ဧပြီ ၁၅ ရက် ၂၀၂၂

အီလွန်က တွဒ်တာတခုလုံးကို ဝယ်ဖို့ ကမ်းလှမ်းချက်က ဧပြီ ၂၀ရက်အထိ အကျုံးဝင်ပါတယ်။ အဲဒီအတောအတွင်း တွဒ်တာဘက်က အီလွန်၁၅ရာနှုန်းထက် ပိုမဝယ်နိုင်အောင် ကန့်သတ်ဖို့ ပြင်နေတယ်လို့ ပြောကြသလို အီလွန်ဘက်ကလည်း သူနဲ့အတူပါဝင်ဖို့ ပါတနာတွေ ဖိတ်ခေါ်ဆွေးနွေးနေတယ်လို့ ဆိုကြပါတယ်။ အဲဒီထဲက တဖွဲ့က ဆေးလ်ဗားလိတ်ခ်ဆိုတဲ့ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံတဲ့အဖွဲ့တခုဖြစ်ပြီး ၂၀၁၈တုန်းက အီလွန်က တက်စ်လာရှယ်ယာတွေ အကုန်ပြန်ဝယ်ပြီး ပုဂ္ဂလိကပိုင် လုပ်ဖို့ကြိုးစားတုန်းကလည်း အီလွန်နဲ့ ပူးပေါင်းခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။​

တွဒ်တာက ရှယ်ယာဝယ်ခွင့် ကန့်သတ်မယ်ဆိုရင် အက်စ်အီးစီကို သူတို့ဘယ်လိုဖြစ်ချင်တယ်ဆိုတာ လျောက်ထားရမှာဖြစ်ပြီး ခုထိတော့ မတင်ရသေးဘူးလို့ သိရပါတယ်။ နောက်ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံတဲ့ သောမတ်စ်ဘရာဗိုဆိုတဲ့ အက်ဆက် ၁၀၃ဘီလီယံကို စီမံခန့်ခွဲနေတဲ့ ကုမ္ပဏီကလည်း တွဒ်တာတခုလုံးကို ဝယ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။ အားလုံးပေါင်းမှ ၁၀၃ရှိတာဆိုတော့ အီလွန်ရဲ့ ၄၃ဘီလီယံကမ်းလှမ်းချက်ကို လိုက်မှီဖို့တော့ မလွယ်ပါဘူး။

ဘိုင်ဒန်?အစိုးရက တက်လာလာချင်း ဖက်ဒရယ်မြေပေါ်မှာ ရေနံနဲ့ ဓါတ်ငွေ့တူးဖော်ခွင့် အငှားချထားပေးမှုတွေကို ရပ်စဲလိုက်ပြီးတဲ့နောက် ၁၅လနီးပါးအကြာမှာ တိတ်တိတ်လေး ပြန်ဖွင့်ပေးလိုက်ပါတယ်။ လုပ်ငန်းတွေက တဆက်တည်းလည်ပတ်နေရင် စားရိတ်စက သက်သာပေမယ့် အခုလို အကြာကြီးပိတ်ထားပြီးမှ ပြန်ဖွင့်တာဆိုရင်တော့ အစအဆုံးအသစ် ပြန်လုပ်ရသလောက်နီးပါး စရိတ်တက်သွားနိုင်ပါတယ်။​

အခုဖွင့်ပေးတယ်ဆိုတာလည်း တကယ်တူးနိုင်တဲ့နေရာရဲ့ ၅ပုံ၁ပုံပဲ ခွင့်ပေးထားတာပါ။ လျောက်ထားသမျှကိုလည်း ခွင့်ပြုမယ်လို့ မပြောနိုင်သလို တူးဖော်တဲ့ ကုမ္ပဏီတွေက အစိုးရကိုပေးရတဲ့ တူးဖော်ခကလည်း အရင်က တူးလို့ရသမျှရဲ့ ၁၂.၅ ရာနှုန်းပဲ ဖြစ်ပေမယ့် အခုတော့ ၁၈.၇၅ရာနှုန်း ပေးရမှာပါ။ အဲဒါကြောင့် ပြန်ဖွင့်ပေးတယ်ဆိုပေမယ့် လောင်စာဈေးတွေ မျက်လှည့်ပြလိုက်သလို ချက်ချင်းတော့ ကျမှာမဟုတ်သေးပါဘူး။

ခုလိုဖွင့်ပေးလိုက်တာကလည်း ပြည်သူတွေ သက်သာချောင်ချိဖို့ထက် လူထုဒေါသက ရွေးကောက်ပွဲမှာ ပြမှာကို ကြောက်လို့ ဖြစ်မှာပါ။ တိတ်တိတ်လေးဆိုတာကတော့ မှားတာကို ဝန်မခံချင်တာ ဖြစ်နိုင်သလို လက်ဝဲစွန်းတွေ၊ ကလိုင်းမိတ်အက်တီဗစ်တွေ ဝိုင်းဆဲကြမှာ စိုးတာလည်း ပါမယ်ထင်ပါတယ်။ နောက်ဖြစ်နိုင်တာတခုက လျောက်ထားခွင့်ပြုမယ်ဆိုပေမယ့် မဖြစ်နိုင်တဲ့ ကန့်သတ်ချက်တွေချထားပြီး ထစ်ကနဲရှိ ဒဏ်ရိုက်နေရင်လည်း ပေးကားပေး၏ မရတွေ ဖြစ်ကုန်ကြဦးမှာပါ။

အက်ဖ်ဘီအိုင်က မယ်မိုတွေအရ ကော်ပိုရိတ်မီဒီယာတွေမှာ အက်ဖ်ဘီအိုင်အေးဂျင့်တွေ ရှိနေတယ်လို့ ဆိုပါတယ်။ အေဘီစီနယူးစ်က အကြီးတန်းဂျာနယ်လစ်တဦးက အက်ဖ်ဘီအိုင်သတင်းပေးလည်း ဖြစ်နေတာကို စုံထောက်တဦးဖြစ်တဲ့ ရော်ဂျာချားလ်စ်က လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ခန့်က အက်ဖ်ဘီအိုင်ရဲ့ အိုကလာဟိုးမားမြို့ဗုံးဖောက်ခွဲမှုအပေါ် စုံစမ်းစစ်ဆေးနေတုန်းမှာ တွေ့ရှိခဲ့တာပါ။ ချားစ်ရဲ့ တွေ့ရှိချက်ကို သူ့သူငယ်ချင်း ရှေ့နေဂျက်ဆီထရန်တဂျူးက စိတ်ဝင်စားသွားတဲ့အတွက် အက်ဖ်ဘီအိုင်ကို တရားစွဲခဲ့ပြီး တခြားဘယ်တွေမှာ သတင်းပေးတွေ ထည့်ထားသေးသလဲဆိုတာ ထုတ်ပြန်ပေးဖို့ တောင်းခံခဲ့ပါတယ်။

အဆိုပါရှေ့နေက အက်ဖ်ဘီအိုင်က အဲဒီလို သတင်းပေးတွေထည့်ထားတာက တရားမဝင်တဲ့အပြင် အခြေခံဥပဒေနဲ့ မညီတဲ့အတွက် ငါတို့မလုပ်ဖူးလို့ ငြင်းလိမ့်မယ်ထင်ခဲ့တာပါ။ အက်ဖ်ဘီအိုင်က ဟုတ်တယ်၊ ငါတို့ဒါမျိုးလုပ်တယ်၊ အဲဒီလိုလုပ်ဖို့ လမ်းညွှန်တွေလည်း ရှိတယ်၊ နိုင်ငံတော်လုံခြုံရေးကြောင့် မင်းကိုတော့ အဲဒီလမ်းညွှန် မပြနိုင်ဘူးလို့ ဆိုပါတယ်။ အက်ဖ်ဘီအိုင်က အဲဒီအမှုကို နှစ်အတန်ကြာ ဖက်ဒရယ်တရားရုံးအထိ တက်ပြီး အသည်းအသန်ကာကွယ်ခဲ့လို့ နောက်ဆုံးတော့ ဖက်ဒရယ်တရားသူကြီးတဦးက ၂၀၁၅မှာ အမှုကို ပလပ်လိုက်ပါတယ်။

သူတို့ဖက်ကတော့ အရေးကြီးတဲ့ ဌာနတွေမှာ သတင်းပေးတွေ ထည့်ထားတာဟာ ခြစားတာနဲ့ တခြားရာဇဝတ်မှုတွေကို ဟန့်တားဖို့လိုအပ်တယ်လို့ အကြောင်းပြပါတယ်။ နဂိုထဲက အာဏာပြင်းတဲ့ အစိုးရအဖွဲ့အစည်းတခုက အခုလို ဥပဒေနဲ့မညီ၊ အခြေခံဥပဒေက ခွင့်မပြုထားတာတွေကို ထင်သလို သုံးနေရင် ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေက ကြောက်စရာလန့်စရာ ဖြစ်ပါလိမ့်မယ်။ ဖြစ်နေတာတွေက အစိုးရအဖွဲ့အစည်းတွေက ရာဇဝတ်ပြစ်မှုတွေအပေါ် သက်ညှာနေသလို ရာဇဝတ်မှုနဲ့ တပြိုင်တည်း ပါလာလေ့ရှိတဲ့ ခြစားတာတွေကို လစ်လျူရှုထားနေတာပါ။ အဲဒီတော့ အက်ဖ်ဘီအိုင်က အရေးပါတဲ့နေရာတွေမှာ သတင်းပေးတွေထည့်ထားတာ ခြစားတာကို တားမြစ်ဖို့မဟုတ်ပဲ သူတို့အာဂျင်ဒါကို ဆန့်ကျင်မယ့်သူတွေကို ပေါင်းသင်ဖို့က ပိုဖြစ်နိုင်ခြေရှိနေတာပါ။

တလောက နယူးယောက်ဆပ်ဘ်ဝေးရထားတွဲထဲမှာ သေနတ်ပစ်လို့ လူအနည်းဆုံး ၁၆ဦး ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ်မှာ ပစ်ခတ်ခဲ့တဲ့သူက လူမည်းကြီးစိုးရေးဝါဒီတဦးဖြစ်တယ်လို့ သိရပါတယ်။ ကော်ပိုရိတ်မီဒီယာကြီးများကတော့ အဲဒီအပိုင်းကို ဖုံးထားကြမယ်ထင်ပါတယ်။​ အဲဒီလူဟာ ယူကျူမှာ လူဖြူတွေကို ဘယ်လောက်မုန်းတဲ့အကြောင်းတွေ တင်ထားတာ မနည်းမနောပဲလို့ တပ်ကာ ကာလ်ဆန်က ပြောသွားပါတယ်။ မကြာသေးမီက အတည်ပြုသွားတဲ့ ဆူပရင်းမ်ကုတ် တရားသူကြီး လူမည်းမကိုလည်း သူက လူမည်းမို့ ထောက်ခံနေခဲ့ရာက သူမဟာ လူဖြူနဲ့ ယူထားတယ်လည်း သိလိုက်ရော အကြီးအကျယ်ကို ဆဲတော့တာပါပဲ၊ အဲဒီအမျိုးသမီးကို ဆဲတာတော့ မဟုတ်ပါဘူး၊ သူမ ယောက်ကျား လူဖြူကို ဆဲတာပါ။ သူဆုတောင်းတိုင်တည်တာလည်း လူမည်းဂျီးဆပ်စ်ဖြစ်ပါတယ်။

ဒီမိုကရက်တွေကတော့ ပြည်သူထံမှာ လက်နက်မရှိဖို့က အာဏာရှင်လက်ဝဲလမ်းစဥ်ကို သွားချင်တဲ့ သူတို့ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တော့ ဒီလိုပစ်ခတ်မှုတွေကို သေနတ်တွေကြောင့်လို့ ယိုးစွပ်ကြပါတယ်။ တကယ်တမ်း နယ်စပ်အပွင့်ကြီးရယ်၊ ရာဇဝတ်သားတွေကို သက်ညှာလွန်းတဲ့ အစိုးရ၊ ရှေ့နေ၊ ဥပဒေတွေရယ်နဲ့ မှောင်ခိုသေနတ်တွေက ဘယ်တော့မှ  ပျောက်ကွယ်သွားမှာ မဟုတ်သလို လူဆိုးဆိုတာလည်း လိုင်စင်ယူပြီး သေနတ်ကိုင်လောက်အောင် မတုံးကြပါဘူး။

သူတို့မပြောပေမယ့် အခုလို ပစ်ခတ်မှုတွေဖြစ်ရတဲ့ ထင်ရှားတဲ့အကြောင်းရင်းတခုကတော့ အမုန်းမီးကို မွှေးပေးနေတဲ့အပြင် တချိန်လုံးလောင်စာထည့်နေလို့ပါပဲ။ လူမည်းတွေကို လူဖြူတွေက မင်းတို့ကို ဖိနှိပ်နေတာ၊ မင်းတို့က အဖိနှိပ်ခံတွေ၊ မင်းတို့ဆင်းရဲတာ၊ မအောင်မြင်တာ လူဖြူတွေအပြစ်၊ စသဖြင့် တချိန်လုံး ရိုက်သွင်းနေမှတော့ ဒီလိုအဖြစ်မျိုးတွေက ဆုံးပါဦးမလား။ ပစ်ခတ်မှုတွေဖြစ်ပြီဆိုရင် သူတို့က လူဖြူတွေပဲ ပစ်မှာ၊ ငါတို့က အနေသာကြီးလို့ တွေးရင် မှားမှာပါ။ အမုန်းမှာ ဘောင်မရှိသလို ကျည်ဆံမှာလည်း မျက်စိမပါပါဘူး။ ပိုဆိုးတာက အခုဆို ကလေးတွေငယ်ငယ်ထဲက အဲဒီလိုအမုန်းတွေကို ကျောင်းတွေမှာ သွင်းပေးဦးမှာဆိုတော့ အတိုင်းထက်အလွန်ပေါ့လေ။

