ဧပြီ ၂၄ ရက် ၂၀၂၂

ဖရီးစပိချ်ကို ကာကွယ်ဖို့ ကိုယ်ပိုင်ဓနကို အလုံးအရင်းနဲ့ သုံးပြီး ကြိုးစားတာ အရှိန်ရလာချိန်မှာတော့ ပြည်နယ်/ဖက်ဒရယ်အစိုးရတွေက နည်းမျိုးစုံနဲ့ ခြေထိုးလာကြပါတယ်။ အီလွန့်လုပ်ရပ် သက်ရောက်မှု အတိုင်းအတာဘယ်လောက်ကြီးလဲဆိုတော့ လက်ဝဲသမားတွေက သူတို့ဖက်က အိုဘားမားတို့ ဟေလာရီတို့လို လက်ကြီးတွေ အကုန်ထုတ်သုံးလာရတာကို ကြည့်ရင် သိနိုင်ပါတယ်။ အဲဒါကလည်း ဘိုင်ဒန်နဲ့ ကာမလာတို့က သုံးစားမရမှန်း ပိုသိသာစေတာပါပဲ။

ဟူစိန်အိုဘားမားက စတန်းဖို့ဒ်က ဆိုင်ဘာပေါ်လစီစန်တာမှာ ပေးတဲ့ မိန့်ခွန်းမှာ ဒီမိုကရေစီကို ကာကွယ်ဖို့အတွက် အစိုးရက အင်တာနက်နဲ့ သတင်းအချက်အလက်တွေကို ပိုထိန်းချုပ်သင့်တယ်လို့ ပြောသွားပါတယ်။ သူပြောတဲ့ အစိုးရကဆိုရာမှာ ဖရီးစပိချ်ကို အားပေးတဲ့ ရီပါဘလစ်ကန်အစိုးရ တွေတော့ ပါမယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ရီပါဘလစ်ကန်တွေကို ဆဲဆိုဝေဖန်လို့ ဘယ်သူမှ ထောင်မကျ၊ အပိတ် အဘန်းမခံရပေမယ့် ဒီမိုကရက်တွေ၊ ဒီမိုကရက်ပေါ်လစီတွေ၊ တရုပ်လို အာဏာရှင်တွေကို ဝေဖန်ဆဲဆိုရင်တော့ ဆူးလှည်းပုဒ်မနဲ့ ဆွဲစိခံရမှာဖြစ်နေလို့ပါ။ မြန်မာပြည်မှာလည်း အားလုံးသိတဲ့အတိုင်း အဲဒီလိုအခြေအနေတခု ရှိခဲ့ပါတယ်။ တူတယ်လို့ ခံစားမိသူတွေရှိသလို ဟိုဖက်ကို အတည့်ကြည့်၊ ဒီဖက်ကို ဇောက်ထိုးကြည့်ပြီး မတူပါဘူးလို့ ကိုယ့်ကိုယ်ကို လှည့်ဖြားနေသူတွေလည်း အများကြီးရှိပါသေးတယ်။

တိုက်ဆိုင်တာထက်ပိုတာတခုက ဟူစိန်ပြောပြီး သိပ်မကြာခင်မှာပဲ ဟေလာရီကလည်း အစိုးရက သတင်း”အမှား”တွေကို တိုက်ဖျက်ဖို့ ပိုပြီး ဥပဒေတွေနဲ့ ပိုပြီး တင်းတင်းကျပ်ကျပ်ကိုင်တွယ်ဖို့ လိုတယ်လို့ အင်တာနက်မှာ ကွန်မန့်ဝင်လုပ်ပါတယ်။​ လွတ်လပ်တဲ့ ကမ္ဘာကြီးကို အချုပ်အချယ်တွေနဲ့ သွားလို့ရနိုင်မလားဆိုတာကိုတော့ ပြန်စဥ်းစားကြစေချင်ပါတယ်။​

ဒီမိုကရက်တွေ လုပ်နေပုံက တဖက်က အကြောက်တရားထည့်၊ တဖက်က ကိုယ့်အနာဂတ်ကနေ အလုံးအရင်းနဲ့ချေးယူထားတဲ့ ပိုက်ဆံတွေထဲက အစွန်းထွက်လောက်ပေးပြီး ဖြားယောင်းဆိုတော့ မနူးမနပ်အရွယ်ကလေးတွေကို အစပိုင်းမှာ အလိုလိုက် လက်ဆောင်လေး နဲနဲပါးပါးပေး၊ မိဘကို ပြန်မပြောဖို့ အယုံသွင်းပြီး သွေးခွဲ၊ နဲနဲယုံလာမှ ဟိုအတန်းပို့ ရောင်းစားတာနဲ့ သဘောချင်းက တူတူပါပဲ။ အဲဒါကြောင့်လည်း သူတို့ထဲမှာ ဂျက်ဖရေအက်ပ်စတိန်းတို့လို ပီဒိုဖိုင်း(သက်ငယ်လိင်မုဆိုး)တွေ ဟာဗေဝိုင်းစတိုင်းတို့လို လိင်မုဆိုးတွေနဲ့ အကြီးအကျယ် လုံးထွေးနေကြတာ ဖြစ်မှာပါ။

