ဆူပရင်းမ်ကုတ်အတွက် ဘိုင်ဒန်အမည်စာရင်းတင်သွင်းထားတဲ့ ဇီဝပညာရှင်မဟုတ်လို့ မိန်းမဆိုတာ ဘာလို့ မပြောနိုင်ပါဆိုတာကြီးကတော့ ရိုင်နို ၃ယောက်ကောင်းမှုနဲ့ အတည်ဖြစ်သွားပါပြီ။ သူမှ မဟုတ်ပါဘူး၊ ဒီမိုကရက်ဖက်က တင်တဲ့သူတိုင်းက ကိုယ်ပိုင်အတွေးအခေါ်/မူမရှိပဲ ပါတီကိုပဲသစ္စာခံပြီး ပါတီအလိုရှိသလို ဆုံးဖြတ်ကြပါတယ်။ ရီပါဘလစ်ကန်က တင်တဲ့သူတွေက ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ သွားတတ်ကြတာက ကြီးစွာသောကွာခြားမှုဖြစ်ပါတယ်။
မတ်လဆန်းမှာ အားလုံး ယူကရိန်းကိစ္စအပေါ် အာရုံစိုက်နေကြတုန်း ဘိုင်ဒန်အစိုးရက တိတ်တိတ်လေး လူမသိအောင် ကြေငြာခဲ့တာကတော့ ထရမ့်လက်ထက် ၂၀၁၈တုန်းက ပြဌာန်းခဲ့တဲ့ ချိုင်းနားအင်နီရှီယေးတစ်ကို တရားဝင် ဖျက်သိမ်းလိုက်တာပါပဲ။ ချိုင်းနားအင်နီရှီယေးတစ်အရ တရားရေးဌာနက တရုပ်ပြည်နဲ့ တရားမဝင်ဆက်ဆံနေတဲ့ အမေရိကန်သုတေသီတွေနဲ့ ပညာရှင်တွေကို စုံစမ်းဖော်ထုတ်ခွင့် ပေးထားတာဖြစ်ပါတယ်။ အဲဒီလူတွေက တရုပ်စီစီပီက လိုက်စည်းရုံးဖို့ တည်ထောင်ထားတဲ့ တဲလန့်တထောင်အစီအစဥ်လိုမျိုးတွေကနေ အဆွယ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ၂၀၁၈ကနေ ၂၀၂၁အတွင်း တရုပ်ပြည်ကို သတင်းအချက်အလက်တွေ ခိုးပို့ခဲ့တဲ့ ထင်ရှားတဲ့ ပညာရှင်တွေကို ဖော်ထုတ်ပြီး ပစ်ဒဏ်ချမှတ်နိုင်ခဲ့ပါတယ်။
ဘိုင်ဒန်က အဲဒီဥပဒေကို ဖျက်သိမ်းပစ်ဖို့ အိမ်ဖြူမရောက်ခင် နှစ်ပတ်ကထဲက ဖိအားပေးခံနေရတာပါ။ ဖိအားပေးရတဲ့ အကြောင်းပြချက်ကတော့ လူမျိုးရေးမုန်းတီးမှုတွေဖြစ်စေတာကြောင့်လို့ ဆိုပါတယ်။ ဘာပြဿနာဖြစ်ဖြစ် အမြတ်ထုတ်တတ်တဲ့ ဒီမိုကရက်တွေကတော့ အာရှသားတွေတခုခုဖြစ်ရင် ပျော်တာပါပဲ။ အရူးကလုပ်တာဆိုလည်း လူမျိုးရေးမုန်းတီးမှုနာမည်တပ်လိုက်ရင် အမြတ်ထုတ်လို့ ကောင်းသွားတာပေါ့။ တကယ်တမ်း တရုပ်ချင်းတူရင်တောင် တိုင်ဝမ်တို့ တခြားနိုင်ငံတို့က တရုပ်တွေက စေ့ငုခံရတဲ့ထဲ မပါပါဘူး။ တရုပ်ပြည်ကလာတာချင်းတူရင်တောင် တပ်ထွက်တို့ ပီအယ်လ်အေတို့ စီစီပီတို့ နောက်ခံရှိသူတွေက ပိုသတိထားကြည့်ခံရတာပါ။
၂၀၁၉ထဲက စပြီး ပေါက်ကြားနေပြီဖြစ်တဲ့ ဟန်းတားရဲ့လက်ပ်တော့ပ်ကို ၂၀၂၂မတိုင်ခင်အထိ ထိပ်တန်းထောက်လှမ်းရေးအရာရှိ ၅၀ကျော်က ရုရှားတွေရဲ့ ဝါဒဖြန့်ချက်ပါလို့ လိမ်နေခဲ့ကြတာပါ။ ဘိုင်ဒန်တက်ပြီး ၁၅လလောက်ကြတော့မှ ဝါရှင်တန်ပို့စ်နဲ့ နယူးယောက်တိုင်းမ်စ်တို့က အဲဒါအမှန်ပါလို့ စ ဝန်ခံလာကြပါတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် ဒိစတိတ်က ကျယ်ပြန့်ရုံတင်မက နက်နက်ရှိုင်းရှိုင်းပါ အမြစ်တွယ်နေပုံရပါတယ်။
ဟန်းတားလက်ပ်တော့ပ်အကြောင်း စတင်ဖောက်ချခဲ့သူ စတိဗ်ဘန်နွန်ရဲ့ ဝါးရွမ်းပေါ့ဒ်ကက်စ်မှာ ပူးတွဲတင်ဆက်သူဖြစ်တဲ့ ဂျက်ခ်မက်ဆေက သူဖောက်ချပြီးမကြာခင် မနက်အစောကြီးသူ့အိမ်ရှေ့မှာ မှန်အမဲတွေနဲ့ အက်စ်ယူဗီကြီးတွေ ရပ်ထားတာတွေ့တာနဲ့ တခါထဲ ဆွစ်ဇာလန်ကို ချက်ချင်းတိမ်းရှောင် သွားခဲ့ရပါတယ်။ မက်ဆေက ဒေးလီးမေလ်ကို ဟန်းတားဟာ့ဒ်ဒရိုက်ဖ် ကော်ပီတခုပေးခဲ့ပြီး အခုအခါမှာတော့ သူနဲ့အဖွဲ့က ဟန်းတားဟာ့ဒ်ဒရိုက်ဖ်ထဲက ပုံပေါင်း ၈သောင်းနဲ့ အီးမေးလ်ပေါင်း တသိန်းနှစ်သောင်း၊ ဖျက်ထားတဲ့ဒေတာပေါင်း ၄၅၀ဂစ်ဂါဘိုက်ကို ဖော်ထုတ်တွေ့ရှိထားပြီလို့ ဆိုပါတယ်။
ဖော်ထုတ်တွေ့ရှိထားတဲ့ တက်စ်မက်ဆေ့တွေမှာတော့ ၂၀၁၉ ဂျိုးသမ္မတဝင်ပြိုင်မယ်လို့ ကြေငြာအပြီးမှာ ဟန်းတားက ဂျိုးဆီကို ကားဆီဖိုးကအစ၊ သူ့သမီးသွားဆေးခန်းပြတာအဆုံး ပိုက်ဆံတောင်းနေတာတွေ ပါလာပါတယ်။ သူ့အကောင့် အိုဗာဒရောန်းဖြစ်လို့ ကက်ရှ်အက်ပ်ကနေ အဖေ ၂၀၀၀လောက် ကက်ရှ်အက်ပ်ကနေ လွှဲလိုက်ပါဦးတမျိုး၊ အဝေးပြေးလမ်းကနေ ဆီထည့်ဖို့ ပိုက်ဆံမရှိတော့လို့ သူ့အကောင့်ထဲ ဝိုင်ယာနဲ့လွှဲငွေမဝင်ခင် သူ့ပါ့တနာ ဂျက်ဖ်ကူးပါးဆီ တက်စ်ပို့ပြီး ၁၀၀လောက် ပေးပါဦးလို့တဖုံ၊ တခါတလေတော့လည်း သားအကြောင်းသိနေတဲ့ ဂျိုးက မင်းဘာလိုသေးလဲ၊ ငါ့မှာငွေရှိတယ်။ ချစ်တဲ့အဖေ လို့ တက်စ်ပို့တာတနည်း၊ အစုံပါပဲ။ ကွာထားတဲ့ သူ့ဇနီးဟောင်းကိုလည်း တလကို ထောက်ပံ့ကြေး ၃၇,၀၀၀ ပေးနေရတာပါ။ အဲဒီအတွက်လည်း နောက်ကျနေတတ်လို့ အခုပြည်တွင်းအခွန်ကို ပေးဖို့လိုတဲ့ အခွန်ကြွေးကျန်တသန်းကို ဘယ်ကပိုက်ဆံနဲ့ ပေးသလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။
ဟန်းတားကို ပိုက်ဆံပေးထားတဲ့ ယူကရိန်းက ဘူရစ်စ်မာရဲ့ ပိုင်ရှင် မိုင်ကိုလာဇလိုချက်ဗ်စကီက ယူကေမှာ ငွေမည်းခဝါချမှုနဲ့ လာဘ်ထိုးမှုတွေနဲ့ စစ်ဆေးခံနေရတာဖြစ်ပါတယ်။ အလုပ်မရှိပဲ သူဌေးလို နေချင်တယ်ဆိုရင် အရှက်နဲ့သိက္ခာကို ခဝါချပြီး သူများရုပ်သေးလုပ်ရမှာရယ် မိဘက သားသမီးကို ကိုယ်ကျင့်တရားကောင်းအောင်၊ ကိုယ့်တာဝန် ကိုယ်ယူတတ်အောင်၊ ကိုယ့်အားကိုယ်ကိုးတတ်အောင် မသင်ပဲ ပျင်းပျင်း ဖျင်းဖျင်း ပျော်သလိုနေစေချင်တယ်၊ ကိုယ်ကလည်း စီးပွားမရှာတတ်ဘူးဆိုရင် လျှာတချောင်းနဲ့ တွင်တွင်လိမ်ပြီး တိုင်းပြည်ရောင်းစားတဲ့အလုပ်ပဲ လုပ်မှာ သင်ခန်းစာပါပဲ။
ဖောက်ထွက်လာတဲ့ သတင်းတွေအရ အမေရိကန်ပြည်ထဲရေးက ထိပ်ပိုင်းအရာရှိတွေကို ညွှန်ကြားချက်ထဲမှာ ထရမ့်လက်ထက်က ပြဌာန်းခဲ့တဲ့ တိုင်တယ်လ်၄၂ကို ဖျက်သိမ်းပြီးတဲ့နောက် တရားမဝင်ဝင်ရောက်လာမှုတွေ အများကြီး မြင့်တက်လာမယ့်အပေါ် ဖြေရှင်း/တုန့်ပြန်တဲ့အနေနဲ့ ဝင်ရောက်လာသူတွေကို အမေရိကန်နေရာအနှံ့ကို မြန်မြန်နဲ့ များများလိုက်ဖြန့်လွှတ်ပေးဖို့ ဖြစ်ပါတယ်။ စာမျက်နှာ ၁၁၅ရှိတဲ့ အဲဒီအစီအစဥ်ကို ဖေဖေါ်ဝါရီ ၁၇က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီအိတ်ချ်အက်စ် အနောက်တောင်နယ်စပ် ပုံမှန်မဟုတ်တဲ့ အလုံးအရင်းဝင်ရောက်မှုအပေါ် အရေးပေါ်စီစဥ်မှုလို့ အမည်ပေးထားပါတယ်။ တိုင်တယ်လ်၄၂ကို ဖျက်သိမ်းလိုက်ရင် နယ်စပ်က ဝင်လာသူတွေကို ကပ်ပိုးစသည် စစ်ဆေးစရာ မလိုတော့ပဲ အလုံးအရင်းနဲ့ အမြန်ဆုံး သွင်းလို့ရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အစီအစဥ်မှာ တလကို ခိုးဝင်ပေါင်း ၄သိန်းခွဲထိ ဝင်လာဖို့ မှန်းထားသလို ပြည်တွင်းက တနေရာ တနေရာမှာ လူ ၁သောင်းကနေ ၂သောင်းအထိ တပြိုင်ထဲ ပြန်ဖြန့်ချသွားတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
၂၀၂၁ထဲမှာ ခိုးဝင်ပေါင်း ၉သောင်းခွဲလောက်ကို တရားရုံးကိုအကြောင်းကြားခြင်းမရှိပဲ ပြည်တွင်းမှာ ဖြန့်ချထားခဲ့တာပါ။ ပြည်ထဲရေးက ပြောရေးဆိုခွင့်ရှိသူက ဒီဖောက်ထွက်လာတဲ့စာနဲ့ ပတ်သက်ပြီး မှန်တယ်မှားတယ် ငြင်းဆိုမသွားပါဘူး။ ပြည်ထဲရေးဝန် မယောကာ့စ်က တိုင်တယ်လ်၄၂ကို ဖျက်ပြီးရင် အရင်သုံးနေကျဖြစ်တဲ့ တိုင်တယ်လ်၈အရ လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ တိုင်တယ်လ်၈အရ ပြည်တွင်းမှာ နေထိုင်ဖို့ တရားဝင်အကြောင်းမပြနိုင်သူတွေကို ဖယ်ရှားသွားမှာ ဖြစ်ကြောင်း ပြောထားပေမဲ့ အိုဘားမားလက်ထက်မှာရော ဘိုင်ဒန်လက်ထက်မှာပါ ဝင်လာပြီးသူတွေကို ရာဇဝတ်မှု ကျူးလွန်ရင်တောင် ပြန်နှင်မလွှတ်ခဲ့ကြပါဘူး။ ဖယ်ရှားတယ်ဆိုတာ သူတို့အတွက်က တိုင်းပြည်အပြင်ကို မဟုတ်ပဲ အချုပ်ခန်းအပြင်ကိုပဲ ညွှန်းသလို ဖြစ်နေတာပါ။ ဘိုင်ဒန့်လက်ထက် ၁၅လမပြည့်သေးတဲ့ ကာလအတွင်းမှာတင် ခိုးဝင်ပေါင်း ၂သန်းခွဲကျော် အစစ်အဆေးမရှိ သွင်းပြီးသွားပါပြီ။
ဇန်နဝါရီ ၆ရက် ကာပီတိုမှာဖြစ်တဲ့အမှုမှာ တားမြစ်အဆောက်အဦထဲ ဝင်ရောက်မှု၊ ဆက်ရှိနေမှု၊ စည်းကမ်းမဲ့ပြုမူမှု၊ အနှောက်အယှက်ပြုမှု၊ ချီတက်လှည့်လည်မှု၊ ဆန္ဒပြမှု စတဲ့ ၄မှုနဲ့ တရားစွဲခံထားရတဲ့ မက်သ်ယူးမာတင်ကို ခရိုင်တရားသူကြီး ထရီဗော် မက်က်ဖက်ဒန်က အဲဒီနေ့က ကာပီတိုအဆောက်အဦထဲမှာ ဒီနေရာမဝင်ရဆိုတဲ့ ဆိုင်းဘုတ်တွေ ရှိနေပေမယ့် ရဲတွေက တားမြစ်ဖို့ ကြိုးစားခြင်း အလျဥ်းမရှိခဲ့တဲ့အပြင် အများဝင်နေကြတာလည်း တွေ့နေရတဲ့အတွက် မဝင်ရဘူးဆိုတာကို အစိုးရရှေ့နေများ မည်သို့ပင် ပြောနေစေကာမူ မာတင်အနေနဲ့ ဝင်လို့ရတယ်လို့ အထင်ရောက်သွားနိုင်ကြောင်း၊ သူထံမှာ ထရမ့်အလံ ပါရှိသွားပေမယ့် ရဲတွေကို အနှောက်အယှက်မပေးခဲ့ပဲ ငြိမ်ငြိမ်သက်သက် ၁၀မိနစ်လောက်ပဲ နေခဲ့တာကို ဗီဒီယိုထဲမှာ တွေ့ရတဲ့အတွက် အစိုးရရှေ့နေ စွပ်စွဲနေသလိုမဟုတ်တာ တွေ့ရှိရကြောင်း၊ အဲဒါကြောင့် မာတင်ကို အပြစ်မရှိလို့ သတ်မှတ်ပြီး လွှတ်ပေးလိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ကအဖြစ်ကြောင့် လူပေါင်း ၇၇၀ကျော်ကို ဆူပူအုံကြွမှုနဲ့ ပတ်သက်တဲ့ ဖက်ဒရယ်ရာဇဝတ်မှုတွေနဲ့ တရားစွဲထားပြီး အဲဒီထဲက ၂၄၀ကျော်က သေးငယ်တဲ့အပြစ်တွေ ကျူးလွန်ကြောင်း ဝန်ခံထားပါတယ်။ ၁၄၀ကျော်ကိုတော့ ပြစ်ဒဏ်များ အသီးသီး ချမှတ်ပြီးဖြစ်ပါတယ်။ ထွက်လာတဲ့ဗီဒီယိုတွေထဲမှာရော မျက်မြင်သက်သေတွေအဆိုအရပါ ကာပီတိုရဲတွေက ခါတိုင်းပိတ်ထား၊ အစောင့်ထားတဲ့ အပေါက်တွေကို စောင့်ကြပ်ခြင်းမျိုးတောင် မပြုကြတော့ပဲ ရှောင်ပေးနေသလို လုပ်ခဲ့ကြတဲ့အပြင် စဦးဆုံးဝင်ရောက်သူတွေက ထရမ့်ထောက်ခံသူတွေလို အယောင်ဆောင်ထားတဲ့ လက်ဝဲစွန်းတွေ ဖြစ်နေတာပါ။ တိုင်းပြည်မှာ ရာဇဝတ်မှုတွေ ထူပြောလာတာကို ဖိဖိစီးစီးမကိုင်တွယ်ပဲ မသိလို့ အများနဲ့ ရောယောင်ပါသွားသူတွေကို ရာဇဝတ်ပုဒ်မတွေနဲ့ တဆိတ်တအိတ်လုပ်နေတာက မလိုအပ်ပဲ အရင်းအမြစ်ပြုန်းတီးလှတဲ့ အလုပ်ပါ။