းဖြစ်ပါတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် အဲဒီလက်ဝဲဝုခ်အဖွဲ့တွေက အသားအရောင်ကို ဂရုစိုက်တာမဟုတ်ပဲ သူတို့နဲ့ အမြင်မတူသူတွေကို အရောင်မရွေးနှိပ်ကွပ်နေတာ ထင်ရှားစေပါတယ်။ အပြောထက် လုပ်ရပ်ကို ကြည့်သင့်တဲ့ သာဓကပါပဲ။
ကယ်လီဖိုးနီးယားမှာ ကော်ပိုရေးရှင်းကြီးတွေက အုပ်ချုပ်သူဒါရိုက်တာအဖွဲ့မှာ လူနည်းစုတွေနဲ့ လိင်တူ/ဘာလာလာ/လိင်ပြောင်းတွေ ပါဝင်ရမယ်ဆိုတဲ့ ဥပဒေကို လော့စ်အိန်ဂျလိစ်က တရားသူကြီး တစ်ဦးက အခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချလိုက်ပါတယ်။ တရားစွဲခဲ့တာက တရားမျှတမှုစောင့်ကြည်ရေးအဖွဲ့ကပါ။ အဲဒီဥပဒေကို လက်ရှိဂါဗနာနျူဆမ်က ၂၀၂၀မှာ လက်မှတ်ထိုးထုတ်ပြန်ခဲ့ပါတာ။ အဆိုပါဥပဒေအရ ကယ်လီဖိုးနီးယားမှာ ရုံးစိုက်တဲ့ လူအများရှယ်ယာပါဝင်နိုင်တဲ့ ကုမ္ပဏီတွေဟာ ၄ဦးက ၉ဦးရှိတဲ့ ဒါရိုက်တာဘုတ်အဖွဲ့မှာ အနည်းဆုံး ၂ဦးက (၉ဦးအထက်ဘုတ်အဖွဲ့မှာ အနည်းဆုံး၃ဦး) လူနည်းစုတွေဖြစ်တဲ့ အရောင်ရှိလူတွေ၊ လိင်တူ/ပြောင်း/မရွေး စတဲ့အုပ်စုက ဖြစ်ရမယ်လို့ သတ်မှတ်ထားတာပါ။ အဲဒီအမိန့်ကို မလိုက်နာရင် ပထမဆုံးအကြိမ်မှာ ဒေါ်လာ ၁သိန်း ဒဏ်တပ်ပြီး နောက်ထပ်ဖြစ်တိုင်း ၃သိန်းဒဏ်ဆောင်ရမှာ ဖြစ်ပါတယ်။
အရည်အချင်းထက် အပေါ်ယံတွေ ရလာဒ်နဲ့ တိုင်းလို့မရတဲ့အရာတွေနဲ့ ရွေးရင် ကုမ္ပဏီအတွက်လည်း မကောင်းသလို စားသုံးသူတွေအတွက်လည်း လုံးဝ မကောင်းနိုင်ပါဘူး။ ကုန်ကုန်ပြောရရင် အဲဒီအရွေးခံရတဲ့လူတွေအတွက်လည်း မကောင်းပါဘူး။ ကိုယ်နဲ့မတန်တဲ့နေရာ ရသွားလို့ ကိုယ့်ကိုယ်ကို သိမ်ငယ် မလုံမခြုံဖြစ်ပြီး ပြောသမျှစကား သူ့စောင်းပြောနေတယ်ထင်နေတာမျိုး၊ အာဏာပြလို့ရပဟဲ့လို့ မြောက်ပြီး ဆင်တော်နဲ့ခလောက်ထင်တိုင်းကြဲတော့မှာမျိုး၊ အရည်အချင်းနဲ့ တက်လာသူတွေပြောနေတဲ့ အဆင့်ကို မလိုက်နိုင်တာမျိုး စသဖြင့် ပြဿနာတွေ မလိုအပ်ပဲ ပွားလာနိုင်ပါတယ်။ ပြီးတော့ ကုလားအုပ်ပုံပြင်ထဲကလို ဒီအချိုးက ဒီမှာ ရပ်နေမယ်လို့ ပြောလို့ မရပါဘူး။ နောက်ကို ၅၀% လည်း ဖြစ်သွားနိုင်တာပါပဲ။ တိုင်းပြည်မှာ ဒါမျိုးတွေများလာရင် ဘာမှ ကောင်းကောင်းမွန်မွန်မထွက်တော့ပဲ အခြားတိုင်းပြည်တွေအပေါ်ပဲအကုန်မှီနေရတော့မှာပါ။
ကယ်လီဖိုးနီးယားမြို့တော် စကရေမန်တိုက ဘားတွေပိတ်ချိန် နံနက် ၂နာရီခန့်မှာ ပစ်ခတ်မှုဖြစ်လို့ လူ ၆ဦး(ကျား ၃ မ ၃) သေဆုံးပြီး အနည်းဆုံး ၁၈ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရသူထဲက ၄ဦးကို ဆေးရုံတင်ထားရပြီး ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ အဲဒီပစ်ခတ်မှုဟာ ၅ပတ်အတွင်း ဒုတိယအကြိမ် လူအများထိတဲ့ ပစ်ခတ်မှုဖြစ်ပါတယ်။ အာဏာပိုင်တွေက ပစ်ခတ်မှုဖြစ်ရတဲ့ ဖြစ်နိုင်တဲ့ အကြောင်းရင်းကို ဖော်ပြခြင်းမရှိပဲ ပစ်ခတ်ခံရသူတွေထဲက တစ်ဦးကိုပဲ ဘယ်သူဆိုတာ ဖော်ထုတ်နိုင်ပါသေးတယ်။ သေရတဲ့အကြောင်းရင်းကိုလည်း ဖော်ပြမထားဘူးလို့ ယာဟူးသတင်းက ဆိုပါတယ်။
ဒါပေမယ့် ဘယ်လိုပြဿနာမျိုးမဆိုကို အမြတ်ထုတ်တတ်တဲ့ ဒီမိုကရက်တွေအတွက်တော့ ထီပေါက်သွားပြန်တာပါပဲ။ ဂါဗာနာ နျူဆမ်က သေနတ်တွေကြောင့်လို့ အပြစ်တန်းတင်လိုက်ပါတယ်။ သေနတ်တွေက ဖုတ်ဝင်ပြီး သူ့ဟာသူများ ထပစ်နေရော့သလားလို့ ထင်စရာပါပဲ။ ရာဇဝတ်သားတွေပေါ် အင်မတန်သက်ညှာတဲ့ ဒီမိုကရက်ခေါင်းဆောင်တွေ ရှေ့နေတွေ တရားသူကြီးတွေကြောင့် ရာဇဝတ်မှုတွေ တိုးနေတာရယ်၊ အစိုးရဆီက လက်ဖြန့်စားပြီး အချိန်တွေ ပိုနေတဲ့ လူတွေမှာ ပြဿနာ မီးထွန်းရှာဖို့ အချိန်တွေ ပေါနေတာရယ်၊ လူမျိုးရေးအမုန်းအပေါ် အခြေခံပြီး အမုန်းမီးမွှေးထားလို့ အမုန်းသံသရာထဲက မထွက်နိုင်ကြတာရယ် စတဲ့ သူတို့အာဂျင်ဒါတွေကိုတော့ အပြစ်မြင်ကြပုံ မရပါဘူး။