တွဒ်တာကိုဝယ်မယ့် အီလွန်ကို ချီးမွမ်းလိုက်သူထဲက ထင်ရှားသူနောက်တဦးကတော့ ရှာ့ခ်တန့်ခ်တီဗီ အစီအစဥ်က ကယ်ဗင်အိုလယ်ရီဖြစ်ပါတယ်။ သူကတော့ ဘဏ္ဍာရေးကိစ္စ ကျွမ်းကျင်သူပီပီ တာဝန်မဲ့ ဖြုန်းတီးမယ့် ဘယ်လမ်းစဥ်ကိုမှ အယုံအကြည်ရှိသူ မဟုတ်ပါဘူး။ ကယ်ဗင်က တွဒ်တာဟာ လက်ဝဲဖက်ကို ပိုပိုယိမ်းလာတာကို လူတွေသတိထားမိတဲ့နောက် တွဒ်တာစတော့မှာ ရင်းနှီးမြှုပ်နှံရတာဟာ ပြိုင်ဖက်တွေနဲ့ ယှဥ်ရင် အားရစရာရှိမနေကြောင်း၊ မတူတဲ့အမြင်တွေကို ပိတ်ပင်တာက တကယ်ကို မဖြစ်သင့်ကြောင်း၊ ဘုတ်အဖွဲ့ကလည်း ဘာကောင်းတဲ့အလုပ်ကိုမှ ထိထိရောက်ရောက် မလုပ်နိုင်တဲ့အတွက် အားလုံးဖြုတ်ပြစ်သင့်ကြောင်း၊ အီလွန်ပါဝင်လာတာဟာ တွဒ်တာကို အဲဒီအခြေအနေကနေ လွတ်ကင်းအောင် လုပ်ဆောင်နိုင်ဖို့ အခွင့်အရေးကောင်း ဖြစ်ကြောင်း၊ အီလွန်က သူလုပ်တဲ့ကိစ္စမှန်သမျှ အပေါ်ယံစီမံခန့်ခွဲတာမျိုးတင်မဟုတ်ပဲ ထဲထဲဝင်ဝင် အတွင်းကျကျ သေချာကောင်းအောင် လုပ်တဲ့အတွက် သူ့လက်နဲ့ထိရင် ရွှေဖြစ်သလိုကို ဖြစ်နေကြောင်း၊ ရှယ်ယာရှင်တွေစဥ်းစားဖို့က ဖရီးစပိချ်ကို ယုံကြည်သည်ဖြစ်စေ မယုံသည်ဖြစ်စေ အီလွန်နောက်ဆုတ်သွားရင် စိတ်ပျက်စရာအခြေအနေကိုပဲ ပြန်ရောက်သွားမှာဖြစ်ကြောင်း၊ ဘယ်သူပြောတာကို ခွင့်ပြုမယ်၊ ဘယ်သူပြောတာကို ခွင့်မပြုဆိုတာတွေ စဥ်းစားလာပြီဆိုတာကိုက အမေရိကန်ပြည်သူတွေရဲ့ မွေးရာပါအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာဖော်ထုတ်ခွင့်ကို နင်းချေလိုက်တာပဲဖြစ်လို့ အမေရိကန်အများစုက လက်ခံမှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။

ကယ်ဗင်ပြောတာနဲ့ ဆက်စပ်ကြည့်ရင် အာဏာရှင်လက်ကိုင်ဒုတ်လို ဖြစ်လာနေတဲ့ အစဥ်အလာတန်ဖိုးတွေကို ပစ်ပယ်ပြီး လက်ဝဲမှိုင်းများကိုသာ ပေါ်ပေါ်ထင်ထင် လက်ခံလာခဲ့ကြတဲ့ တွဒ်တာ၊ ဖဘ၊ စီအန်အန်၊ နက်ဖလစ်စ်၊ ဒစ္စနေ စတဲ့ ကုမ္ပဏီတွေရဲ့ စတော့ဈေးတွေက သိသိသာသာ ပြုတ်ကျသွားတာပါ။