ရာဇဝတ်သားတွေကို သက်ညှာလွန်းတဲ့ ရလာဒ်တခုကတော့ လော့စ်အိတ်ဂျလိစ်က လမ်းတွေပေါ်မှာ အဖွဲ့လိုက် လှုပ်ရှားကြတဲ့ လူဆိုးဂိုဏ်းတွေဟာ လူကုံထံတွေကို ပစ်မှတ်ထားလာကြတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် လူကုံထံတွေ ရာနဲ့ချီပြီး ဓါးပြတိုက်၊ လုယက်ခံရတာတွေ ဖြစ်လာပါပြီ။ တချို့က လုယက်မှုတွေက လူဆိုးတွေနေထိုင်တဲ့ ဆင်းရဲသားရပ်ကွက်တွေလောက်မှာပဲ ဖြစ်လိမ့်မယ်လို့ တွက်ထားကြပေမယ့် အခုတော့ မကြုံစဖူး လူကုံထံရပ်ကွက်တွေမှာပါ ဖြစ်လာတာ တွေ့ရမှာပါ။ တန်ဖိုးကြီး တန်ဆာတွေ ဝတ်လာကြသူတွေ၊ တန်ဖိုးကြီးကားတွေ စီးလာကြသူတွေကို နောက်ယောင်ခံလိုက်ပြီး လုကြတာလို့ ဆိုပါတယ်။ မနှစ်တုန်းက အဲဒီလို လုယက်တာကနေ လူ ၁၃ဦး ပစ်ခတ်ခံရပြီး ၂ဦးသေဆုံးတယ်လို့ သိရပါတယ်။ လူကုံထံတွေက တတ်နိုင်ကြတော့ လုံခြုံရေးအစီအစဥ်တွေ တိုးမြှင့်လိုက်ကြရင် အများနေတဲ့ လူလတ်တန်းစားရပ်ကွက်တွေထဲကို ရာဇဝတ်မှုတွေ ဖောဖောသီသီ ရောက်လာဖို့ သိပ်မကြာတော့ပါဘူး။

ဟေလာရီတို့ အဒမ်ရှစ်ဖ်တို့ တက်ဒ်လျူတို့ နယူဆမ်တို့ အပါအဝင် ဒီမိုကရက်ကိုယ်စားလှယ်လောင်း တွေကို အမြဲ ငွေသိန်းချီလှူနေတဲ့ လော့စ်အိန်ဂျလိစ်က အက်ဒ်ဘပ်ခ်ဆိုတဲ့လူက သူ့အိမ်မှာ လူမည်းနှစ်ဦး ဆေးလွန်သေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အိမ်မှာ မူးယစ်ဆေးတွေ သိုလှောင်ထားမှု၊ မက်သ်ဆေးပြားဖြန့်ဖြူမှုနဲ့ ပြည်နယ်နယ်နိမိတ်ကိုကျော်ပြီး ပြည့်တန်စာလုပ်ငန်းနဲ့ ပတ်သက်မှုတို့နဲ့ ထောင်အနှစ် ၃၀ချမှတ်ခံရပါတယ်။

သူက မူးယစ်ဆေးရောင်းချရာမှာ လိင်ဖျော်ဖြေမှုနဲ့ ပေးချေတာကိုပါ လက်ခံသူဖြစ်ပြီး အဲဒီလူမည်းနှစ်ဦးသေဆုံးရတာလည်း အဲဒါကြောင့်ဖြစ်ပါတယ်။ ၂၆နှစ်အရွယ်တဦးက ၂၀၁၇တုန်းက သေဆုံးခဲ့တာဖြစ်ပြီး ၅၅နှစ်အရွယ်တဦးက ၂၀၁၉မှာ သေဆုံးခဲ့တာပါ။ ၂၆နှစ်လူငယ်ရဲ့မိခင်က သူ့သားအမှုတော်တော်နဲ့ မပေါ်တာက လူဖြူ ဘပ်ခ်ရဲ့ အစိုးရအရာရှိတွေနဲ့ ပတ်သက်နေတာကြောင့်များလားလို့ မေးခွန်းထုတ်လိုက်ပါတယ်။ ဘယ်ကြည့်လိုက်ကြည့်လိုက် လူဆိုးတွေနဲ့ ဒီမိုကရက်ခေါင်းဆောင်တွေဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဖြစ်နေတာပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: