ဧပြီ ၂၀ ရက် ၂၀၂၂

ဖရီးစပိချ်ကို ကာကွယ်ဖို့ ပိုက်ဆံအများကြီး အကုန်ခံပြီး ကြိုးစားနေတဲ့ တက်စ်လာ၊ စပေ့စ်အိတ်စ်၊ ဘောရင်းကုမ္ပဏီတို့ရဲ့ စီအီးအို အီလွန်မတ်စ်က တွဒ်တာကိုတင် ဝေဖန်နေတာ မဟုတ်ပဲ ဖဘကလည်း ဇကဘနဲ့ မိသားစုရဲ့ လုံခြုံရေးအတွက် ၂၀၂၀တုန်းက ၂၃.၄သန်း၊ ၂၀၂၁မှာ ၂၇သန်း သုံးနေရတာကို များလွန်းတယ်လို့ ဝေဖန်ပါတယ်။ ဒါ့အပြင် နက်ဖလစ်စ်ကိုလည်း ဘယ်လိုမှ ကြည့်လို့ အဆင်မပြေလောက်အောင်ကို ဝုခ်ဖြစ်လွန်းနေတယ်လို့ ဝေဖန်သွားပါတယ်။ အဲဒီလို လက်ဝဲစွန်း အာဂျင်ဒါတွေ ထည့်လာလို့လည်း ဒီနှစ် ပထမ ၃လမှာ လပေးကြည့်ရှုသူပေါင်း ၂သိန်းလောက် လျော့ကျသွားလို့ စတော့ဈေးတွေလည်း ၂၅ရာနှုန်းလောက် ပြုတ်ကျသွားပါတယ်။

ဝုခ်ဆိုတာ တရားဝင်ဖွင့်ဆိုချက်အရတော့ ကိုယ့်ကိုယ်ကို (သို့) လူမှုရေးအရ သတိထားနေတဲ့သူလို့ ဆိုလိုတာပါ။ အနှစ်သာရအပိုင်းမှာတော့ လူတွေကို အသားအရောင်၊ လိင်၊ လိင်စိတ်ဝင်စားမှု၊ စတဲ့ အပေါ်ယံအပိုင်းတွေကိုသာ အလေးထားစဥ်းစားပြီး ကိုယ်ကျင့်တရား၊ အရည်အချင်းစတဲ့ မည်သည့် လူသားမဆို ရှိသင့်တဲ့ စံတွေကို ပစ်ပယ်ထားကြတာပါ။ အကျိုးဆက်ကတော့ လူတွေ အထူးသဖြင့် အနာဂတ်ကို ဦးဆောင်မယ့် လူငယ်တွေခေါင်းထဲကို အရည်အချင်းတို့ ကိုယ်ကျင့်တရားတို့က သာမည၊ ကိုယ့်ရဲ့ အသားအရောင်၊ လိင်၊ လိင်စိတ်ညွှတ်မှုစတာတွေက အဓိကလို့ ရိုက်သွင်းပေးတာပါပဲ။ မျှော်မကြည့်ရင်တော့ မမြင်ဘူးပဲလေ။​

မတ်စ်က အခုလို လက်ဝဲယိမ်းတွေကို ခပ်စိတ်စိတ် ဝေဖန်လာတာနဲ့ပတ်သက်ပြီး မိတ်ဆွေမထားတော့ဘူးလားလို့ ပြောကြသူများလည်း ရှိပါတယ်။ လက်ဝဲအာဂျင်ဒါတွေကို ဆန့်ကျင်ပြီဆိုကတည်းက လက်ဝဲသမားတွေရဲ့ ရန်သူဖြစ်သွားပါပြီ။ အမုန်းသန်အောင် လေ့ကျင့်ပေးထားခံရတဲ့ တိုင်းပြည်ရဲ့ တဝက်နီးပါးက မုန်းကြတော့မှာပါ။ သန်းခေါင်ထက် ညဥ့်မနက်တော့ဘူးလို့ ပြောလို့ ရပါတယ်။

အဲဒီလို ထင်ရှားသူတဦးက လက်ဝဲတွေကို ဝေဖန်လာတာနဲ့အတူ ပါလာတာကတော့ ဒီမိုကရက်အစိုးရတွေက တနည်းမဟုတ်တနည်းနဲ့ အရေးယူဖို့ ကြိုးစားလာတာပဲ ဖြစ်ပါတယ်။ အီလွန်ကို အစိုးရက ပြဿနာရှာတာ အကြိမ်ကြိမ်ရှိခဲ့ပြီဖြစ်ပြီး ထရမ့်မိသားစုတခုလုံးလည်း အကြီးအကျယ် ဒုက္ခပေးခံနေကြရသလို တခြား လက်ဝဲကို ဝေဖန်တဲ့ ထင်ရှားသူတွေကိုလည်း ဒီမိုကရက်အစိုးရအဆင့်ဆင့်က အနှောက်အယှက်အမျိုးမျိုး ပေးနေကြတာပါ။

ကယ်လီဖိုးနီးယားက ဖဲရ်ဟောက်စင်းအန်အမ်ပလွိုင်းမန့်ဌာနက ဖေဖော်ဝါရီတုန်းက ဖရီးမောင့်စက်ရုံက လူမည်းဝန်ထမ်းတွေဟာ နှစ်ရှည်လများ လူမျိုးရေးခွဲခြားမှု ခံခဲ့ရတာကို တက်စ်လာက ဘာမှ မလုပ်ပေးဘူးဆိုပြီး အထက်ပါဌာနက တရားစွဲဆိုခဲ့တာပါ။

နောက်သတင်းတပုဒ်မှာ တွေ့လိုက်တာကတော့ လူမည်းဝန်ထမ်းဟောင်းတဦးက အလုပ်ခွင်ဟာ ရန်လိုတယ်လို့ ကွန်ပလိန်းတဲ့အပေါ်မှာ တက်စ်လာကို ၁၃၇သန်း ပေးလျော်ဖို့ ၂၀၂၁ အောက်တိုဘာ လဆန်းက ချမှတ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်ကမှ ၁၅သန်းကို လျော့ချလိုက်တာပါ။ မနှစ် မေလတုန်းကလည်း အလားတူစွဲချက်ဖြစ်ခဲ့တာမှာ ၁သန်းကျော် လျော်လိုက်ရတာပါ။ အဲဒီမေလအမှုက လုပ်ဖော်ကိုင်ဖက်တဦးက သူ့ကို လူမည်းတွေကို နှိမ်ခေါ်တဲ့ အသုံးအနှုန်းမျိုး သုံးခဲ့တာကို လုပ်ဖော်ကိုင်ဖက်တွေက ကြည့်နေကြတယ်ဆိုတဲ့ အမှုပါ။ ကယ်လီဖိုးနီးယားလောက် လူမျိုးစုံတာ ကယ်လီဖိုးနီးယားပဲ ရှိပါတယ်။ တခြားလူမျိုးတွေက ပျော်ပျော်ကြီး လုပ်နေကြတာဆိုတော့ လူမည်းမို့ ခွဲခြားတယ်ဆိုတာကြီးက ယုံရခက်ကြီးပါ။​

ကယ်လီဖိုးနီးယားဖဲဟောက်စင်းအန်အမ်ပလွိုင်းမန့်ဌာနက အဲဒီလို စွဲချက်တင်လိုက်ပြီးနောက် တက်စ်လာစက်ရုံကို စစ်ဆေးရေးတွေလုပ်ဖို့ စတင်ပါတော့တယ်။ ဒီလိုလုပ်တာဟာ တန်းတူအလုပ်လုပ်ခွင့်ရရေးကော်မီတီ အီးအီးအိုစီက တက်စ်လာကို ဘာမလုပ်ရ ညာမလုပ်ရတွေ လက်မှတ်ထိုးခိုင်းပြီး လျော်ကြေးပေးဖို့ ဆွေးနွေးတာတွေ မလာခင်မှာ စထားတာဖြစ်ပြီး တကယ်တမ်း လာရောက် စစ်ဆေးသလားဆိုတော့လည်း မဟုတ်ပါဘူးလို့ တက်စ်လာက ဆိုပါတယ်။

တခုရှိတာက ကယ်လီဖိုးနီးယားဥပဒေတွေအရ အရောင်ရှိလူတွေ၊ ကျားအဖြစ်မွေးပြီး ကျားအဖြစ်ကို နှစ်သက်ပြီးနဲ့ မိန်းမကို စိတ်ဝင်စားတဲ့သူမဟုတ်ရင် ကျန်တာတွေအားလုံးကို အကာကွယ်ခံတွေအဖြစ် သတ်မှတ်ပြီး ဘာမှ လက်ဆုတ်လက်ကိုင် ပြစရာမလိုပဲ စိတ်ထဲမှာ ခွဲခြားခံရတယ်ဆိုတာနဲ့တင် စွဲလို့ ရနေတာပါ။ အမှုဆုံးဖြတ်တာတော့ တရားသူကြီးပေါ်/ဂျူရီအဖွဲ့ပေါ် မူတည်မှာဖြစ်ပေမယ့် စတည်ထားတာကိုက အခြေမခိုင်နေတော့ မှန်လဲမှား မှားလည်းမှား ဖြစ်နိုင်နေတာပါ။

သူတို့လိုချင်သလို မဆုံးဖြတ်မယ့်တရားသူကြီးကိုလည်း ဘီအယ်လ်အမ်တွေက ချောင်းမရိုက်ဘူး မပြောနိုင်ပါဘူး။ စွဲချင်တိုင်းနိုင်နေရင်လည်း ဘယ်သူမှ အလုပ်ကောင်းကောင်းလုပ်မှာ မဟုတ်တော့ပဲ တရားစွဲလို့ရမယ့် ဂွင်ကိုပဲရှာနေတော့မှာပါ။ အဲဒီလို ရှာတာများလာရင် လူတွေက ရှောင်လာမယ်၊ အထင်သေးလာမယ်လေ။ သံသယနဲ့ အမုန်းတွေများနေတဲ့ လူ့အဖွဲ့အစည်းက ဘယ်လိုပျော်စရာ ကောင်းမှာတဲ့လဲ။ ငါးစာပဲမြင်ပြီး ငါးမျှားချိတ်မမြင်သ၍တော့ ခက်ကြဦးမှာပါပဲ။

အဲဒီအမှုနဲ့ ပတ်သက်ပြီး တက်စ်လာက ကယ်လီဖိုးနီးယားဖဲဟောက်စင်းအန်အမ်ပလွိုင်းမန့်ဌာနရဲ့ စွဲချက်ဟာ အားစမ်းတဲ့သဘောထက် ဘာမှမပိုဘူးလို့ ဝေဖန်လိုက်ပြီး အဲဒီဌာနဟာ ဘူလီလုပ်တဲ့ နည်းကို အသုံးပြုပြီး (အစိုးရဌာနနဲ့ ပုဂ္ဂလိက၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံကြား) အားပြိုင်မှုကို သူတို့ဖက်က အသာရအောင် လုပ်နေတယ်လို့ အလာမီးဒါးကောင်တီ ဆူပီးရီးယားကုတ်ကို တင်ပို့တဲ့ စွဲချက်တခုမှာ ဖော်ပြထားပါတယ်။ အစိုးရရဲ့ အာဏာဟာ အကန့်အသတ်ရှိရမယ်ဆိုတာကိုပါ အလေးမထားပဲ ပစ်ပယ်ထားတယ်လို့လည်း စွဲချက်ထဲမှာ ဖော်ပြထားပါတယ်။

ထရမ့်နဲ့ ရုရှား ပူးပေါင်းပြီး ၂၀၁၆ရွေးကောက်ပွဲကို လုပ်ကြံတယ်ဆိုတဲ့ လိမ်ဆင်စွဲချက်ကို စစ်ဆေးနေတဲ့ အထူးရှေ့နေဒါဟမ်က အက်ဖ်ဘီအိုင်နဲ့ စီအိုင်အေကို လိမ်တယ်လို့ စွဲချက်တင်ထားတဲ့ ကလင်တန်ကမ်ပိန်းရှေ့နေ မိုက်ကယ်ဆပ်စ်မန်အမှုကို ကလင်တန်ကမ်ပိန်းက ဝင်စွက်လိုက်ပါတယ်။ ဆပ်စ်မန်ကို တောင်းထားတဲ့ အထောက်အထား စာရွက်စာတမ်းတွေဟာ ရှေ့နေနဲ့ အမှုသည်ကြား လှို့ဝှက်အပ်တဲ့ ကိစ္စဖြစ်တဲ့အတွက် မပေးနိုင်ပါဘူးလို့ ဝင်စွက်တာပါ။

နယ်စပ်ကိစ္စမှာ ဘိုင်ဒန်အစိုးရက ဦးဆောင်မှုမပေးပဲ ဒုက္ခအဖြာဖြာပဲ ပေးနေတော့ ကုန်စည်စီးဆင်းမှု ချောမွေ့ဖို့နဲ့ တရားမဝင် ဝင်ရောက်မယ့်သူတွေကို မက္ကဆီကိုဖက်က ထိန်းချုပ်ပေးဖို့ တက္ကဆက် ဂါဗာနာ ဂရက်ဂ်အဲဘော့က မက္ကဆီကိုဖက်က ဂါဗာနာတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး သဘောတူစာချုပ် လက်မှတ်ရေးထိုးလာတာ အခုဆိုရင် မက္ကဆီကိုဖက်က ဂါဗာနာ ၄ဦးရှိသွားပြီဖြစ်ပါတယ်။ ၂၆နှစ်အရွယ် ဥပဒေကျောင်းသားဘဝက အိမ်နားမှာ အပြေးကျင့်ရင်း ကျောပေါ် ဝက်သစ်ချပင်ကျိုးကျလို့ ကျောရိုးကျိုး အောက်ပိုင်းသေသွားတဲ့ တက္ကဆက်စ်ဂါဗာနာဟာ မသန်ပေမယ့် စွမ်းပကားကြီးမားတဲ့ ခေါင်းဆောင်ကောင်းတဦးဖြစ်ပါတယ်။

လစ်ဘ်စ်အော့ဖ်တစ်တော့ခ်ဆိုတဲ့ ချန်နယ်နဲ့ တစ်တော့ ယူကျု တွဒ်တာမှာ ဝုခ်တွေကို လှောင်ထားတဲ့ ဗီဒီယိုလေးတွေ တင်နေတဲ့ အမျိုးသမီးငယ်ကို လက်ဝဲကော်ပိုရိတ်အသိုင်းအဝိုင်းနဲ့ မီဒီယာတွေကပါ သူမဘယ်သူဆိုတာကို ဖော်ထုတ်ပြီး ဝိုင်း ခြိမ်းခြောက်ခဲ့ကြလို့ သူမတင်နေတာတွေ ဆက်မလုပ်နိုင်ဖြစ်တော့မယ့် အနေအထားမှာ သရော်စာတွေတင်တဲ့ ဘေဘီလုံဘီးက သူမကို သူလုပ်နေကျ ဆက်လုပ်လို့ရအောင် သူတို့ရဲ့ ဝန်ထမ်းအဖြစ် ခန့်အပ်သွားမယ်လို့ ကြေငြာလိုက်ပါတယ်။ အနုပညာကို အနုပညာလိုမြင်ဖို့က နှလုံးသားကြီးကြီး သဘောထားရင့်ကျက်မှလည်း ဖြစ်နိုင်တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: