တက်စ်လာရဲ့ အီလွန်မာ့စ်က တခြားဘီလျှံနာတွေနဲ့ လုံးဝမတူတဲ့အချက် တခုကတော့ ဇကာဘတ်တို့၊ ဘီဇိုစ်တို့၊ ပီတာသီယဲလ်တို့၊ ဆာဂေးဘရင်တို့၊ လာရီပေ့ဂျ်တို့၊ လာရီအယ်လီဆင်တို့က အသက်ရှည်ဖို့နဲ့ မအိုဖို့သုတေသနေတွေကို သန်းပေါင်း ဆယ်ချီကနေ ရာချီပြီး သုံးနေကြတာပါ။ သူတို့ထက် ပိုချမ်းသာသွားတဲ့ အီလွန်ကတော့ အသက်ရှိသလောက် ကျန်းမာနေချင်တယ်၊ ထိုက်သင့်သလောက်လဲ နေချင်တယ်၊ ဒါပေမဲ့ သူကတော့ သေရမှာ မကြောက်ဖူး၊ တကယ်တမ်းမှာ သက်တမ်းစေ့နေပြီး သေသွားရတာက ပေါ့တောင်သွားဦးမှာပါလို့ ဆိုပါတယ်။
အီလွန်က သူဌေးဖြစ်လာပေမယ့် ဇိမ်ခံနေတာမျိုးမဟုတ်ပဲ အလုပ်ထဲမှာ အချိန်ပြည့် စိတ်နှစ်ပြီး လုပ်တတ်သူဖြစ်လို့ နားဖို့ကို စိတ်ကူးထဲမှာ မရှိပါဘူး၊ သူစိတ်ဝင်စားတာတွေ အချိန်ပြည့်လုပ်နေရတော့ ပင်ပန်းတယ်လို့လည်း မထင်တဲ့အတွက် နားစရာလည်း မလို၊ နားလည်း မနားချင်ဖြစ်နေတာပါ။ သူ့အတွေးက လူတွေက အသက်ဘယ်လောက်ရှည်ရှည် သေသွားသည့်တိုင် အတွေးအခေါ်တွေက ပြောင်းသွားမှာ မဟုတ်တဲ့အတွက် ရှေ့လူတွေရှိနေသမျှ လူ့အဖွဲ့အစည်းမှာ အတွေးအခေါ်သစ်တွေက နေရာရလာမှာမဟုတ်ပဲ အသက်ရှုကြပ်လာလိမ့်မယ်၊ တိုးတက်တော့မှာမဟုတ်ဘူးလို့ မြင်တာပါ။
တခြားဘီလျှံနာကြီးတွေ သက်ရှည်နုပျိုဖို့ စမ်းသပ်ကြတဲ့ နည်းတွေထဲမှာ အသက် ၂၅အောက်လူငယ်တွေရဲ့ သွေးနဲ့ အစားထိုးတဲ့နည်း၊ ကြွက်တွေရဲ့ သွေးကြောစနစ်ကို ဖွင့်ပြီးစမ်းသပ်၊ ပြန်ပိတ်တဲ့ ပါရာဘိုင်အိုစစ်နည်း၊ ဆဲလ်တွေကို ငယ်တုန်းကလို ပွားဖို့ စမ်းသပ်ချက်တွေ ပါပါတယ်။ ဇကာဘတ်က လူတွေနဲ့ပတ်သက်ပြီး အသိချင်ဆုံးမေးခွန်းတွေရှိတယ်လို့ ၂၀၁၅တုန်းက ပြောခဲ့ပါတယ်။ အဲဒါတွေကတော့ ဘာတွေလုပ်ရင် မသေပဲ အမြဲနေသွားနိုင်မလဲ၊ ရောဂါတွေအားလုံးကို ဘယ်လို ပျောက်ကင်းအောင် လုပ်မလဲ၊ ဦးနှောက်က ဘယ်လိုအလုပ်လုပ်သလဲ၊ သင်ယူမှုကရော ဘယ်လိုအလုပ်လုပ်သလဲ၊ လူတွေကို အခုထက် အဆတသန်းလောက်ပိုပြီး လေ့လာသင်ယူနိုင်အောင် ဘယ်လိုလုပ်ရမလဲ စတာတွေ ဖြစ်ပါတယ်။
တခုဆက်စပ်စဥ်းစားမိတာက မအိုချင်မနာချင်မသေချင်တဲ့ သူဌေးတွေက လက်ဝဲစွန်းတွေ အာဏာရှင်တွေနဲ့ ဘာလို့ သွားပင်းနေတာလဲဆိုတာပါ။ တခုဖြစ်နိုင်တာက အမေရိကန်မှာ လူတွေအပေါ်မက တိရိစ္ဆာန်တွေပေါ်မှာတောင် စမ်းသပ်မှုတွေလုပ်ဖို့ ကန့်သတ်ချက်တွေ တလှေကြီး ရှိနေတာပါ။ တရုပ်ပြည်မှာတော့ တိရိစ္ဆာန်တွေအပေါ်မပြောနဲ့ ယုံကြည်မှုကြောင့် အကျဥ်းကျနေသူတွေကိုတောင် ကြိုက်သလိုကလီစာထုတ်ယူနေကြတာ၊ စမ်းချင်တိုင်း စမ်းသပ်နေကြတာဆိုတော့ သူတို့ဖြစ်ချင်တာတွေစမ်းသပ်နိုင်ဖို့ ပိုအဆင်ပြေမှာကတော့ အမှန်ပါပဲ။
အီလွန်ကတွဒ်တာဘုတ်မှာ ပါဝင်ဖို့ လက်မခံခဲ့တဲ့အပေါ် ဘဇ်နက်စ်ရှေ့နေတဦးဖြစ်တဲ့ မက်တ်ဘီလင်းစကီးရဲ့ ခန့်မှန်းချက်ကတော့ ဒါရိုက်တာတဦးဖြစ်လာခဲ့ရင် တွဒ်တာနဲ့ ပတ်သက်ပြီး လူသိရှင်ကြားပြောခွင့် ကန့်သတ်ခံရမှာဖြစ်လို့ အခုလို လွတ်လွတ်လပ်လပ် မတွိနိုင်တော့မှာကြောင့် ငြင်းဆိုလိုက်တာလို့ ဆိုပါတယ်။ နောက်တဦးကတော့ ဒါရိုက်တာအဖွဲ့ဝင်တနေရာက တွဒ်တာကို ကြီးကြီးမားမား အပြောင်းအလဲဖြစ်စေမယ့် ပါဝါမရှိပါဘူး၊ အများစုအပေါ် ဩဇာရှိမှသာ ကုမ္ပဏီရဲ့ လားရာကို ပြောင်းလဲနိုင်မှာဖြစ်လို့ အီလွန်အနေနဲ့ ၁၅ရာနှုန်းအထက်အထိ ဝယ်တာမျိုးဖြစ်လာနိုင်တယ်၊ မဟုတ်ရင် အထဲကလူတွေက သူ့ကဏ္ဍကို ဘလော့ဖို့ ကြိုးစားကြမှာပဲလို့ တွိသွားပါတယ်။
ဘိုင်ဒန်အစိုးရက အမေရိကန်အိမ်ထောင်စုတိုင်းကို ကပ်ပိုး ၂ကြိမ်စစ်လို့ရတဲ့ဗူး ၂ဗူးစီ ၂ကြိမ်ဝေပါတယ်။ တမိသားစုကို စုစုပေါင်း ၄ဗူးစီ အခမဲ့ ရကြပါတယ်။ ဒါ့အပြင် မြို့အလိုက် ပြည်နယ်အလိုက်လည်း နေ့တိုင်း အခမဲ့စစ်ပေးတဲ့နေရာတွေ အများကြီးပါ။ အဲဒါကြောင့် ဘာဖြစ်လို့ အိမ်တွေကို ပို့နေတာလဲ ဆိုတာ စဥ်းစားစရာဖြစ်နေခဲ့တာပါ။ ပေါ်ခါစက အဲဒီတက်စ်ကစ်တဗူးကို ၁၀အောက်သာ ရောင်းကြပေမယ့် အဝယ်လိုက်လာတဲ့အခါမှာ ၂၀ဖြစ်တဲ့တံဆိပ်ကဖြစ် ၃၀ဖြစ်တဲ့ တံဆိပ်က ဖြစ်ကုန်ပါတယ်။ အခမဲ့ဆိုတာကလည်း လောကမှာ ဘယ်အရာမှ အခမဲ့ဆိုတာ မရှိပါဘူး၊ တဦးဦးကတော့ ပေးရတာပါပဲ။ အစိုးရက ပေးတယ်ဆိုတာလည်း အစိုးရမှာ ငွေတွင်းရှိနေတာမဟုတ်တော့ အခွန်ထမ်းပြည်သူတွေ အိပ်ကပ်ထဲက လာရတာပါပဲ၊ အဲဒီလိုမှ မဟုတ်ရင်တော့ နှစ်ရှည်ချေးငွေတွေနဲ့ လက်ငင်းပြဿနာကို ဖြစ်သလို လွယ်လွယ်ရှင်းပြီး နောက်မျိုးဆက်တွေက လှိမ့်ပိန့်ဆပ်ကြရတာပါပဲ။
နောက်ပြဿနာတခုက ဘိုင်ဒန်တို့ပို့တဲ့ တက်စ်ကစ်တွေက တရုပ်ကုမ္ပဏီဖြစ်တဲ့ အန်ဒွန်ဟက်လ်သ်ရဲ့ လက်အောက်ခံကုမ္ပဏီဖြစ်တဲ့ ကယ်လီဖိုးနီးယားမှာ ရုံးထိုင်တဲ့ အိုင်ဟက်လ်သ်လက်ဘ်စ်နာမည်နဲ့ ထုတ်လုပ်တာပါ။ တရုပ်မှာထုတ်တာပါပဲ။ အိုင်ဟက်လ်သ်နဲ့ ဖက်ဒရယ်အစိုးရကန်ထရိုက်ကတင် ၁.၈ ဘီလီယံဖိုးရှိပြီး အမေရိကန်စစ်တပ်နဲ့က ၁.၂၈ ဘီလီယံ၊ နယူးယောက်ပြည်နယ်အစိုးရနဲ့က သန်း ၁၂၀ဖိုး၊ နယူးယောက်ပြည်နယ်ကျန်းမာရေးဌာနနဲ့က နောက်ထပ် ၆၅.၃သန်းဖိုး၊ မန်ဆာချူးဆက် ပြည်နယ်အစိုးရနဲ့ ကျန်းမာရေးဌာနက ၁၄၈.၃သန်း တက်စ်ကစ်တွေ သွင်းဖို့ စာချုပ်ရတယ်လို့ သိရပါတယ်။ အဲဒါတွေက ဒီဇင်ဘာ ၃ရက်ကနေ ဒီနှစ် ဇန်နဝါရီ ၅ရက်အတွင်း ရတာတွေပါ။ ကျန်ပြည်နယ်တွေမှာလည်း ရှိနိုင်နေတဲ့အပြင် ကျန်တဲ့လတွေပါပေါင်းရင် ဘာနာမည်မှမရှိတဲ့ ကုမ္ပဏီအတွက်က ဇီးသီးဗန်း အကြီးကြီး ရလိုက်တာပါပဲ။ ဘဒသမက် ရှယ်ယာပါထားတဲ့ကုမ္ပဏီများ ဖြစ်နေမလား။ ဘယ်သူတွေ ဘယ်လောက် အိတ်ဖောင်းကြဖို့ အတင်းကြီး မကြောက်ကြောက်အောင်၊ စစ်စရာမလို့လိုအောင်၊ ဖြစ်နိုင်တဲ့ လက္ခဏာတွေက တမိုင်လောက်ရှည်တော့ နှာချေလဲစစ်၊ ခေါင်းကိုက်လဲစစ်၊ လည်ချောင်းယားလည်း စစ်နေအောင် တွန်းနေကြတာ ဖြစ်ပါလိမ့်မယ်။ လုပ်တတ်ရင်တော့ ခွင်ချည့်ပါပဲလေ။
နယူးယောက်က လက်ရှိဒုဂါဗာနာ ဘရိုင်ယန်ဘန်ဂျမင်ကို ကမ်ပိန်းပိုက်ဆံတွေ အလွဲသုံးစားလုပ်မှု၊ လိမ်လည်ရယူမှုတို့နဲ့ အာဏာပိုင်တွေက ကနေ့မနက်မှာ ဖမ်းဆီးခဲ့ပါတယ်။ လိင်အရှုပ်အရှင်းတွေကြောင့် ထွက်သွားရတဲ့ အန်ဂရူးကိုမိုနေရာကို အဲဒီတုန်းက ဒုဂါဗာနာ ကေသီဟိုချုးလ်တက်လာပြီး သူမက ဘရိုင်ယန်ကို ရွေးတင်ခဲ့တာဖြစ်ပါတယ်။ စင်ပေါ်ရောက်လာတဲ့ လူမည်းလူငယ်တဦးဖြစ်သူ ဘရိုင်ယန်ဟာ နိုင်ငံရေးနယ်ပယ်မှာ အလားအလာရှိသူတဦးအဖြစ် ဒီမိုကရက်အသိုင်းအဝိုင်းက ရှုမြင်လာကြတာပါ။ သူကျူးလွန်တဲ့အပြစ်တွေက သူ့ကို အလှူငွေထည့်တဲ့သူတွေကို ပရောဂျက်တွေကျအောင်လုပ်ပေးတာတွေ၊ ခွင်ဖန်ပေးတာတွေ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီလိုလုပ်နေကြတာ သူတဦးတည်းတော့ မဟုတ်ပါဘူး၊ အနည်းနဲ့အများ ကွာတာ၊ စစ်ဆေးတဲ့အဆင့်ဆင့်မှာ ပိုင်ရာဆိုင်ရာတွေ ရှိ/မရှိနဲ့ သက်ဆိုင်နိုင်ပါတယ်။ ကိုမိုတို့ ပလိုစီတို့လို မျိုးရိုးနဲ့ နိုင်ငံရေးလုပ်စားတဲ့လူတွေကတော့ အဲဒီလိုကိစ္စတွေမှာ မီးသေမှာပါ။
ပြီးခဲ့တဲ့ မတ်လမှာ အထွေထွေကုန်ဈေးနှုန်းက ၂၀၂၁ မတ်လနဲ့ယှဥ်ရင် ၈.၅ရာနှုန်းတက်သွားလို့ ၁၉၈၁က စရေရင် ပထမဆုံး ၁၂လဆက်တိုက် ထောင်တက်မှုအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်ပါတယ်။ အဲဒီဈေးနှုန်းတွေထဲမှာ အသား၊ ငါး၊ ကြက်ဥတွေက အရင်နှစ်ကနဲ့စာရင် ၁၃ရာနှုန်း တက်သွားပြီဖြစ်ပြီး သစ်သီးတွေက ၁၀.၆ရာနှုန်း၊ ဟင်းသီးဟင်းရွက်က ၄.၃ရာနှုန်းနဲ့ စီရီရယ်နဲ့ ဖုတ်ထားတဲ့မုန့်လို ကြာရှည်ခံ အစာတွေက ၇.၇ရာနှုန်း၊ လောင်စာဆီဈေးက ၂ဆနီးပါးထိ တက်သွားတာပါ။ ငွေဖောင်းပွလာတော့ လုပ်ခတွေက မနှစ်ကနဲ့စာရင် ၂.၅ရာနှုန်း ကျဆင်းသွားပြီး အဲဒါက ၁၁လ ဆက်တိုက် ကျဆင်းလာတာဖြစ်ပါတယ်။
ဖန်တနိုင်းလို လူလုပ်အိုပီရွိုက်က ထုတ်လုပ်ရတာ အရမ်းစျေးသက်သာတဲ့အတွက် ဆရာဝန်ဆေးညွှန်းလိုတဲ့ ဆေးအတုထုတ်တာတွေ၊ တခြားတရားမဝင်ဆေးတွေနေရာမှာ ဖန်တနိုင်းလ်ကို အစားထိုး သုံးစွဲလာကြတာကြောင့် ၂၀၂၀ အောက်တိုဘာကနေ ၂၀၂၁ အောက်တိုဘာအတွင်း ကယ်လီဖိုးနီးယားမှာ လူပေါင်း ၁၁,၄၇၆ဦး ဖန်တနိုင်းအဆိပ်သင့်ပြီး သေဆုံးခဲ့ကြပါတယ်။ အဲဒါက အရင်နှစ်ကထက် ၂၆.၅၅ရာနှုန်း တက်သွားတာပါ။ အဲဒီကာလအတွင်း အမေရိကန်တဝှမ်းမှာတော့ လူပေါင်း ၁၀၅,၇၅၀က ဆေးလွန်သေဆုံးခဲ့ပြီး အဲဒီရဲ့ သုံးပုံနှစ်ပုံက ဖန်တနိုင်းလ်လို လူလုပ်အိုပီရွိုက်ကြောင့် သေကြရတာပါ။ လ
ူလုပ်အိုပီရွိုက်ထုတ်ဖို့ ကုန်ကြမ်းတွေက တရုပ်ပြည်က လာပြီး မက္ကဆီကိုနယ်စပ်မှာ ထုတ်လုပ်ကြတာပါ။ ဆေးဝါးအတွက်သုံးတဲ့ လူလုပ်အိုပီရွိုက်က သဘာဝအိုပီရွိုက်ထက် အဆ ၁၀၀မက ပြင်းအားကြီးပြီး လူအများစုက သူတို့သောက်နေတဲ့ ဆေးထဲမှာ ဖန်တနိုင်းလ်ပါမှန်းတောင် မသိကြပါဘူး။ ၂၀၂၁ထဲမှာ ဖန်တနိုင်းလ်ကြောင့် သေရတာက သေနတ်ပစ်ခံရလို့ သေတာနဲ့ ကားအက်ဆိဒန့်ကြောင့် သေတာနှစ်ရပ်ပေါင်းထက် ပိုများတယ်လို့ တရားရေးဝန်ကြီးဌာနလက်အောက်က မူးယစ်ကြီးကြပ်ဌာနက ဆိုပါတယ်။
စဥ်းစားစရာရှိတာက ဒီမိုကရက်အစိုးရအဆက်ဆက် ဖက်ဒရယ်ရော ပြည်နယ်တွေမှာပါ အမေရိကန်တွေအများကြီးကို သတ်နေတဲ့ အိုပီရွိုက်ပြဿနာကို ဘယ်တုန်းကမှ ဖြေရှင်းဖို့ ထိန်းချုပ်ဖို့ မကြိုးစားကြပဲ သေနတ်ပစ်ခတ်မှုကြောင့် သေတာကိုတော့ အကြီးအကျယ်မီးမောင်းထိုးပြကြတာပါ။ အဲဒီမှာလည်း ပစ်ခတ်မှုဖြစ်ရတဲ့ အကြောင်းရင်းတွေကို မကိုင်တွယ်ပဲ သေနတ်တွေကိုပဲ ထိန်းချုပ်ဖို့ လုပ်နေကြတာပါ။ ပြည်သူကို လက်နက်မကိုင်စေချင်တာ အာဏာရှင်လမ်းစဥ်ပါဆိုတာ သမိုင်းမှာ အကြိမ်ကြိမ်ပြခဲ့ပြီဖြစ်လို့ သဘောပေါက်ဖို့ သင့်နေပါပြီ။