ဧပြီ ၁၈ ရက် ၂၀၂၂

အီလွန်က လွတ်လပ်စွာဖော်ထုတ်ခွင့်ကို ထိန်းသိမ်းဖို့အတွက် တွဒ်တာကို အပိုင်ဝယ်ယူဖို့ ကြိုးစားတဲ့အပေါ် တွဒ်တာဘုတ်အဖွဲ့က ခါးခါးသီးသီး တုန့်ပြန်ကြတာနဲ့ ပတ်သက်ပြီး တွဒ်တာကို ပူးတွဲတည်ထောင်သူ ဂျက်ခ်ဒေါ်စီက ဝေဖန်လိုက်ပါတယ်။ ဒေါ်စီက ဒီဘုတ်အဖွဲ့က လုပ်လိုက်ရင် အမြဲ ကမောက်ကမချည့်ပဲလို့ ပြောလိုက်တာပါ။ သူက ပြီးခဲ့တဲ့ ဒီဇင်ဘာက တွဒ်တာစီအီးအိုအဖြစ်က ဆင်းပေးခဲ့ပေမယ့် ဘုတ်အဖွဲ့ဝင်အဖြစ်တော့ ဆက်ရှိနေပါသေးတယ်။ သူက တွဒ်တာမှာ ဘုတ်အဖွဲ့ရဲ့ တုန့်ပြန်မှုအကြောင်း ပြောဆိုနေကြတဲ့ တွိထဲမှာ ဝင်ရောက်ပြောဆိုသွားတာဖြစ်ပါတယ်။

အီလွန်က တွဒ်တာကို ဝယ်ယူမယ်ဆိုတဲ့ ၅၄.၂၀ဈေးက အီလွန်ဝယ်ယူမှုတွေမစခင် ဒီနှစ် ဇန်နဝါရီနှောင်းပိုင်းတုန်းက ပေါက်ဈေးဖြစ်တဲ့ ၃၄ ဝန်းကျင်ထက် ၆၀ရာနှုန်းနီးပါး များနေပြီးသားပါ။ ပုံမှန်ရှယ်ယာရှင် အများစုက လက်ခံကြဖို့ စဥ်းစားကြမှာဖြစ်ပေမယ့် ဘုတ်အဖွဲ့ရဲ့ ရှယ်ယာပိုင်ဆိုင်မှုက ဘာမှ ဟုတ်တိပတ်တိ ရှိမနေတာကြောင့် သူ့ကမ်းလှမ်းချက်ကို ရှယ်ယာရှင်တွေအကျိုးကို မကြည့်ပဲ ပယ်ချကြတာလို့ အီလွန်က ပြောထားပါတယ်။

ဘုတ်အဖွဲ့တခုလုံးပေါင်းမှ တွဒ်တာအားလုံးရဲ့ ၂.၇ရာနှုန်းပိုင်ပြီး အဲဒီထဲက ၂.၄ရာနှုန်းက ဒေါ်စီက ပိုင်တာဆိုတော့ ကျန်ဘုတ်အဖွဲ့ အားလုံးပေါင်းကမှ ၀.၃ရာနှုန်းပိုင်တာ ဖြစ်နေတာပါ။ ကျန်တဲ့ ကော်ပိုရိတ်ကြီးတွေလည်း အဲဒီလိုဖြစ်နေလို့များ နောက်က ကြိုးဆွဲသူတွေအလိုကျ ကနေရလားဆိုတာ စဥ်းစားစရာဖြစ်ပါတယ်။ အဲဒီဘုတ်အဖွဲ့ဝင်တွေဟာ တခါတလေသာ ရုံးလာရပေမယ့် သူတို့အတွက် တွဒ်တာက လစာ တဦးကို တနှစ်ကို ဒေါ်လာ ၂သိန်းခွဲ ၃သိန်းနဲ့ စတော့တွေ ပေးနေရပြီး သူတို့စရိတ်က တနှစ် ဒေါ်လာ ၃သန်းနီးပါးရှိတယ်လို့ ဆိုပါတယ်။ အီလွန်ကတော့ သူတွဒ်တာဝယ်ပြီးသွားရင် ဘုတ်အဖွဲ့ဝင်တွေကို လစာမပေးတော့မှာဖြစ်လို့ တနှစ်ကို ၃သန်းလောက် သက်သာမယ်လို့ ဆိုပါတယ်။

