အီလွန်က သူ တွဒ်တာကို ဝယ်ဖို့ ၄၆.၅ ဘီလီယံ ရှာထားပြီးဖြစ်ကြောင်းနဲ့ မကြာမီ တန်ဒါအော်ဖာ ကမ်းလှမ်းသွားဖို့ စီစဥ်နေကြောင်း ကနေ့အက်စ်အီးစီကို လျောက်ထားချက်မှာ ဖော်ပြထားပါတယ်။ အဲဒီလို တန်ဒါအော်ဖာလုပ်ခြင်းဖြင့် ဘုတ်အဖွဲ့ကို ဖြတ်စရာ မလိုတော့ပဲ ၉၀.၈ရာနှုန်းသော ရှယ်ယာရှင်တွေက သူ့ကမ်းလှမ်းချက်ကို လက်ခံ/မခံ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ၉၀.၈ဆိုတာက ကျန်တဲ့ ၉.၂ရာနှုန်းက သူပိုင်ပြီးသားမို့ပါ။ အကုန်လုံးတော့ ဖြစ်စရာမလိုပါဘူး၊ ဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ ပမာဏက သတ်မှတ်ရက်မှာ စျေးတခုသတ်မှတ်ပေးဖို့ပဲ လိုတာပါ။ အဲဒီလို ဖြစ်လာရင် ဘုတ်အဖွဲ့က ပွိုင်ဆန်ပေလ်လည်း လုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။
တန်ဒါအော်ဖာလုပ်လိုက်ရင် တွဒ်တာဘုတ်က ကောင်တာအော်ဖာ လုပ်နိုင်ဖို့ နောက်ထပ် ဝယ်သူတယောက် ပြရမှာဖြစ်ပါတယ်။ မပြနိုင်ရင်တော့ မတ်စ်နဲ့ ဆွေးနွေးဖို့ပဲ ရှိပါတော့တယ်။ ခုအချိန်အထိတော့ တကယ်အဲဒီလို အော်ဖာလုပ်/မလုပ်ကို မဆုံးဖြတ်ရသေးပါဘူး။ တွဒ်တာဘုတ်ကလည်း ဘာမှ မတုန့်ပြန်သေးပါဘူး။ ခေါင်းချင်းရိုက်နေကြမှာတော့ သေချာပါတယ်။
အဲဒီ ၄၆.၅ဘီလီယံမှာ ၁၃ဘီလီယံက မော်ဂန်စတန်လီနဲ့ တခြားဘဏ်တွေ ချေးငွေတွေဖြစ်ပြီး ၁၂.၅ဘီလီယံက သူပိုင် တက်စ်လာစတော့တွေကို အပေါင်ခံထားရာက ရမယ့် ချေးငွေတွေ ဖြစ်ပါတယ်။ ကျန် ၂၁ဘီလီယံက သူ့ရဲ့ တိုက်ရိုက်/သွယ်ဝိုက် ပိုင်ဆိုင်မှုတွေက လာတာပါ။ တကယ်ရမယ့် ပမာဏကတော့ ဒီထက် လျော့ကောင်း လျော့နိုင်ပါတယ်။
အီလွန်က တက်စ်လာစတော့ရဲ့ ၁၇ရာနှုန်း ပိုင်ဆိုင်ထားတာပါ။ လတ်တလောတန်ခြေအရ ၂၇၉ဘီလီယံလောက် ချမ်းသာတယ်လို့ ဆိုနိုင်ပါတယ်။ စပေ့စ်အိတ်စ်ကတော့ သူပိုင် ပုဂ္ဂလိကပိုင် ကုမ္ပဏီပါ။ ဘယ်လောက်တန်ခြေရှိတယ်ဆိုတာတော့ ခန့်မှန်းဖို့ မလွယ်ပါဘူး။ ဘဏ်တွေကတော့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ကြီးကို ငွေချေးချင်လွန်းလို့ တန်းစီနေကြမှာပါ။ အဲဒါကြောင့်လည်း ဒီလောက်မြန်မြန် လျောက်လွှာတင်နိုင်ခဲ့တာပါ။ အမေရိကန်မှာ အိမ်ဝယ်ဖူးသူတိုင်း အိမ်တလုံးဝယ်ဖို့တောင် ကြွေးရဖို့ အဆင့်ဆင့်လုပ်ရတာ ဒီထက် ကြာတတ်ကြောင်း သိကြပါတယ်။
တကယ်တမ်းမှာ အီလွန်က အပေါ်က ပြောခဲ့တာထက် ပိုချမ်းသာသွားနိုင်ပါတယ်။ မနေ့ကထွက်တဲ့ တက်စ်လာရဲ့ ဝင်ငွေအစီရင်ခံစာအရ တက်စ်လာရဲ့ ၂၀၂၂ ပထမ ၃လပတ်ဝင်ငွေက ၁၈.၇၆ဘီလီယံရှိပြီး ခန့်မှန်းဝင်ငွေဖြစ်တဲ့ ၁၇.၉ဘီလီယံကို အများကြီး ကျော်လွန်နေတာပါ။ ပြီးခဲ့တဲ့ ၃လပတ် ၃ကြိမ်တွေမှာလည်း လျာထားချက်ကို အများကြီး ကျော်လွန်ခဲ့တဲ့အတွက် အီလွန်က နောက်ထပ် တက်စ်လာ ရှယ်ယာ ၈.၄သန်းကို ၉၀ရာနှုန်းလျော့စျေးနဲ့ ဝယ်ယူခွင့် ၃ကြိမ် ထပ်ရသွားပြီး တက်စ်လာရှယ်ယာဈေးလဲ ၇ရာနှုန်း တက်သွားပါတယ်။
အဲဒီသတင်းနဲ့ ဆန့်ကျင်ဖက်ကတော့ စီအန်အန်ပါ။ ပုံမှန်ကေဘယ်လ်မှာ ကြည့်ရှုသူ တနေ့ ၁သောင်းအောက်ရောက်လာတော့ စီမံသူဉာဏ်ကြီးရှင်များက အခုနောက်ပိုင်း ခေတ်စားလာတဲ့ လပေးကြည့်ရှုမှုနဲ့ သွားကြည့်ဖို့ သန်း ၃၀၀လောက် အကုန်ခံပြီး ၂၀၂၁ ဇူလိုင်လထဲကစတင် ပြင်ဆင်တာခဲ့တာပါ။ တကယ်လိုက်ဖ်သွားတော့ မတ်လ ၂၉ရက်နေ့မှာဖြစ်ပြီး ၂၃ရက်အကြာမှာတော့ သူတို့အစီအစဥ် မအောင်မြင်တဲ့အတွက် ဧပြီ ၃၀ရက်ကို နောက်ဆုံးထားပြီး စီအန်အန်ပလပ်စ်ကို ရပ်ပစ်တော့မှာဖြစ်ကြောင်း ကြေငြာသွားပါတယ်။
ဆုံးဖြတ်ချက်က မိဘကုမ္ပဏီတွေဖြစ်တဲ့ အေတီအန်တီ၊ ဝါနာဘရားသားစ်နဲ့ ဒစ်စ်ကာဗာရီတို့က လာတာဆိုတော့ လက်ဝဲမှိုင်းတွေဝင်ပြီး အမှန်ကို မမြင်ကြတော့တာ၊ လက်တွေ့နဲ့ ဝေးနေကြတာ ဖြစ်ပါလိမ့်မယ်။ သူတို့က ဒီနှစ်ကုန်မှာ လပေးကြည့်သူ ၂သန်းကျော်ရှိမယ်လို့ မှန်းထားပေမယ့် တကယ်တမ်းမှာ တသိန်းခွဲလောက်ပဲ ရတာဖြစ်ပါတယ်။ အဲဒါကြောင့် ထရမ့်သမ္မတဖြစ်စဥ်က “မင်းတို့ ငါရှိနေလို့ တနေ့တနေ့ ငါ့အကြောင်းသတင်းလုပ်(အတင်းတုပ်)ပြီး အလုပ်ဖြစ်နေတာ၊ ငါမရှိရင်မင်းတို့ ဘာဖြစ်သွားမလဲ” လို့ စီအန်အန်ကလူတွေကို အမြဲပြောနေခဲ့တာပါ။
နောက်ထပ် ဝုခ်ကုမ္ပဏီကြီးတခုဖြစ်တဲ့ ဒစ္စနေကလည်း ဝုခ်အယူအဆတွေအတိုင်းလိုက်ပြီး ယောက်ကျားလေး၊ မိန်းကလေး၊ ကျား၊ မ စတာတွေ သုံးစွဲပြီး မနှုတ်ဆက်တော့တာကစပြီး ဖလော်ရီဒါက မိဘအခွင့်အရေးဥပဒေကို အကြီးအကျယ်ဆန့်ကျင်ခဲ့တာကြောင့် ဒစ္စနေမှာ အဖွဲ့ဝင်ထားတဲ့ မိသားစုတွေ၊ ကြည့်ရှုအားပေးသူတွေက စွန့်ခွာခဲ့ကြလို့ စတော့ဈေးတွေ ထိုးဆင်းသွားခဲ့ပါတယ်။ ဒါ့အပြင် ဖလော်ရီဒါပြည်နယ်က ဒစ္စနေကို အခွန်ပိုင်းအပါအဝင် အထူးအခွင့်အရေးပေးထားတဲ့ အချက်တွေကို ပြန်လည် ရုပ်သိမ်းသွားဖို့ ပြည်နယ်လွှတ်တော်က တခဲနက် မဲပေးဆုံးဖြတ်ခဲ့ကြပြီး ဂါဗာနာဒီဆန်းတစ်စ်က လက်မှတ်ရေးထိုးတော့မှာ ဖြစ်ပါတယ်။ ဇွန်လကစပြီး အကျုံးဝင်မယ့် အဲဒီဥပဒေဟာ ဖလော်ရီဒါပြည်နယ်မှ ခရိုင် ၆ခုမှာ အကျုံးဝင်မှာ ဖြစ်ပါတယ်။
ရုရှားတွေက ယူကရိန်းကို အင်တာနက်ပေးဖို့ အီလွန်လှူထားတဲ့ စတားလင့်ခ် တာမီနယ်လ်တွေကို လှူထားတဲ့ ဖေဖေါ်ဝါရီထဲက လျှပ်စစ်သံလိုက်စက်ကွင်းကို သုံးပြီး တချိန်ကို နာရီနည်းနည်းနဲ့ ဖြတ်ဖြတ်ပစ်နေခဲ့တာပါ။ မတ်လ ၂၅မှာတော့ ဆော့ဖ်ဝဲ အဆင့်မြှင့်လိုက်တဲ့အတွက် ဟက်ခ်လုပ်တာတွေ ဂျမ်းလုပ်တာတွေ မဖြစ်အောင် ကာကွယ်နိုင်ခဲ့ပြီလို့ အီလွန်က ဆိုပါတယ်။
ပင်တဂွန်က လျှပ်စစ်သံလိုက်စက်ကွင်းစစ်ဆင်ရေး ဒါရိုက်တာက အင်တာနက်ခေတ်မှာ အဲဒီလိုအန္တရာယ်တွေက ကြီးသထက်ကြီးလာမှာဖြစ်လို့ အမေရိကန်စစ်တပ်ရဲ့ အီလက်ထရောနစ်ဝါးဖဲရ်(EW)အဖွဲ့တွေက စပေ့စ်အိတ်စ်ကနေ လေ့လာသင့်တယ်လို့ မှတ်ချက်ပြုသွားပါတယ်။ ရုရှားတွေက ၂၀၁၄ ခရိုင်းမီးယားကို ကျူးကျော်ကတဲက EW ကို အသုံးပြုနေခဲ့တာဖြစ်ပါတယ်။ အဲဒါကို စတားလင့်ခ်က အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့တာဟာ အောင်မြင်မှု အကြီးကြီးဖြစ်တာကြောင့် သူအလွန် စိတ်လှုပ်ရှားဝမ်းသာခဲ့ရတယ်လို့ ဆိုပါတယ်။
မက်ဒေါနယ်ရဲ့ စီအီးအိုဟောင်းဖြစ်တဲ့ နာမည်ကြီး မက်ကြက်သားနပ်ဂက်တွေကို စတင်ခဲ့သူ အက်ဒ် ရန်စီက ဝုခ်ကော်ပိုရေးရှင်းတွေ လွှမ်းမိုးလာတာကို တွန်းလှန်ဖို့ မဟာမိတ်တွေနဲ့ ညွန့်ပေါင်းအုပ်စု ဖွဲ့နေတယ်လို့ သိရပါတယ်။ အဆိုပါ ညွန့်ပေါင်းအုပ်စုကို သည်ဘို့ဒ်ရွမ်းအင်နီရှီယေးတစ်ဗ်လို့ ခေါ်ပြီး ပါဝင်တဲ့ မဟာမိတ်တွေကတော့ သည်ဂျော့ဘ်ခရီရေတာစ်နက်ဝေါခ်၊ သည်ဖရီးအန်တာပရိုက်စ်ဂရုနဲ့ ရန်စီဦးဆောင်တဲ့ ဆက်ကန်းဗုတ်တို့ ဖြစ်တယ်လို့ ဖောက်စ်ဘဇ်နက်စ်နက်ဝေါ့ခ်က ဆိုပါတယ်။
ရန်စီအဆိုအရ ကော်ပိုရေးရှင်းတွေဟာ လူတိုင်းနဲ့ ဆက်ဆံရတဲ့အတွက် လက်ဝဲ လက်ယာ စတာမျိုး မရှိသင့်ပဲ သူတို့ကို ယုံကြည်လို့ ရင်းနှီးမြှုပ်နှံကြတဲ့ သူတွေရဲ့ အကျိုးစီးပွား တိုးတက်ဖို့သာ လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။ အဲဒီလိုဖြစ်ဖို့ဆိုတာလည်း ကုမ္ပဏီက ကျန်းကျန်းမာမာ အောင်မြင်နေမှသာ ဖြစ်နိုင်တာပါ။ ခုနှစ်တွေမှာ ကိုကာကိုလာ၊ ဒယ်လ်တာလေကြောင်း၊ စတားဘဂ်က်စ်၊ နက်ဖလစ်စ်နဲ့ ဂျန်နရယ်လ်မော်တော်တို့က မဲပေးမဲ့သူတွေ အိုင်ဒီ(မှတ်ပုံတင်) ပြရမယ်ဆိုတဲ့ ပြည်နယ် ဥပဒေတွေကို ဆန့်ကျင်လိုက်ကြတာဟာ မဲပေးရင် အိုင်ဒီပြမှသာ အဲဒီမဲက အစစ်အမှန်ဖြစ်တယ်လို့ ယုံကြည်သူများကို ငါတို့ဆီမလာနဲ့လို့ ကန်ထုတ်သလိုဖြစ်နေတာကို ထောက်ပြသွားပါတယ်။ နောက်တချက်ကလည်း အဲဒီလို ဝုခ်လမ်းစဥ်တခုကို လက်ခံလိုက်ရင် နောက်ထပ် အစွန်းရောက်အတွေးအခေါ်တွေ လာတိုင်းလည်း အဲဒီလိုပဲ ဒူးထောက် လက်မြှောက်ပေးနေရမှာဖြစ်နေတာပါ။
မနေ့က မစ်စိုးရီပြည်နယ် အဝေးပြေးလမ်းတခုပေါ်မှာ ဆေးခြောက်ဖြန့်တဲ့လုပ်ငန်းတခုက ကားက ယာဥ်တိုက်မှုတခုဖြစ်ခဲ့အပြီးမှာ ကားပေါ်မှာ ခိုးတင်လာတဲ့ ဆေးခြောက် ပေါင် ၅၀၀ ခန့်ဟာ လမ်းပေါ်ကို လွင့်စဥ်သွားခဲ့ပါတယ်။ ကားတိုက်မှုမှာ ဘယ်သူမှ ဒဏ်ရာရတာမရှိပေမယ့် ဆေးခြောက်မှောင်ခိုမှုနဲ့ မက္ကဆီကိုက လူနှစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။ သူတို့ကို စွဲထားတဲ့ အမှုတွေက ထောင်ဒဏ် ၁၀နှစ်ကနေ အနှစ် ၃၀အထိအပြင် ငွေဒဏ်ပါ ကျရောက်နိုင်တာပါ။
မစ်စိုးရီပြည်နယ်မှာ ဆေးခြောက်က ဆေးဝါးအတွက် သုံးတာကိုတော့ တရားဝင်ခွင့်ပြုထားပါတယ်။ အဲဒီကနေ ၂၀၂၀မှာ အခွန် ဒေါ်လာ သန်း၃၀ ရရှိထားတာပါ။ စဥ်းစားသင့်တာက ဒီကိစ္စမှာ ကားတိုက်မှုဖြစ်လို့ လမ်းပေါ်လဲ အများကြီး လွင့်ကျကုန်လို့သာ ဖမ်းမိတာပါ။ မမိလိုက်တာတွေက ဘယ်လောက်တောင် များနေမလဲဆိုတာနဲ့ အဲဒီဆေးခြောက်တွေကြောင့် ဖြစ်လာမယ့် ရာဇဝတ်မှုတွေ၊ အကျင့်စာရိတ္တ ပျက်ယွင်းမှုတွေ၊ လူငယ်တွေ ဘဝဦးတည်ချက် လွဲကုန်တာတွေ ဘယ်လောက်တောင် ဖြစ်နေမလဲဆိုတာကိုပါ။ မူးယစ်ဆေးတွေဆိုရင်တော့ ဒီထက် အများကြီး ပိုဆိုးဦးမှာပါ။