ကယ်ဗင်ကို တန်ပြန်မေးခွန်းထုတ်တဲ့ စီအန်ဘီစီက အန်ဒရူးဆော်ကင်က ဆင်ဆာလုံးဝမရှိပဲ ဖရီးစပိချ်ပေးလိုက်ရင် အညှီအဟောက်တွေနဲ့ ပြည့်သွားမှာပေါ့လို့ ပြောပါတယ်။ ဆော်ကင်ထည့်မပြောတာက အခုအဘန်းခံနေရတဲ့သူတွေထဲမှာ အညှီအဟောက်တွေ၊ အာဏာရှင်တွေ၊ အာဏာရှင်လက်ကိုင်ဒုတ်တွေမပါပဲ အဲဒါတွေကို ဆန့်ကျင်တဲ့သူတွေပါနေတာကိုပါ။ ကယ်ဗင်က လူ့အသိုင်းအဝိုင်းတခုလုံးကို ဖရီးစပိချ်ပေးရင် ဒီလိုဟာတွေလည်း ပါလာမှာပေါ့၊ (ဆူးငြောင့်ခလုတ်တွေ ထိမှာကြောက်ပြီး ဘယ်မှ မသွားပဲ နေလို့မှမရတာ၊) ဒီလိုပဲ ဖြတ်သန်းကြရမှာပဲလေလို့ ဆိုပါတယ်။

တကယ်တော့ ဒါမျိုးတွေက ဖရီးစပိချ်ရှိရှိ မရှိရှိ ရှိနေတာပဲလေ၊ တင်းကြပ်လှပါချေရဲ့ဆိုတဲ့ မ/ကိုရီးယားမှာတောင် ရှိသေးတာပဲ။ လူတွေ ရင့်ကျက်လာပြီး ကိုယ့်ဦးနှောက်နဲ့ကိုယ် အမှန်အမှား ခွဲခြားလာနိုင်ရင် ဘာမှကြောက်စရာ မရှိပါဘူး။ ကလေးတွေကို မှားခွင့် ကိုယ်ပိုင်ဉာဏ်သုံးခွင့်မပေးပဲ မှားမှာစိုးလို့ဆိုပြီး လူကြီးက အရာရာဝင်ဆုံးဖြတ်ပေးနေရင် ဒီကလေးက အာဏာရှင်အကြိုက် လူကြောက်လေးတွေပဲ ဖြစ်လာတော့မှာပေါ့။

မြန်မာပြည်မှာလဲ အရင်က အဲဒီမှိုင်းမျိုးတိုက်ခဲ့ကြတာ မေ့သွားကြပြီလား၊ လူတွေက ဒီမိုကရေစီနဲ့ မတန်ဘူး၊ ဒီမိုကရေစီရရင် မင်းမဲ့တိုင်းပြည် ကလတိုင်းပြည်ဖြစ်ကုန်မယ်လို့ ပြောကြတာမဟုတ်လား။​ လူထုအစိုးရ ၅နှစ်တက်လိုက်ပြီး သူတို့တတ်နိုင်တဲ့ဘောင်ထဲက လွတ်လပ်ခွင့်အစွမ်းကုန် ပေးခဲ့တော့ ပြည်သူတွေ ရင့်ကျက်လာလား၊ သူတို့ပြောတဲ့တိုင်းပြည်ဖြစ်သွားလား စဥ်းစားကြည့်ကြပေါ့။ သိပ်ကြာသေးတာမှမဟုတ်တာ။

ကယ်ဗင်က သူကိုယ်တိုင်ကွန်ဆာဗေးတစ်ဖြစ်ပေမယ့် သူ့သားသမီးတွေကတော့ လက်ဝဲလေသံထွက်နေဆဲပါ။ အဲဒါနဲ့ပတ်သက်ပြီး မေးကြသူတိုင်းကို ကယ်ဗင်က ငါတို့လဲ ငယ်ငယ်ကတော့ အားလုံးသာတူညီမျှကောင်းစားရေးဆိုတဲ့ လက်ဝဲဝါဒကို ကြိုက်ခဲ့ကြတာပဲလေ၊ အသက်လေးရလာပြီး လူတွေအကြောင်း၊ လောကအကြောင်း သိလာ၊ ရင့်ကျက်လာတော့မှ ငါလဲ ကွန်ဆားဗေးတစ်ဖြစ်သွားတာလို့ ပြန်ဖြေပါတယ်။

ဉာဏ်ပညာနဲ့ အင်မတန်ပြည့်စုံတဲ့ စီးပွားရေးပညာရှင်ကြီး သောမတ်စ်ဆိုဝဲလ်လည်း ငယ်ငယ်က လက်ဝဲဝါဒီပါပဲ။ သူက ဘာကြောင့် လက်ဝဲဝါဒီကနေ ကွန်ဆာဗေးတစ်ဖြစ်လာသလဲဆိုတော့ အမှန်တရား၊ အချက်အလက်တွေကြောင့်လို့ ဆိုပါတယ်။ တခုတော့ ရှိတာပေါ့လေ၊ အမှန်တရားက ရှေ့မှာထင်းနေရင်တောင် သတိမရှိရင်တော့ မြင်မှာမဟုတ်ပါဘူး။

ဘိုင်ဒန့်ကာကွယ်ရေးဝန်ကြီးက တရုပ်နဲ့ ရုရှားဟာ အမေရိကန်ရဲ့ အကြီးဆုံးခြိမ်းခြောက်မှုတွေဖြစ်ပြီး တရုပ်ရဲ့ စစ်ရေးစွမ်းပကားဟာလည်း အလွန်အဆင့်မြင့်နေပြီလို့ ပြောသွားတာ တလတောင် မပြည့်သေးတဲ့အချိန်မှာ မနေ့က ဘိုင်ဒန်က အမေရိကန်ဟာ ဒေါ်လာဘီလီယံနဲ့ချီသုံးပြီး တပ်ထဲက ယာဥ်အစီးတိုင်းအစီးတိုင်းကို ရာသီဥတုအတွက် ကောင်းတာမျိုးဖြစ်အောင် (တနည်းအားဖြင့် လျှပ်စစ်ယာဥ်တွေနဲ့ အစားထိုး) လုပ်သွားမယ်လို့ ဆိုပါတယ်။ ပြည်တွင်းက ရဲတွေအတွက်တောင် စမ်းသုံးရတာ အထာမကျနေသေးတဲ့အချိန်မှာ တကမ္ဘာလုံးမှာရှိတဲ့ ကန်တပ်စခန်းတွေအတွက် လုံခြုံရေးကို ပဓါနမထားပဲ အခုလိုဆုံးဖြတ်တာကတော့ ဇီးသီးဗန်းအတွက်ရယ် ရန်သူဝမ်းသာအောင် လုပ်တာရယ်ကလွဲလို့ ဘာမှ မဖြစ်နိုင်ပါဘူး။ သေချာတာတော့ သူကန်ထရိုက်ပေးရင် တက်စ်လာပါမှာမဟုတ်ပဲ သူ့ဆီ​လော်ဘီဝင်ထားတဲ့ဟာတွေပဲ ပါမှာပါ။

လော်ဘီဆိုလို့ ဘိုင်ဒန်က သမ္မတတွေအားလုံးထဲမှာ အိမ်ဖြူကို ဧည့်သည်လိုပဲနေပြီး အမြဲတမ်း ဒလဝဲက သူ့အိမ်၂လုံးကိုပဲ ပြန်ပြန်နေတာပါ။ ပြဿနာက အိမ်ဖြူက အများပြည်သူနဲ့ဆိုင်တဲ့ နေရာဆိုတော့ လာသမျှလူက ဧည့်စာရင်းစာအုပ်မှာ မှတ်တမ်းသွင်းရပါတယ်။ သမ္မတကလည်း ပြည်သူကို တာဝန်ခံရမှာဖြစ်လို့ လုပ်သမျှ ပွင့်လင်းမြင်သာရှိအောင် ဧည့်စာရင်း၊ ဖုံးစာရင်း၊ အကုန်ထားရပါတယ်။

ဘိုင်ဒန်လက်ထက်ကျမှ တိတ်တိတ်လေး ပေါ်လစီပြင်လိုက်တဲ့အတွက် ဒလဝဲက ဘိုင်ဒန့်အိမ်တွေဖြစ်တဲ့ ရီဟိုဘို့သ်ကမ်းခြေကအိမ်နဲ့ ဝေလ်မင်တန်က စံအိမ်ကြီးမှာ ဧည့်အဝင်အထွက်နဲ့ ပတ်သက်တဲ့  ဘာမှတ်တမ်းမှတ်ရာမှ မရှိဘူးလို့ပြောပြီး စီးကရက်ဆားဗစ်စ်က မှတ်တမ်းပေးဖို့ ငြင်းဆိုပါတယ်။ အဲဒါကို ဖော်ထုတ်တာက နယူးယောက်ပို့စ်ကဖြစ်ပြီး ဖရီးဒမ်းအော့ဖ် အင်ဖော်မေးရှင်းဥပဒေအရ ပြည်သူက သိခွင့်ရှိတဲ့အတွက် မှတ်တမ်းတောင်းတာဖြစ်ပါတယ်။ ဘိုင်ဒန်က အဲဒီနှစ်အိမ်မှာ သူ့အချိန်ရဲ့ ၂၈ရာနှုန်းကို ကုန်ဆုံးစေခဲ့တာပါ။ ဟန်းတားနဲ့ ကိစ္စကလည်းရှိ၊ နိုင်ငံခြားအစိုးရနဲ့ မကင်းသူတွေဆီက လာဘ်ယူထားတဲ့ ရာဇဝင်ရှိတဲ့သူက အခုလိုဖုံးကွယ်နေတာဟာ တိုင်းပြည်အရေး စိတ်မအေးသူတိုင်း အမှတ်တမဲ့ မနေသင့်တဲ့ ကိစ္စပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: