အီလွန်မာစ့်က တွဒ်တာကို လူထုဟစ်တိုင်သဘောမျိုး ဆင်ဆာမရှိပဲ ဘယ်သူလာဟစ်ဟစ် ဟစ်လို့ ရစေချင်တဲ့ အနေအထားမျိုး ဖြစ်စေချင်တဲ့အတွက် တွဒ်တာရဲ့ရှယ်ယာ ၉.၂ ရာနှုန်းဝယ်ပြီး ရင်းနှီးမြှုပ်နှံခဲ့ပေမယ့် ဒါရိုက်တာအဖွဲ့ဝင်အဖြစ်မှာလည်း လုပ်နိုင်တာ အကန့်အသတ်ရှိနေတဲ့အပြင် မကြိုက်တာအကုန် ဆင်ဆာလုပ်ပစ်၊ ကြည့်မရတဲ့အကောင့်တွေ ပိတ်ပစ်လို့ရတဲ့ အာဏာကို ခံတွင်းတွေ့နေတဲ့ ဝန်ထမ်းတွေကြားမှာလည်း အာဏာစွန့်ရမှာကို သေမလောက်ကြောက်နေသူလိုပဲ အပြင်းအထန် ပွက်လောရိုက်ကုန်ကြပါတယ်။
ကနေ့မှာတော့ အီလွန်က တွဒ်တာရှယ်ယာအားလုံးကို တရှယ်ယာကို ၅၄.၂၀ပေးပြီး ၄၁.၃ဘီလီယံနဲ့ ငွေပေးချေဝယ်ယူပြီး ပုဂ္ဂလိကပိုင် ကုမ္ပဏီလုပ်ပစ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ သူ့ကမ်းလှမ်းတာ လက်မခံရင်တော့ သူ့ရှယ်ယာတွေ ထုတ်ရောင်းသင့် ရောင်းရမယ်လို့လည်း ပြောလိုက်ပါတယ်။ အီလွန်ရဲ့ ရှယ်ယာအကုန်ထုတ်ရောင်းလိုက်ရင် တွဒ်တာဈေး ထိုးဆင်းသွားတော့မှာပါ။
အီလွန်က တွဒ်တာဟာ အများကြီးအလားအလာရှိတဲ့ ကုမ္ပဏီဖြစ်ပြီး သူလက်ထဲရောက်ရင် တက်လမ်းတွေအကုန် ဖွင့်ပေးလိုက်မယ်လို့ ဆိုပါတယ်။ အခုလိုဝယ်ဖို့ ကမ်းလှမ်းတာလည်း ငွေကြေးအကျိုးအမြတ်ကြောင့် မဟုတ်ပဲ လွတ်လပ်စွာဖော်ထုတ်ခွင့်ကို သူတို့ထင်တိုင်း မကြပ်ရတော့မှာစိုးတဲ့ တွဒ်တာစီမံခန့်ခွဲသူတွေက အီလွန်ထက်ထဲမရောက်အောင် အကြောက်အကန် ပြန်လုဖို့ ကြံနေကြတဲ့ နည်းတခုက အဆိပ်ဆေးဆိုတာမျိုး လုပ်ဖို့ပါ။ အဲဒါကတော့ လက်ရှိဒါရိုက်တာ အဖွဲ့က ရှယ်ယာရှင်တွေကို ရှယ်ယာတွေ ဈေးလျော့ပေးပြီး အများကြီး ထပ်ရောင်းလိုက်ရင် ရှယ်ယာအရည်အတွက်များသွားတဲ့အတွက် ဝယ်သူအတွက် ဈေးအများကြီး ပိုကြီးသွားတော့မှာပါ။
ပိုစိတ်ဝင်စားစရာကောင်းတာက တွဒ်တာနောက်ကွယ်က အီလွန်မတိုင်ခင် အကြီးဆုံး ရှယ်ယာရှင်ကြီးက ဆော်ဒီကမင်းသား အယ်လ်ဝါလိဒ်ဘင်တာလားအယ်လ်ဆော့ဒ် ဖြစ်နေတာပါ။ ၂၀၁၅တုန်းက တွဒ်တာရှယ်ယာ ၅.၂ရာနှုန်း ဝယ်ယူထားတဲ့ ဆော်ဒီရှယ်ယာရှင်က အီလွန်ဝယ်မှာကို လက်မခံ ပယ်ချတဲ့အတွက် မနက်က အီလွန်ဝယ်မယ်ပြောတုန်းက တက်သွားတဲ့ဈေးတွေဟာ ပြန်ကျသွားပါတယ်။
အီလွန်က ဝါလိဒ်ရဲ့ ဆုံးဖြတ်ချက်က နိုင်ငံရေးမှ ကင်းရဲ့လားလို့ ဝေဖန်လိုက်ပြီး နောက်တော့ ငါမေးခွန်း ၂ခုမေးမယ်၊ ၁။ ဆော်ဒီဘုရင့်နိုင်ငံက တွဒ်တာရှယ်ယာ ဘယ်လောက်ပိုင်သလဲ၊ ၂။ ဆော်ဒီဘုရင့်နိုင်ငံက ဂျာနယ်လစ်တွေလို လွတ်လပ်စွာ ရေးသား/တင်ပြ/ဖော်ထုတ်ခွင့်ကို ဘယ်လို သဘောထားသလဲ လို့ မေးလိုက်ပါတယ်။ ဝက်ဘ်ဘုရှ်က သုံးသပ်သူတဦးဖြစ်တဲ့ ဒန်နီယယ်လ်အိုက်ဗ်စ်ကတော့ မာ့စ်က တော်တော်လေး ကြိုးစားလိုက်ရမှာဖြစ်ပေမယ့် နောက်ဆုံးမှာတော့ မာ့စ်က အကုန်ဝယ်သွားပြီးရင် အခုလို ဒရာမာတွေ ရပ်သွားပါလိမ့်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။
ဆန်ဖရန်စစ္စကိုက ကုမ္ပဏီလို့ပဲ သိထားကြတဲ့ တွဒ်တာရဲ့ နောက်ကွယ်မှာ အာဏာရှင်နိုင်ငံကြီးက လက်မဲကြီးတွေ ရှိနေတာ ဒီတခုထဲတင် မဟုတ်ပါဘူး။ မကြာသေးခင်က ဖလော်ရီဒါက မိဘအခွင့်အရေး ကာကွယ်တဲ့ ဥပဒေကို ကျယ်ကျယ်လောင်လောင် ဆန့်ကျခဲ့ကြတဲ့ ဒစ္စနေကုမ္ပဏီကြီးရဲ့ အဓိကရှယ်ယာရှင်တွေကလည်း ဘလက်ခ်ရော့ခ်၊ စတိတ်စထရိ၊ နဲ့ ဗန်ဂတ်တို့ ပါဝင်နေတာပါ။ ယူနီဗာဆယ်လ်စတူဒီယိုရဲ့ အဓိက ရှယ်ယာရှင်တွေကလည်း သူတို့တွေပါပဲ။ တိုက်ရိုက်တော့ မဟုတ်ဘူးပေါ့။ ယူနီဗာဆယ်လ်စတူဒီယိုရဲ့ မိဘကုမ္ပဏီက အန်ဘီစီယူနီဗာဆယ်လ်ဖြစ်ပြီး သူ့ကို ပိုင်တာကတော့ ကွမ်ကတ်စ်ဖြစ်ပါတယ်။ ကွမ်ကတ်စ်ရဲ့ ထိပ်တန်း ရှယ်ယာရှင်တွေက ဗန်ဂတ်နဲ့ ဘလက်ရော့ခ်ပဲ ဖြစ်နေပြန်တာပါ။ စတိတ်စထရိကတော့ စတုတ္ထအကြီးဆုံး ရှယ်ယာရှင်ပါ။
ပါရာမောင့်ရုပ်ရှင်ကိုပိုင်တဲ့ ပါရာမောင့်ဂလိုဘယ်ရဲ့ ထိပ်သီးရှယ်ယာရှင်တွေကလည်း အဲဒီ ၃ဦးပဲ ဖြစ်နေပြန်တာပါ။ အဲဒီ ၃ဦးထဲမှာ နယူးယောက်အခြေစိုက် ဘလက်ရောခ့်ကုမ္ပဏီက စီမံခန့်ခွဲနေတဲ့ ရှယ်ယာတွေတန်ဖိုးက ၁၀ ထရီလီယံရှိပြီး ဗန်ဂတ်က ၇ ဘီလီယံနဲ့ စတိတ်စထရိက ၃.၅ ဘီလီယံ ရှိနေတာပါ။ သူတို့တွေက အာဂျင်ဒါချင်း တွေးပုံချင်း တူကြတဲ့အတွက် စုပေါင်းအင်အား ၂၀.၅ ထရီလီယံနဲ့ဆိုရင် ကမ္ဘာကြီးကို သူတို့သွားစေချင်တဲ့ အီးအက်စ်ဂျီဘက်ကို သွားစေဖို့ သိပ်အခက်အခဲရှိမှာ မဟုတ်ပါဘူး၊ အထူးသဖြင့် အစိုးရအဖွဲ့နဲ့ အဆင့်ဆင့်အာဏာပိုင်တွေက သူတို့ဆီ ဒူးထောက်ရမယ့် အားနည်းချက်တွေ ရှိနေတဲ့ အခါမျိုးမှာဖြစ်ပါတယ်။
ဆီလီကွန်ဗယ်လီက ကုမ္ပဏီကြီးတွေလည်း လက်ဝဲလမ်းစဥ်ကို အတင်းတွန်းနေကြတာ အဲဒါတွေကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ တွဒ်တာမှာ သိပ်မကြာသေးခင်ကအထိ ထိပ်တန်းရှယ်ယာရှင်တွေက ဘလက်ရော့ခ်၊ ဗန်ဂတ်နဲ့ စတိတ်စထရိဆိုတဲ့ ငပွကြီး ၃ကောင်ပါပဲ။ အခုနောက်ပိုင်း အများပိုင်ကုမ္ပဏီကြီးအများစုမှာ ပတ်ဝန်းကျင်၊ လူမှုရေးနဲ့ အုပ်ချုပ်မှုပုံစံတွေကို ရှေ့တန်းတင်လာတာလည်း သူတို့လက်ချက်ပဲ ဖြစ်နိုင်ပါတယ်။
ပုံမှန်အားဖြင့်ဆိုရင် အရင်းရှင်စနစ်မှာ ပစ္စည်းထုတ်လုပ်သူကလည်း အကောင်းဆုံးပစ္စည်းကို ဈေးအသက်သာဆုံံးဖြစ်အောင် ကြံဆကြသလို ဝန်ဆောင်မှုပေးတဲ့သူတွေကလည်း အကောင်းဆုံး၊ အမြန်ဆုံး ဝန်ဆောင်မှုကို အသက်သာဆုံးနဲ့ လူအများဆုံးကို ပေးနိုင်အောင် ကြိုးစားကြဖို့က အဓိက ရည်မှန်းချက်ပါပဲ။ အဲဒါကို အီးအက်စ်ဂျီဆိုတဲ့ ဖျက်မြင်းတွေ ထည့်ပေးလိုက်တော့ လုပ်ငန်းရှင်တွေက အဓိကအလုပ်ကို အသားမပေးတော့ပဲ ဘာအသားအရောင်မှ၊ ဘာလိင်မှ၊ ဘာစွမ်းအင်ကို သုံးမှ စတာတွေနဲ့ လမ်းတွေလွဲကုန်တော့တာပါပဲ။ တခုတော့ရှိတာပေါ့လေ၊ သူတို့ပြောတဲ့ အီးအက်စ်ဂျီဆိုတာကို အပေါ်ယံစကားလုံးလောက်မှာ အဟုတ်ထင် သာယာနေရင်တော့ မြင်းတွေကို မျက်မှန်စိမ်းတပ်ပေးပြီး ကောက်ရိုးကျွေးသလိုပဲ ဖြစ်မှာပေါ့။
အထက်မှာပြောခဲ့တဲ့ ဖျက်မြင်း အီးအက်စ်ဂျီတွေကြောင့်ပဲ ငပွကြီး ၃ဦး ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီကြီးတွေကြားမှာ အပြိုင်အဆိုင်ဆိုတာ မရှိသလောက်ဖြစ်သွားတာ သတိထားကြည့်ရင် တွေ့မှာပါ။ ဒါဆို ဘာလို့ ဒီလောက်အောင်မြင်နေသေးတာလဲဆိုရင်တော့ အမေရိကန်က သူများရှေ့ကို အများကြီးပြေးနေလို့ ဆင်ပိန်ကျွဲလောက်ဖြစ်သွားတာရယ်၊ ပင်စင်သမားတွေရဲ့ မျူကျူရယ်လ်ဖန်းဒ် အများစုအပါအဝင် ထုနဲ့ထည်နဲ့ ရှယ်ယာတွေကို အဲဒီငပွကြီးတွေက ထိန်းထားတာရယ်၊ နာမည်အားဖြင့် ကုမ္ပဏီမတူနေကြပေမယ့် ကြိုးကိုင်တာက တဦး/တဖွဲ့ထဲလိုဖြစ်နေတော့ အားလုံးက အစည်းလိုက်ရှိနေတဲ့ ထင်းတွေလိုပဲ စုစည်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာပေးရရင် ကော်ပိုရိတ်မီဒီယာကြီးတွေ တဦးနဲ့တဦးပြိုင်ဖို့ မကြိုးစားကြပဲ တသံတည်းထွက်နေတာကို ကြည့်နိုင်ပါတယ်။
ဒီနေရာမှာ အီလွန်က တွဒ်တာကို ဘာလို့ ဝယ်ချင်ရတာလဲ၊ သူ့ပိုက်ဆံနဲ့ အသစ်ထောင်လို့ ရနေတာပဲလို့ မေးချင်ကြမှာပါ။ တွဒ်တာက သုံးစွဲသူ သန်းရာချီရှိနေပြီး အသစ်ပေါ်လာရင် အဲဒီလောက် ဝိုင်းသုံးကြမှ အောင်မြင်မှာပါ။ အဲဒီအခြေအနေအထိ ဖြစ်လာဖို့ ဘယ်လောက်စောင့်ရဦးမလဲဆိုတာက စဥ်းစားစရာဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ ပါလာတို့၊ ဂက်ဘ်တို့၊ ဂက်တာတို့ ထရုသ်ဆိုရှယ်တို့က ကနေ့အထိ လူသုံးများဖို့ လုံးပမ်းနေရဆဲပဲ ဖြစ်နေသေးတာပါလို့ ဗီဗက် ရာမဆွာမိက သုံးသပ်ထားပါတယ်။
ဘာပဲဖြစ်ဖြစ် အီလွန်က တွဒ်တာအကုန်လုံးကို ဝယ်သည်ဖြစ်စေ၊ ဘုတ်မှာပဲ ပါသည်ဖြစ်စေ၊ လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်ရတဲ့နေရာအဖြစ် အောင်အောင်မြင်မြင် ပြောင်းလဲလိုက်နိုင်မယ်ဆိုရင် ရှယ်ယာတွေစီမံခန့်ခွဲတဲ့လူတစုရဲ့ ချယ်လှယ်မှုကနေ လွတ်ဖို့ မျှော်လင့်ချက် ရှိလာပြီ၊ အကောင်းဖက်ရွေ့လာပြီလို့ ပြောလို့ ရမှာပါ။ သူတို့နောက်ကွယ်မှာ ဘယ်သူရှိသလဲ ဆိုတာကတော့ ထပ်မံဖော်ထုတ်ဖို့ လိုနေဆဲဖြစ်ပေမယ့် မလွဲနိုင်တာက ပိုက်ဆံပေါတဲ့ တရုပ်နဲ့ တခြားအာဏာရှင်နိုင်ငံတွေက သူဌေးကြီးတွေပဲ ဖြစ်မယ်ထင်ပါတယ်။ သူတို့ကို အီလွန်တဦးထဲ တွန်းလှန်ဖို့ထက် ဒီဖက်က လွတ်လပ်မှု မြတ်နိုးသူတွေအားလုံး ပေါင်းပြီး ညီညီညွတ်ညွတ် တွန်းလှန်ကြရင်တော့ အမေရိကန်မှာရော ကမ္ဘာမှာပါ တိမ်မဲကင်းတဲ့ နေ့ရက်တွေ ပြန်ရောက်လာမှာပါ။