ဂျက်ခ်ဒေါ်စေက တွဒ်တာဘုတ်ကိုပဲ ဝေဖန်တမဟုတ်ပါဘူး။ စီအန်အန်န်ဟာ ဘရိုင်ယန်စတယ်လ်တာနဲ့ ဝါရှင်တန်ပို့စ်ကလူက တပ်ကာကာလ်ဆန်ဟာ သံသယတွေပဲ ယူဆောင်လာပေးတယ်လို့ အတိုင်အဖာက်ညီညီ ပြောနေကြတဲ့ တွိမှာ မင်းတို့ကရော မျှော်လင့်ချက်တွေ ယူဆောင်လာပေးနေလို့လားလို့ ပြန်ထောက်ခဲ့ပါတယ်။ ဒါတင်မကပါဘူး။ ဒီညနေ ထပ်ပြောပြန်တာက ၂၀၁၄တုန်းက မစ်စိုးရီပြည်နယ် ဖာဂူဆန်မြို့မှာ အဓိကရုန်းတွေ ဖြစ်ခဲ့တုန်းက စီအန်အန်န်က လူမျိုးရေး အဓိအရုန်းမဖြစ်ဖြစ်အောင် တွန်းနေခဲ့တာကို သူကိုယ်တိုင် သိထားတယ်လို့ ထပ်ပြောလိုက်ပါတယ်။

အဲဒီဖာဂူဆန်ကိစ္စက ဂျော့ဂျ်ဖလွိုက်လိုမျိုး ရဲနဲ့ လူမည်းပစ်ခတ်မှုဖြစ်ပါတယ်။ ဒေါ်စေရဲ့တွိကို ပြန်ထားတဲ့ အီရတ်အလှမယ်ဆာရာအီဒန်က စီအန်အန်န်က မဟုတ်တဲ့သတင်းတွေ တင်တတ်တာကို အီရတ်မှာ သူသတင်းတွေလိုက်ခဲ့တဲ့ ၂၀၁၉တုန်းက ကြုံခဲ့ရဖူးကြောင်း၊ အဲဒါကြောင့် လူတွေကို သဘောပေါက်စေချင်တာက မီဒီယာတိုင်းက မှားတတ်တယ် (သို့) ခြစားပြီး တမင်သတင်းအမှားတင်တတ်တယ်ဆိုတာကို နားလည်စေချင်ကြောင်း၊ သူတို့ကို ပုံပြီး မယုံခင် ကိုယ့်ဖာသာကိုယ် စုံစမ်းချင့်ချိန်သင့်ကြောင်း ပြောသွားပါတယ်။

မြန်မာပြည် ဖားအောက်ဆရာတော်ကြီးဆီမှာ တရားထိုင်ခဲ့ဖူးတဲ့ ဒေါ်စေတယောက် သူတည်ထောင်ခဲ့တဲ့ တွဒ်တာကို လက်ဝဲလက်ကိုင်ဒုတ်၊ ဆင်ဆာအဖွဲ့ ပုံပေါက်နေတာ မခံနိုင်လို့များလား၊ ဘာကွန်မွန်းဆန့်စ် ဘာလော့ဂျစ်နဲ့မှ ဘောင်မဝင်တဲ့ လက်ဝဲအာဘော်တွေကို စိတ်ပျက်နေပြီလား၊ အရင်က တယောက်ထဲမို့ အဝေဖန်မခံနိုင်တာလား တခုခုပါပဲ။​ ဘာပဲဖြစ်ဖြစ် မှန်တဲ့ဖက်က ပြောသမျှကိုတော့ ကြိုဆိုရမှာပါ။

