၉.၂ရာနှုန်းနဲ့ တွဒ်တာရဲ့ အများဆုံးရှယ်ယာပိုင်ရှင်ဖြစ်လာတဲ့ အီလွန်မာ့စ်ကို လက်ရှိစီအီးအိုက ဒါရိုက်တာ ဘုတ်အဖွဲ့မှာ ပါဝင်ဖို့ ဖိတ်ခေါ်ပေမယ့် ဒါရိုက်တာဖြစ်လာရင် ရှယ်ယာ ၁၄.၉ရာနှုန်းထက် ပိုမဝယ်ရ စတဲ့ ကန့်သတ်ချက်တွေကို လိုက်နာရမှာကြောင့် အီလွန်က ဒါရိုက်တာဘုတ်အဖွဲ့ဝင်နေရာကို လက်မခံခဲ့ပါဘူး။ ဝန်ထမ်းတွေနဲ့ လက်ရှိအုပ်ချုပ်ရေးအဖွဲ့ကတော့ အီလွန် ဒါရိုက်တာဘုတ်အဖွဲ့ဝင် မဖြစ်တော့လို့ ဝမ်းသာရမှာလား၊ ရှယ်ယာအများကြီးထပ်ဝယ်ပြီး မြေလှန်ပစ်မှာကို စိတ်ပူရမှာလား ဆိုတာ ဝေခွဲမရဖြစ်နေကြမှာပါပဲ။ ဒါရိုက်တာမဟုတ်ပေမယ့် အများဆုံးရှယ်ယာရှင်ရဲ့ ပေးလာတဲ့ အကြံဉာဏ်တွေကို လက်ခံစဥ်းစားပေးပါမယ်လို့တော့ စီအီးအို အဂရာဝဲလ်က ဆိုပါတယ်။
၉.၂ရာနှုန်း ဝယ်လိုက်တုန်းကတောင် တွဒ်တာစတော့တွေ ၂၇ရာနှုန်းတက်သွားတယ်ဆိုတော့ ထပ်ဝယ်ရင် ဘယ်လိုများ ဖြစ်လာမလဲဆိုတာ အများ စိတ်ဝင်စားကြမှာပါပဲ။ အီလွန်က ထရမ့်လိုပဲ တည့်တည့်ပြော တတ်တဲ့အပြင် ဖောက်ထွက်တွေးတတ်ပြီး သမားရိုးကျမဟုတ်တဲ့ အရွှေ့တွေကို ရွှေ့တတ်တာကြောင့် ကိုယ့်ကိုယ်ကို လစ်ဘရယ်လို့ သတ်မှတ်နေကြပေမယ့် သမားရိုးကျလုပ်ထုံး တွေထဲက ထွက်မလာတဲ့၊ အပြောင်းအလဲကို တကယ်မလိုလားတဲ့ လက်ဝဲတွေ ပရိုဂရက်ဆစ်တွေက လန့်ကြ မုန်းကြတာပါ။ အီလွန်က ခုရက်ပိုင်း တွဒ်တာကို ဘယ်လိုပြောင်းသင့်လဲလို့ တွိတဲ့ထဲမှာ တလကို ၃ဒေါ်လာပေးပြီး တွဒ်တာအပြာအကောင့်ဖွင့်ရင် ဘလူးချက်မာခ့်လိုမျိုး အကောင့်မှန်ဖြစ်ကြောင်း အထောက်အထားတခုခု ပေးသင့်တယ်ဆိုတာနဲ့ တွဒ်တာရဲ့ ဌာနချုပ်ရုံးကို လူတွေ ရုံးကိုမလာပဲအိမ်ကနေပဲ အလုပ်လုပ်နေကြမယ့်တူတူ အိမ်ယာမဲ့တွေအတွက် ခိုလှုံရာနေရာအဖြစ် ပြောင်းပေးဖို့လည်း ပါပါတယ်။ ခန့်မှန်းရခက်တဲ့သူဆိုတော့ ပိုနေမြဲကျားနေမြဲ ကြိုက်သူတွေက မနှစ်မြို့တာ ထုံးစံပါ။
ဘိုင်ဒန်အစိုးရ ကာကွယ်ရေးဝန်ကြီးရော တပ်အကြီးအကဲကပါ တရုပ်နဲ့ ရုရှားက ကြီးမားသော ခြိမ်းခြောက်မှုတွေ ဖြစ်ပါတယ်လို့ ပြောသွားတာ ရက်ပိုင်းပဲ ရှိသေးတဲ့အချိန်မှာ ဘိုင်ဒန်အစိုးရကပဲ အမေရိကန်ရေတပ်မှ ပေါ့ပါးမြန်ဆန်တဲ့ ကင်းလှည့် တိုက်ရေယာဥ် ၂၄စီးကို ထပ်မံ အနားပေးသွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ အဟောင်းဆုံးကမှ ၁၀နှစ်သားပဲ ရှိပြီး အများစုက အသစ်တွေဖြစ်တဲ့ အဲဒီသင်္ဘောတွေကို ဆောက်ခဲ့တဲ့စရိတ်က ဒေါ်လာ ၄.၅ဘီလီယံ ဖြစ်ပါတယ်။ ရေတပ်က အကြောင်းပြတာကတော့ ဒီသင်္ဘောတွေကို အနားပေးခြင်းဖြင့် တနှစ်ကို ဒေါ်လာသန်း၅၀ လောက် စရိတ်လျော့သွားရင် တခြားနေရာတွေမှာ သုံးလို့ရတယ်လို့ ဆိုပါတယ်။ ရေတပ်သားတွေ လိင်ပြောင်းခွဲစိတ်မှုလုပ်ချင်ရင် အကုန်အကျခံပေးဖို့နဲ့ ဘီအက်စ်အာဂျင်ဒါတွေတွန်းဖို့ ပိုက်ဆံလိုနေပုံရပါတယ်။ တရုပ်ရေတပ်က သူတို့ရေတပ်အင်အားကို အကြီးအကျယ်တိုးချဲ့နေချိန်မှာ အမေရိကန်ရေတပ်က ချုံ့ဖို့ ကြိုးစားနေတာ ရန်သူအားပေးများ ဖြစ်နေမလားဆိုတာကိုတော့ စီစစ်ကြပါလို့ ပြောချင်ပါတယ်။
ဘိုင်ဒန်အစိုးရ ကာကွယ်ရေးတာဝန်ရှိသူတွေက လုံခြုံရေးချိနဲ့အားပျော့အောင် အပတ်တကုတ် ကြိုးပမ်းနေချိန်မှာ တရုပ်လေတပ်က ဝိုင်-၂၀ ကုန်တင်ဂျက်လေယာဥ် ၆စီးဟာ ဆားဗီးယားမြို့တော် ဘဲလ်ဂရိတ်ကို ဆိုက်ရောက်လာတယ်လို့ ဥရောပဝေဟင်က ထောက်လှမ်းမိခဲ့ပါတယ်။ အဲဒီလို စစ်ဖက်သုံးကုန်တင်ဂျက်လေယာဥ်တွေမှာ ထောက်လှမ်းမိမှာနဲ့ အပစ်ခံရမှာစိုးလို့ ချက်ဖ်နဲ့ ဖလဲစနစ်တွေပါတဲ့အပေါက်ကို ဖြုတ်ထားပြီး အုပ်လိုက်ပျံသွားတာက လုံးဝ ပုံမှန်မဟုတ်နေလို့ ဥရောပကတောင် အံအားသင့်နေခဲ့တယ်လို့ ဝက်စ်တန်ဂျာနယ်က ဆိုပါတယ်။ အဲဒီလေယာဥ်တွေ ကြည့်ရတာ အန္တရာယ်ကြုံလာရနိုင်လို့ သတိကြီးကြီးထားပြီး ပျံသန်းသွားပုံရပါတယ်။ အဲဒီလိုဖြုတ်မထားရင်တောင် ဝိုင်-၂၀ လေယာဥ်တွေ ဥရောပဖက်ကို ပျံလာတာကိုယ်၌က ထူးဆန်းနေတာပါ။
ဖြစ်နိုင်တာက အဲဒီလေယာဥ်တွေမှာ ဆားဗီးယားအတွက် အိတ်ချ်ကြူ-၂၂ မြေပြင်မှ ဝေဟင်ပစ်ဒုံးစနစ်ကို သယ်ဆောင်လာတယ်လို့ သယ်ဒရိုက်ဖ်က သတင်းပို့ထားပါတယ်။ ဆာဗီးယားသမ္မတက သူတို့နိုင်ငံစစ်တပ်အတွက် ဂုဏ်အယူရဆုံးအရာကို ဒီအင်္ဂါ (သို့) ဗုဒ္ဓဟူးနေ့မှာ ပြသမယ်လို့ စနေနေ့က ပြောထားတာ ရှိပါတယ်။ ဆားဗီးယားက အဲဒါတွေ ဘယ်မှာသုံးမှာလဲဆိုတော့ အိမ်နီးချင်းနိုင်ငံငယ်လေးဖြစ်တဲ့ ကော်ဆိုဗိုကို ကျူးကျော်ရာမှာ သုံးဖို့ ဖြစ်နိုင်ပါတယ်။ ကော်ဆိုဗိုက အရင်က ဆားဗီးယားရဲ့ အစိတ်အပိုင်းဖြစ်ခဲ့ဖူးပါတယ်။ ကော်ဆိုဗိုကို အချုပ်အချာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်မပြုတာ ဆားဗီးယား၊ ရုရှားနဲ့ တရုပ်တို့ပါ။ ဥရောပလိုနေရာကနိုင်ငံတခုက နောက်နိုင်ငံငယ်တခုကို ကျူးကျော်ဖို့ တရုပ်က လက်နက်ရောင်းပေးနေတာက ကမ္ဘာ့တည်ငြိမ်မှုအတွက် စိမ်ခေါ်မှုအကြီးကြီး ဖြစ်လာနေပါပြီ။ လွတ်လပ်သောကမ္ဘာရဲ့ ခေါင်းဆောင်နေရာကို ယူထားတဲ့သူရဲ့ အခန်းကဏ္ဍက ဘယ်လောက်အရေးကြီးလဲဆိုတာ ပြနေတာပါပဲ။ စိတ်ကူးယဥ်အိပ်မက်တွေကနေ နိုးထကြပါတော့။
ရဲတွေအပေါ် နိုင်စားသလောက် ရာဇဝတ်သားတွေအပေါ် သက်ညှာလွန်းတဲ့ ကယ်လီဖိုးနီးယားက စန်တာမော်နီကာမြို့မှာ စာတိုက် စာပို့လုပ်သားများ ခဏခဏ တိုက်ခိုက်ခံနေရတဲ့အတွက် အတိုက်ခိုက်ခံရအများဆုံးလမ်းတွေမှာ စာဝေတာရပ်ဆိုင်းလိုက်ပြီလို့ ကြေငြာပါတယ်။ အဲဒီလမ်းတွေမှာ နေသူတွေက စာတိုက်ကို သွားစာယူရမှာဖြစ်ပါတယ်။ စာဝေတာရပ်လိုက်ပေမယ့် ပက်ကေ့ဂျ်တွေဝေတဲ့ကားတွေကတော့ ဆက်ဝေဆဲဖြစ်ပါတယ်။ ကိုယ်မတိုက်ခိုက်ဘူးဆိုပေမယ့်လည်း ကိုယ့်ပတ်ဝန်းကျင်မှာ ပြဿနာကောင်/မ/အယ်လ်ဂျီဘီတီကြူအိုင်အေပလပ်စ်တွေ ရှိနေရင် လူ့အဖွဲ့အစည်းမှာ ကိုယ်ကောင်းရုံနဲ့ မပြီးဘူးဆိုတာ သင်ခန်းစာပါပဲ။
ကယ်လီဖိုးနီးယားက အစိုးရကျောင်းတွေမှာ လက်ရှိစာသင်နှစ်အတွင်း ကျောင်းသာဦးရေ ၁သိန်း၁သောင်း လျော့ကျသွားတယ်လို့ လော့စ်အိန်ဂျလိစ်တိုင်းမ်စ်က ဆိုပါတယ်။ အမေရိကန်တခြားနေရာတွေနဲ့ယှဥ်ရင် လူနေမှုစရိတ် ကြီးမြင့်လွန်းလှတဲ့အတွက် ကယ်လီဖိုးနီယားက ပြောင်းထွက်ကုန်ကြတဲ့သူတွေ သိန်းဂဏန်းရှိပေမယ့် လျော့ကျသွားတဲ့ ကျောင်းသားအရေအတွက် ထဲက တချို့က ပုဂ္ဂလိကကျောင်းတွေကို ပြောင်းတက်ကြတာဖြစ်ပါတယ်။ သိသလောက် ပုဂ္ဂလိကကျောင်းတိုင်းမှာ ကျောင်းသားဦးရေ အများကြီး တိုးလာတာပါ။ တာဝန်ရှိသူတွေကတော့ မိသားစုတွေက ကလေးတွေ ကျောင်းပြန်တက်လို့ရတာတောင် ပြန်မပို့ပဲ အိမ်မှာပဲ ထားကြသလားလို့ စိုးရိမ်နေကြပါတယ်။ အဲဒီလိုသာဖြစ်ခဲ့ရင် ကလေးတွေ အိမ်တ္ငင်းအကြမ်းဖက်မှု/အမြတ်ထုတ်မှုတွေ ခံနေရသလားဆိုတာ စိုးရိမ်ရပါတယ်။ ပြီးခဲ့တဲ့ စာသင်နှစ်တုန်းက ကဗမဖြစ်ခင်ကနဲ့စာရင် ၁သိန်း၆သောင်းလျော့သွားပြီး ဒီနှစ်မှာ နောက်ထပ် ၁သိန်း ၁သောင်း ထပ်လျော့တာဖြစ်ပါတယ်။
တရုပ်ပြည်မှာ ကပ်ပိုးကိုင်တွယ်မှု တင်းကျပ်လွန်းတဲ့အတွက် လူဦးရေ သန်း၂၅လောက်ရှိတဲ့ ရှန်ဟဲမြို့ကြီးနဲ့ တခြားမြို့ကြီးတချို့မှာ အစားအစာပြတ်လပ်နေပြီး အိမ်တွေကို ထွက်မရအောင် ကာရံပိတ်ဆို့ထားတဲ့အတွက် မကျေနပ်ချက်တွေ ကြီးထွားနေပါတယ်။ အဲဒီလိုကြားက ငတ်သေတဲ့လူလည်း မရှိဘူးမပြောနိုင်ပါဘူး၊ သတင်းအမှောင်ချလေ့ရှိတဲ့ အာဏာရှင်တိုင်းပြည်တွေရဲ့ ထုံးစံအတိုင်း ဘာမှ အတပ်ပြောလို့ မရပါဘူး။ ဆေးရုံ၊ ဆေးခန်း၊ ခွဲခန်းတွေမှာလည်း ကူးမှာကြောက်တာက အလွန်အမင်းဖြစ်နေတော့ ပိုးသတ်တာကို အရင်ထက် အများကြီးအချိန်ယူပြီး လုပ်ကြတဲ့အတွက် အချိန်မှီ ခွဲ/ကုဖို့လိုတာတွေက မလိုအပ်ပဲ အသက်ဆုံးကုန်တာတွေ ဖြစ်နေတာပါ။ အာဏာရှင်တိုင်းပြည်မှာ အမိန့်အရ အလုပ်လုပ်ကြတာဆိုတော့ ဖြစ်လဲ သေရုံပါပဲ။
အာဏာရှင်ဆိုလို့ ရုရှားလို ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံတောင် ဘာစစ်အင်အားမှ ဟုတ်တိပတ်တိမရှိတဲ့ ယူကရိန်းလိုနိုင်ငံကို မနိုင်နေတဲ့အကြောင်းရင်းကြီးတခုက အာဏာရှင်နိုင်ငံဖြစ်လို့ပါပဲ။ အာဏာရှင်စနစ်မှာ အထက်လူကြီးအမုန်းမခံရဖို့က အရေးအကြီးဆုံးဖြစ်တော့ ဖြစ်သင့်တဲ့ အပြန်အလှန်ဆွေးနွေးမှုမျိုး မရှိတော့တာရယ်၊ ခေါင်းဆောင်တွေအဆင့်ဆင့် မတရားနည်းနဲ့ ကြီးပွားကုန်ကြတာကို အားကျပြီး လိုက်ခိုးကြတာရယ်ကြောင့် တပ်က ဟန်ကိုယ့်ဖို့ပဲရှိပြီး အရေးရယ် အကြောင်းရယ်ဆို သုံးစားမရတာဖြစ်နေတာပါ။ နောက်တချက်ကတော့ စိတ်ဓါတ်ပေါ့။ အာဏာရှင်စံနစ်မှာ လူတွေက အဝေဖန်မခံ၊ အထင်မှားမခံတော့ တဖြည်းဖြည်း ကိုယ့်ပူပေါင်းလေးထဲမှာပဲ ကိုယ်ရှင်သန်နေသလိုဖြစ်လာပြီး တကိုယ်ကောင်းဆန်လာကြပါတယ်။ အာဏာရှင်နိုင်ငံအရင့်အမာကြီးတွေမဆိုထားနဲ့ လွတ်လပ်တဲ့ အနီပြည်နယ်နဲ့ ချုပ်ချယ်အာဏာပြမှုများတဲ့ အပြာပြည်နယ်တွေမှာတောင် လူလူချင်း ယိုင်းပင်းမှုက ကွာခြားပါတယ်။ စနစ်က စိတ်ဓါတ်ကို ပုံသွင်းပေးတာဟာ ယုံတမ်းစကားမဟုတ်ဘူးဆိုတာ သိစေချင်လို့ပါ။