သမ္မတထရမ့်ကို အယုံအကြည်မရှိအဆိုနဲ့ ဖြုတ်ချဖို့ မဲပေးခဲ့တဲ့ အောက်လွှတ်တော်က ရီပါဘလစ်ကန်အမတ် ၁၀ဦးထဲက ၄ဦးက ဒီနှစ်နိုဝင်ဘာရွေးကောက်ပွဲကျရင် ပြန်အရွေးမခံတော့ဘူးလို့ ဆိုပါတယ်။ ကျန် ၆ဦးကလည်း ပါတီတွင်းပဏာမရွေးကောက်ပွဲတွေမှာတင် ထရမ့်ထောက်ခံမှုပေးမယ့်သူတွေကို အကြိတ်အနယ်ပြိုင်ရမယ့်အနေအထား ဖြစ်နေတာပါ။ ပြည်သူ့ကိုယ်စားလှယ်ဆိုတာ ကိုယ့်ဆန္ဒထက် ပြည်သူ့အသံကို အမြဲနားထောင်ပြီး ပြည်သူ့ဆန္ဒကို ဦးစားပေးရတာပါ။ ကိုယ့်ပြည်သူအကျိုးအတွက်ဆိုရင် အများနဲ့ဆန့်ကျင်ပြီးလည်း လုပ်သင့်လုပ်ရမှာဖြစ်ပေမယ့် ပြည်သူအတွက် အကျိုးမရှိရင်တော့ ကိုယ့်ပုဂ္ဂလိကခံစားချက်ကို ရှေ့တန်းမတင်သင့်တာ အမှန်ပါ။
ဖြစ်သင့်/မသင့်ဆိုတာနဲ့ ပတ်သက်လို့ အောက်လွှတ်တော်က ရီပါဘလစ်ကန်ခေါင်းဆောင် ကယ်ဗင်မက်ကားသီက ဒီနိုဝင်ဘာရွေးကောက်ပွဲမှာ ရီပါဘလစ်ကန်အများစုနိုင်ခဲ့ရင် ဘိုင်ဒန်ကို အယုံအကြည်မရှိအဆို တင်မလားလို့ မေးကြတာမှာ အင်းမလှုပ်၊ အဲမလှုပ်ဖြစ်နေပါတယ်။ ဂျီအိုပီအများစုနိုင်ရင် မက်ကာသီက (အခုပလိုးစီနေရာ) လွှတ်တော်စပီကာဖြစ်လာမှာပါ။ သူချင့်ချိန်နေတာက တိုင်းပြည်မှာ နယ်စပ်လုံခြုံရေး၊ စွမ်းအင်ဖူလုံရေးနဲ့ ငွေဖောင်းပွမှု စတဲ့ လုပ်စရာတွေ အများကြီးရှိနေတာဖြစ်လို့ အဲဒီကိစ္စတွေကို ဦးစားမပေးပဲ ဘိုင်ဒန်ကို ဖြုတ်ချဖို့ ကြိုးစားတာ ပိုအကျိုးရှိပါ့မလားလို့ပါ။
တယောက်နဲ့တယောက်တော့ အမြင်တူမှာမဟုတ်ပါဘူး၊ ဘိုင်ဒန်က အခုလည်း အုပ်ချုပ်နေတာ မဟုတ်တဲ့အပြင် ကမလာကလည်း ပိုဆိုးနိုင်ခြေရှိတော့ နှစ်ယောက်လုံးရှေ့ဆင့်နောက်ဆင့် မဖြုတ်ချနိုင်ရင် ထင်သလောက် အကျိုးမရှိပဲ ပြည်သူ့ပိုက်ဆံသွားဖြုန်းသလို ဖြစ်နေမှာပါ။ နှစ်ယောက်လုံးသွားရင်တော့ စပီကာက တက်လာနိုင်ခြေရှိပါတယ်။ ဘိုင်ဒန် လာဘ်စားထားတာတွေ ကတော့ ဥပဒေနဲ့ သပ်သပ်အရေးယူဖို့ လုပ်တာ ပိုကောင်းမယ်ထင်ပါတယ်။ နိုင်ငံရေးစတန့်အတွက် ပြည်သူ့ပိုက်ဆံဖြုန်းတာက ဒီမိုကရက်တွေရဲ့ အလေ့ဖြစ်ပေမယ့် ရီပါဘလစ်ကန်တွေကတော့ ကွန်ဆာဗေးတစ်တွေပီပီ အကျိုးအပြစ် ချင့်ချိန်ကြတာ များပါတယ်။
အချိုလည်းမရ အချဥ်လည်းမရတဲ့ ဘဒ(အဘမ)အာဏာရှင်တွေက ရေနံ/ဓါတ်ငွေ့/ကျောက်မီးသွေး စတဲ့ ရုပ်ကြွင်းကဖြစ်တဲ့ စွမ်းအင်ကျတော့ လှိမ့်ပိန့် ပြဿနာရှာ၊ ပိတ်ပင်ထားလို့ နေ၊ လေတို့ အားပေးမလားလို့ ထင်စရာရှိပါတယ်။ ပြည်သူကို စွမ်းအင်ပေးနေတဲ့ ကုမ္ပဏီကြီးတွေကိုလည်း နေတို့ လေတို့က ဘယ်လောက်ရာနှုန်းပါရမယ်ဆိုပြီး မဖြစ်မနေ ဖိအားပေးတော့ ရသမျှပိုက်ဆံကို လက်ရှိစနစ်တွေပြင်ဖို့ထက် နေတို့လေတို့စမ်းတဲ့ဖက်မှာ သုံးနေဆိုလို့ ပြည်သူတွေမှာ ပိုအကျိုးမရှိပဲ စားရိတ်တွေက တက်သထက်တက်နေတာပါ။ ဆိုလာတွေ၊ လျှပ်စစ်ကားတွေထုတ်တဲ့ တက်စ်လာကိုကျတော့ သူတို့ကို မပင်းလို့ မကျေနပ်တော့ နဲနဲအမှားတွေ့ရင် များများ ပြဿနာ ရှာပါတယ်။ သူတို့ကို -င်မတဲ့ ကားကုမ္ပဏီတွေကျတော့ မဟုတ်တဟုတ်လေး စထုတ်တာနဲ့ ချီးမွမ်းလိုက်တာများ သူဌေးကလေးလေလည်တာကျ ကျန်းမာတာပေါ့ဆိုသလိုပါပဲ။
အဲဒါဆို လေစွမ်းအင်ထုတ်တဲ့ကုမ္ပဏီတွေများ လွတ်မလားလို့ မေးစရာရှိပါတယ်။ ပြောချင်တာ ခုမှလာမှာပါ။ လေရဟတ်တွေကနေ စွမ်းအင်ထုတ်တဲ့ ကုမ္ပဏီတခုက ပြီးခဲ့တဲ့ ၁၀နှစ်အတွင်း သူတို့ရဲ့ ရဟတ်တွေလည်တာကနေ လင်းယုန်ခေါင်းဖြူနဲ့ ဂုတ်မှာ ရွှေရောင်အမွှေးရှိတဲ့ လင်းယုန် စုစုပေါင်း အကောင် အနည်းဆုံး ၁၅၀လောက်ကို သေစေမှုနဲ့ ဒဏ်ကြေး ဒေါ်လာ ၈သန်းနဲ့ စောင့်ကြည့်ကာလ ၅နှစ် ဒဏ်ချခံရပါတယ်။
အဲဒီလင်းယုန်မျိုးစိတ် ၂စိတ်ဟာ ကမ္ဘာမှာ ရှားပါးမျိုးစိတ်တွေမဟုတ်ပေမယ့် ဖက်ဒရယ်အစိုးရရဲ့ ကာကွယ်စောင့်ရှောက်မှုကို ရရှိနေတဲ့အတွက် တခြားငှက်တွေ လေရဟတ်ကြီးတွေနဲ့တိုက်မိလို့ ဘယ်လောက်သေသေ သူတို့လို အရေးတယူဖော်ပြခြင်း မခံရတာပါ။ အမေရိကန်မှာ မှတ်တမ်းတင်ဖြစ်တာတင် တနှစ်ကို ငှက်ပေါင်း ၂သိန်းခွဲနီးပါး လေရဟတ်တွေကို ဝင်တိုက်လို့ သေရတာပါ။ အဲဒီလိုမဖြစ်အောင် မာဂတဘာသာနဲ့ သတိပေးဆိုင်းဘုတ်တွေပဲ ရေးထားရမလား၊ လေရဟတ်တွေပဲ မသုံးရမလား၊ လုပ်ငန်းရှင်ကတော့ တိုးလာသမျှစားရိတ်က စားသုံးသူဖက်ကိုပဲ လွှဲပေးလိုက်မှာပဲလေ၊ အဲဒါမှ ကိုက်ရင်ဆက်လုပ်မှာပေါ့။ ဘယ်မှာပဲဖြစ်ဖြစ် အကောင်းအဆိုးက ဒွန်တွဲနေတာဆိုတော့ ဘာပဲလုပ်လုပ် လုပ်ချင်တာတခုထဲကြည့်ဖို့ထက် အဖက်ဖက်ကို ထည့်တွက်ပြီးမှ လုပ်ရတာ အသက် ၂၅ကျော်ရင် သိသင့်ပါပြီ။ လေရဟတ်အကြီးကြီးတွေကြောင့် ငှက်တွေသေတာအပြင် ပတ်ဝန်းကျင်ကလူတွေလည်း ဗျူးတွေပိတ်၊ ပန်ကာအကြီးကြီးတွေ လည်နေသလိုဆိုတော့ အသံတွေကဆူနဲ့ ဘယ်ပါတီဝင်မဆို ကိုယ့်နားမှာ လေရဟတ်တွေ မရှိစေချင်ကြတာ ကလိုင်းမိတ်ချိန့်လို့ အသေအော်နေကြတဲ့ ဒီမိုကရက်ခေါင်းဆောင်ပိုင်းအပါပေါ့။
နယူးယောက်ပြည်နယ်အမြင့်ဆုံးတရားရုံးက တရားသူကြီးတဦးက နယူးယောက်မြို့ဝန်ဟောင်း ဒီဘလားစီယိုအစိုးရကနေ ထရမ့်ရဲ့ဂေါက်ကွင်းကန်ထရိုက်ကို ပယ်ဖျက်ခဲ့တာကို တရားမဝင်ဘူးလို့ အဆုံးအဖြတ်ပေးလိုက်ပါတယ်။ ဒီဘလားစီယိုအစိုးရက ဘရောင့်စ်မှာရှိတဲ့ ဂေါက်ကွင်းလိုင်စင်ကို အစက ဇန်နဝါရီ ၆ရက်ကိစ္စကြောင့်လို့ အကြောင်းပြပြီး နောက်ပိုင်းမှာတော့ အဲဒီဂေါက်ကွင်းဟာ ပီဂျီအေလို ထိပ်တန်းကြေးစားဂေါက်ပြိုင်ပွဲတွေ မလုပ်ပေးနိုင်လို့ဆိုပြီး အကြောင်းပြကာ ၂၀၂၁ ဇန်နဝါရီ၁၅မှာ ပယ်ဖျက်ခဲ့တာပါ။ သူတို့ကိုးကားတာက ပီဂျီအေရဲ့စာပါ၊ ထရမ့်နဲ့ပတ်သက်နေတဲ့ ဂေါက်ကွင်းတွေမှာ သူတို့ပြိုင်ပွဲ မကျင်းပဘူးလို့ ပြောထားတာပါ။ ပရော်ဖက်ရှင်နယ်လို့ ရေးထားတဲ့အဖွဲ့က ပရော်ဖက်ရှင်နယ်မဆန်ပဲ ကလေးကလားဆန်နေတာပါ။
တရားသူကြီးက နဂိုစာချုပ်ထဲမှာ အဲဒီလိုဖော်ပြထားတာမဟုတ်တဲ့အတွက် အဲဒီလိုဘာသာပြန်စရာ အကြောင်းကို မရှိဘူးလို့ ဆုံးဖြတ်ပေးလိုက်တာပါ။ နိုင်ငံတနိုင်ငံမှာ တရားဥပဒေ စိုးမိုးစေချင်တယ် ဆိုရင် ကိုယ်ကြိုက်တာ/မကြိုက်တာထက်၊ ဘယ်သူဘယ်ဝါဆိုတာထက် ဥပဒေရဲ့မျက်နှာကိုပဲ ကြည့်ရမှာပါ။ အုပ်ချုပ်သူက နိုင်ငံရေးစတန့်/အငြိုးအတွက် ပြည်သူ့ဘဏ္ဍာအကုန်ခံပြီး တရားစွဲခဲ့တာတွေ အရမ်းများနေပါပြီ။ ခုခေတ်မှာ ဒီမိုကရက်တွေက ရီပါဘလစ်ကန်တွေကို စွဲချက်တော်တော်များများက အဲဒီလိုတွေ ဖြစ်နေတာပါ။
ကိုလံဘီယာတက္ကသိုလ် မေးလ်မန်ပြည်သူ့ကျန်းမာရေးကျောင်းက ပြုလုပ်တဲ့ သုတေသနတခုမှာ အမေရိကန်က ကွန်မြူနတီဝါတားဆစ်စတမ်စ် (CWS) တွေမှာ ယူရေနီယံပါဝင်မှုက အန္တရာယ်ကင်းကင်းသောက်နိုင်တဲ့ ပမာဏထက် အများကြီး ပိုနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ တခြား လူသိများပြီး လူတွေသတိထားတတ်ကြတဲ့ သတ္တုဓါတ်တွေလောက် သောက်သုံးရေထဲမှာ ယူရေနီယံပါဝင်မှုကို မသိကြတဲ့အတွက် အရေးတယူမပြုမိကြပေမယ့် တကယ်တမ်းမှာ အာဆင်းနစ်တို့ မာကျူရီတို့လိုပဲ သတိထား/ စိုးရိမ်သင့်တာဖြစ်ပါတယ်။ အဲဒီသုတေသနက လူပေါင်း သန်း ၂၉၀ကို ဖြန့်ဖြူးနေတဲ့ အများပြည်သူကို ရေဖြန့်ဝေပေးနေတဲ့စနစ်ပေါင်း ၁၃၉,၀၀၀မှ မှတ်တမ်းပေါင်း ၁၃သန်းကို မွှေနှောက်သုတေသနပြုထားတာ ဖြစ်ပါတယ်။
သောက်ရေထဲ ယူရေနီယံပါဝင်မှုက ကျောက်တွေနဲ့ မြေသားတွေကနေ ရေထဲကို စိမ့်လာတာနဲ့ အပင်တွေကို ဆေးကြောသန့်စင်ခြင်းတို့ကြောင့် ရောက်လာတာဖြစ်ပါတယ်။ သဘာဝအလျောက် ရေဒီယိုသတ္တိကြွမှုရှိတဲ့ ယူရေနီယံဟာ ကိုယ်ထဲမှာများလာရင် ကျောက်ကပ်ယောင်/ပျက်စီး၊ အဆုတ်ကင်ဆာ၊ သွေးတိုးနဲ့ နှလုံးရောဂါတွေဖြစ်တတ်တယ်လို့ အရင်သုတေသနတွေက ဆိုပါတယ်။ သောက်ရေမှာ ယူရေနီယံပါနေရင်တော့ အရိုး၊ အသည်းပုံမမှန်တာတွေ ဖြစ်တတ်တယ်လို့လည်း ဖော်ပြထားပါတယ်။ အဲဒီလို ယူရေနီယံများတာတွေကို ဟစ်စ်ပါးနစ်တွေနေတဲ့ မြို့ပြတပိုင်း နေရာတွေမှာ အတွေ့ရများတာကြောင့် ဘူမိအနေအထားကြောင့်ဖြစ်တာထက် ဥပဒေ/ ပေါ်လစီပိုင်း ကောင်းကောင်းမထိန်းသိမ်းလို့ ဖြစ်ရတာလို့ ကောက်ချက်ချကြပါတယ်။ ဟစ်စ်ပါးနစ်တွေမှာ နှလုံး၊ ကျောက်ကပ်၊ အသည်းနဲ့ ဆီးချိုကြောင့် သေနှုန်းမြင့်တာတွေကိုလည်း ညွှန်ပြကြပါတယ်။