ပင်တဂွန်က ထိပ်တန်းနည်းပညာအရာရှိတဦးဟာ ဗျူရိုကရေစီစနစ်ကို ဖောက်ထွင်းပြီး အလုပ်ဖြစ်အောင် လုပ်ရတာက မြေဆွဲအားကို ဆန့်ကျင်ပြီး အလုပ်လုပ်နေရသလိုပဲလို့ မှတ်ချက်ပေးပြီး အလုပ်က နှုတ်ထွက်သွားပါတယ်။ ပရက်စတန်ဒန်းလက်ပ်က လေနဲ့ အာကာသတပ်တွေကို တည်ဆောက်ခဲ့တဲ့ ဗိသုကာအရာရှိချုပ်ဖြစ်ပါတယ်။ ဒန်းလက်ပ်က သူတာဝန်ယူခဲ့တဲ့ ၃နှစ်အတွင်း ဗျူရိုကရက်စနစ်ကို ထိုးဖောက်နိုင်ဖို့ လုပ်နေရတာက များနေတာဖြစ်ပြီး အဆုံးမတော့ သူတို့အပူတပြင်းလိုအပ်နေတဲ့ နည်းပညာတွေကို လိုအပ်တဲ့အဖွဲ့တွေဆီ ပေးအပ်နိုင်ခဲ့ကြောင်း၊ အစိုးရက တခုခု ထုတ်လုပ်ဖို့ကြိုးစားတာနဲ့ စပြီး ရွာလည်တော့တာပဲဖြစ်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍမှာ အဲဒီလိုလုပ်နေရင် ဘယ်လိုမှ အသက်ဆက်နိုင်မှာ မဟုတ်ကြောင်း၊ ဖြစ်လဲမဖြစ်သင့်ကြောင်း သုံးသပ်သွားပါတယ်။

ဒန်းလက်ပ်ရဲ့ နှုတ်ထွက်မှုဟာ ဒီလဆန်းပိုင်းက ပင်တဂွန်က ဆော့ဖ်ဝဲအရာရှိချုပ် ဂျေဆင်ဝိုက်စ် နှုတ်ထွက်အပြီးနဲ့ မနှစ်အောက်တိုဘာတုန်းက လေနဲ့အာကာသတပ် ဆော့ဖ်ဝဲအရာရှိချုပ် နိကိုးလပ်စ် ချေလန်တို့ နှုတ်ထွက်အပြီးမှာ လိုက်လာတာဖြစ်ပြီး သူ့အရင်နှစ်ဦးကလည်း ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ဗျူရိုကရေစီယန္တယားကြီးက ကာကွယ်ရေးဌာနက တကယ်တော်တဲ့ တကယ်ကောင်းအောင် လုပ်ချင်သူတွေကို မအောင်မြင်အောင် အဟန့်အတား အခက်အခဲအမျိုးမျိုး ပေးနေတယ်လို့ သတိပေးခဲ့ကြပါတယ်။ အခုလို တိုင်းပြည်ကို တကယ်ကောင်းစေချင်တဲ့ ထိပ်တန်းလူတော်တွေ နှုတ်ထွက်ကုန်ကြတာဟာ ကာကွယ်ရေးဌာနအတွက် ဆုံးရှုံးမှု အကြီးစားကြီးဖြစ်တယ်လို့ ဒန်းလက်ပ်နှုတ်ထွက်တာနဲ့ပတ်သက်ပြီး ချေလန်က မှတ်ချက်ပြုသွားပါတယ်။

ဒန်းလက်ပ်က ပန်တဂွန်ဟာ ဘတ်ဂျက်လဲမရှိ၊ လုပ်ပိုင်ခွင့်အာဏာလည်းမရှိ၊ အမျှော်အမြင်လည်း မရှိ၊ တကယ်တတ်တဲ့သူတွေလည်းမရှိ၊ ကွန်ပြူတာလည်းမရှိ၊ နက်ဝေါ့ခ်လည်း မရှိပဲ ခေါင်မိုးက မိုးယို၊ လိုက်ကာတွေ ပြဲနေတဲ့အဖွဲ့ကြီးဖြစ်နေပြီလို့ သူ့ရဲ့ စာမျက်နှာ ၈မျက်နှာရှိတဲ့ လူတိုင်းဖတ်ရှုနိုင်တဲ့ နှုတ်ထွက်စာမှာ ရေးသားထားပါတယ်။ အိုဘားမားလက်ထက်မှာစပြီး ဘိုင်ဒန်လက်ထက်မှာ ပြန်ဆက်တဲ့ အလုပ်က အမေရိကန်စီးပွားရေး ချွတ်ချုံကျအောင်၊ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်တာအပြင် ကာကွယ်ရေးဌာနကိုလည်း သူတို့အာဂျင်ဒါနဲ့ ကိုက်တဲ့နေရာတွေကိုပဲ ဘတ်ဂျက် ဖောဖောသီသီ ချပေးထားပြီး တကယ်အရေးပါတဲ့နေရာတွေကို ချောင်ထိုးထားတာ ဖြစ်ပါတယ်။

အဲဒီသတင်းနဲ့ ဆက်စပ်ပြီး နားလည်နိုင်ဖို့ ပလိုးစီရဲ့ တိုင်ဝမ်ကို သွားမယ်ဆိုတဲ့ သတင်းကို ကြည့်ရင်အစက သမိုင်းဝင်ခရီးစဥ်ဖြစ်မယ်၊​ လွှတ်တော်စပီကာကိုယ်တိုင် သွားမှာ စသဖြင့် ဝေဆာနေအောင် မီဒီယာတွေက ဖော်ပြကြပေမယ့် တရုပ်ကြီးက ချောင်းတချက်ဟန့်အပြီးမှာတော့ ဟိုပိုးလိုလို ဘာလိုလို အကြောင်းပြပြီး တိတ်တိတ်လေး ခရီးစဥ်ဖျက်သိမ်းသွားပါတယ်။ နောက်သတင်းတပုဒ်က ထရမ့်လက်ထက်မှာ တရုပ်ပြည်က အမေရိကန်ကုန်စည်တွေကို ဘယ်လောက်ဝယ်ကိုဝယ်ရမယ်လို့ အကြပ်ကိုင်ခဲ့တဲ့အတွက် ကုန်သွယ်ရေးလိုငွေကွာဟမှု ကျဥ်းမြောင်းသွားခဲ့တာကနေ ဘိုင်ဒန်လက်ထက်မှာ တရုပ်ပြည်ကို အမေရိကန်ကုန်စည်တင်ပို့မှု အများကြီး လျော့ကျသွားပြီး တရုပ်သွင်းကုန်တွေ တက်လာတဲ့အတွက် ကုန်သွယ်ရေးလိုငွေပြမှု ပြန်လည်ဆိုးရွားလာတာပါ။ ကိုယ့်ပြည်ကို ချည့်နဲ့အောင်လုပ်ပြီး ရန်သူကို ဖင်မတဲ့ အစိုးရကို ခုထိ ကိုးကွယ်နေသူများရဲ့ စူးရောက်မှုကိုလည်း အံ့ဩမဆုံးဖြစ်ရပါတယ်။

သဘာဝဓါတ်ငွေ့ ပေါပေါများများထုတ်လုပ်နိုင်တဲ့ အမေရိကန်မှာ ဓါတ်ငွေ့ဈေးတွေက ဘီတီယူတသန်းကို ၈ဒေါ်လာဖြစ်လာတဲ့အတွက် ၂၀၀၈နောက်ပိုင်း အမြင့်ဆုံးကို ရောက်နေတယ်လို့ သိရပါတယ်။ အခုလို ဈေးမြင့်လာတာက ဥရောပနိုင်ငံတွေက ဓါတ်ငွေ့ကို ရုရှားဆီက မဝယ်ပဲ တခြားက ဝယ်ယူဖို့ ကြိုးစားနေချိန်မှာ ဖြစ်လာတာပါ။ ဥရောပက သူတို့ဓါတ်ငွေ့လိုအပ်ချက်ရဲ့ ၄၀ရာနှုန်းကို ရုရှားဆီက ဝယ်ယူနေခဲ့တာဖြစ်ပါတယ်။ ၂၀၀၆နဲ့ ၂၀၀၈တုန်းကတော့ မက္ကဆီကိုပင်လယ်ကွေ့မှာ ဟာရီကိန်းတွေရှိခဲ့လို့ ဘီတီယူတသန်းကို ၁၃.၃၂ဒေါ်လာအထိ တက်သွားခဲ့ပါတယ်။ ၂၀၀၉မှာတော့ ပြန်ကျသွားတာ ဘိုင်ဒန်တက်လာတဲ့အထိပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: