တွဒ်တာဘုတ်အဖွဲ့ကတော့ အီလွန့်ကို ၄၄ဘီလီယံနဲ့ ရောင်းချဖို့ သဘောတူလိုက်ပါပြီ။ ဆင်ကြံကြံလို့လည်း မရတော့ဘူးလေ။ သူတို့ဘက်က ကောင်တာအော်ဖာပေးမယ့်သူက ဘယ်လောက်ပေးနိုင်မှာမို့လဲ။ ငြင်း/ညစ်လိုက်လို့ အီလွန်ဖက်က စိတ်ကုန်သွားခဲ့ရင် စတော့တွေက ပြုတ်ကျဦးမယ့်အပြင် ရှယ်ယာရှင်တွေက အလုံးအရင်းနဲ့ တရားဝိုင်းစွဲတာ ခံရဦးမှာ။ လက်ခံတယ်လို့ အကြောင်းမပြန်ခင်လေးတင်မှာ တွဒ်တာက သူတို့ရဲ့ ဆို့စ်ကုဒ်တွေကို လော့ခ်ချထားလိုက်ပါတယ်။ ဘယ်သူမှ ပြင်လို့၊ ဖျက်လိုဖျက်ဆီးလုပ်လို့ မရအောင်လုပ်တာမျိုး ဖြစ်မယ်ထင်ပါတယ်။ နောက်သတင်းတပုဒ်မှာတော့ အဲဒီလို လော့ခ်မလုပ်ခင်ကို တချို့ဝန်ထမ်းတွေက ပါ့ဘလစ်ဒေတာထားသိုတဲ့ ရီပိုစစ်ထရီအလွတ်တခုကို ထည့်ထားလိုက်တယ်လို့ ဆိုပါတယ်။ အဲဒါက အီလွန်ကို မနှစ်သက်တဲ့ ဝန်ထမ်းတွေရဲ့ မက်ဆေ့ချ်ဖြစ်နိုင်ပါတယ်။
အီလွန်ဖက်ကလည်း ငါ့ကို အဆိုးရွားဆုံး ဝေဖန်နေတဲ့သူတွေကိုတောင် တွဒ်တာမှာ ဆက်ရှိနေစေချင်ပါတယ်၊ ဒါမှ ဖရီးစပိချ်ပီသမှာပေါ့လို့ တွိသွားပါတယ်။ ဝန်ထမ်းတွေကို ပြောတာတော့ ဟုတ်ဟန်မတူပါဘူး။ သူ့ရဲ့ အလုပ်လုပ်ပုံက သူဖြစ်ချင်တဲ့လမ်းမှာ ကန့်လန့်ခံနေတဲ့ ဝန်ထမ်းတွေကို လျော်ကြေးပေးပြီး မဆိုင်းမတွ ဖြုတ်ပစ်လေ့ ရှိတာပါ။ အဲဒီတော့ တွဒ်တာကို ဒီလောက်အကုန်ခံဝယ်ထားပြီးမှ ဝန်ထမ်းတွေက ကန့်လန့်ခံနေလို့ သူဖြစ်စေချင်တာ လုပ်မရဘူးဆိုတာမျိုး လက်ခံမှာမဟုတ်ဘူးလို့ ပြောလိုရင်းပါ။
နောက်ဆုံးတက်လာတဲ့ နယူးမက်စ်က သတင်းမှာတော့ တွဒ်တာက သူ့ဝန်ထမ်းတွေကို နောက်၆လမှာ အီလွန်ဆီ လက်လွှဲပြီးတဲ့အထိ သူတို့အလုပ်တွေရှိနေမှာဖြစ်ကြောင်း အသိပေးထားပါတယ်။ အီလွန်တွဒ်တာကို ဝယ်တာ ပေါက်ကွဲနေကြတဲ့ လက်ဝဲစွန်းတွေနဲ့ လက်ဝဲဝန်ထမ်းတွေအတွက် သင့်တွဒ်တာအကောင့်ကို ဘယ်လိုဒီအက်တီဗိတ်လုပ်ရမလဲဆိုတာကို လက်ဝဲစွန်းဝက်ဘ်ဆိုက်တခုက တင်ထားပါသေးတယ်။
အီလွန်က အော်တစ်ဇင်အပျော့စားတမျိုးဖြစ်တဲ့ အက်စ်ပါဂျာဆင်ဒရုမ်းရှိပြီး ငယ်စဥ်ကစလို့ သူ့ရဲ့ ခေါင်းထဲမှာ အိုင်ဒီယာတွေ တားမနိုင်ဆီးမရ ထွက်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း သူ့ရဲ့ ဘောရင်းကုမ္ပဏီမှာ လာလုပ်ဖို့ စဥ်းစားကြပါ၊ ကမ္ဘာ့ယာဥ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းဖို့ လိုနေပါတယ်လို့ တွိသွားပါတယ်။ မနေ့ကတော့ မကြာတော့မယ့်နှစ်တွေမှာ ယာဥ်သွားဖို့ တကယ်အလုပ်ဖြစ်တဲ့ Hyperloop ကို တည်ဆောက်ဖို့ ကြိုးစားသွားမယ်ဆိုတဲ့အကြောင်း၊ ရူပဗေဒသဘောတရားအရ မိုင်နှစ်ထောင်အကွာအတွင်းက မြို့တွေကြား တမြို့နဲ့ တမြို့ အမြန်ဆုံး သွားလာနိုင်မယ့် နည်းဖြစ်တဲ့အကြောင်း၊ ခရီးပိုဝေးရင်တော့ စတားရှစ်ပ်က ပိုမြန်မှာဖြစ်ကြောင်းတို့ တွိသွားပါတယ်။
အီလွန်တွဒ်တာကို ဘာကြောင့်ဝယ်ရသလဲ၊ ဝယ်ပြီးရင် ထရမ့်စတဲ့ ကွန်ဆာဗေးတစ်အကောင့်တွေကို ပြန်ဖွင့်ပေးမှာလား၊ အီလွန်က ဘယ်လိုလူလဲဆိုတာကို အီလွန်ကို လောလောလတ်လတ် နာရီ ၂၀-၃၀လောက် အင်တာဗျူးထားတဲ့ တက္ကဆက်စ်က အတ္ထုပတ္တိရေးသူ အဲရစ်ဘာဂါဆိုသူကို ဘေလ်အိုရိုင်းလီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ အဲရစ်ဘာဂါက လစ်ဖ်အော့ဖ် – အီလွန် စပေ့စ်အိတ်က်စ်ကို စထောင်ခဲ့ချိန်မှ အခက်ခဲဆုံးနေ့ရက်များဆိုတဲ့ ခေါင်းစဥ်နဲ့ စာအုပ်ရေးနေပါတယ်။ ၂၀၂၃ ဇန်နဝါရီ ၃ရက်နေ့ ထွက်မှာပါ။
ဘာဂါက အီလွန်တွဒ်တာကို ဝယ်ခဲ့တာဟာ သူတခုခု ရင်ဖွင့်စရာရှိရင် (သို့) လူတွေရဲ့ တုန့်ပြန်မှု သိချင်တယ်ဆိုရင် သုံးတတ်တာကြောင့် သံယောဇဥ်လို ဖြစ်နေတာရော ဖရီးစပိချ်ရဲ့ အရေးပါမှုကို နားလည်တာကြောင့်ရော၊ ပျင်းလာတာကြောင့်ရော ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ထရမ့်အကောင့် ပြန်ဖွင့်ပေး/မပေးကိုတော့ မမေးဖြစ်ကြောင်း၊ အီလွန်က ထရမ့်တွိသမျှကို ကြိုက်တယ်လို့ မဆိုလိုပေမယ့် (မီဒီယာကြီးတွေ အပြင်းအထန်တိုက်ခိုက်တာခံနေရတဲ့ )ထရမ့်က တွဒ်တာကို သုံးပြီး လူတွေနဲ့ ဆက်သွယ်ခဲ့တာရော၊ ထရမ့်ကြောင့် တွဒ်တာမှာ လှုပ်လှုပ်ရှားရှားတွေ ဖြစ်ကုန်တာရော၊ တွဒ်တာကိုသုံးပြီး သူ့ရဲ့ဘရန်းဒင်းလုပ်သွားတာရော သဘောကျခဲ့တယ်လို့ ဆိုပါတယ်။
ကယ်လီဖိုးနီးယားကနေ တက္ကဆက်စ်ကို ပြောင်းသွားတာနဲ့ ပတ်သက်ပြီး ဘေလ်က အီလွန်ကွန်ဆာဗေးတစ်များ ဖြစ်သွားပြီလားလို့ မေးတာမှာ အဲရစ်ခ်က ကွန်ဆာဗေးတစ်ဆိုတာထက် အီလွန်က အစိုးရကို အကန့်အသတ်နဲ့ထားတာကိုပဲ ယုံကြည်ပြီး အစိုးရကြီးကြီး အာဏာပြင်းပြင်းကို အယုံအကြည်မရှိတဲ့အပြင် ငွေရေးကြေးရေးမှာလည်း မကုန်သင့်တာ မကုန်ချင်တဲ့သူဖြစ်လို့ တချို့အပိုင်းမှာ ကွန်ဆာဗေးတစ်ဖြစ်တယ်လို့ ပြောလို့ရကြောင်း၊ ဒါပေမဲ့ လူမှုရေးအရတော့ သူ့ဟာသူ ကြိုက်သလို လွတ်လွတ်လပ်လပ်နေတတ်တော့ လစ်ဘရယ်လို ဖြစ်နေကြောင်း၊ လက်ဝဲအယူအဆတွေကိုတော့ လုံးဝ အယုံအကြည်မရှိကြောင်း၊ အီလွန်က တရားမျှတမှုကိုတော့ အလေးထားသူဖြစ်ကြောင်းများ ပြောကြားသွားပါတယ်။
အီလွန်တွဒ်တာကို ဝယ်တာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဒုတိယအချမ်းသာဆုံး အမေဇုံသူဌေး ဂျက်ဖ်ဘေဇိုကို နယူးယောက်တိုင်းမ်စ်က သတင်းထောက်က တက်စ်လာက ကားဈေးကွက်အတွက်ရော ကားဘက်ထရီထုတ်ရာမှာသုံးတဲ့ လစ်သူယမ်တွအတွက်ပါ တရုပ်ပြည်ကို မှီနေရတာကို အကြောင်းပြုပြီး မေးမြန်းတာမှာ “အင်း၊ စိတ်ဝင်စားစရာပဲ၊ ဒါနဲ့ တရုပ်အစိုးရက လူထုဟစ်တိုင်တွဒ်တာရဲ့ တစိတ်တပိုင်းကို လွှမ်းမိုးသွားပြီလားလို့ ပြန်ဖြေပါတယ်။ အမေးနဲ့ အဖြေ အတို့နဲ့ အထောင်ကတော့ ဟပ်နေတာပါပဲ။ ဒီလောက်စွမ်းလာတဲ့သူ ဘယ်သူ့ကိုမဆို လမ်းမလွဲအောင် ချုပ်ချယ်ဖို့ဆိုတာထက် ဘောင်ကျော်မလာအောင် ထိန်းကွပ်ပေးရမှာ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ မရှိတာ မဖြစ်တာကို ဖြစ်လေဟန် ပုံမှားရိုက်တာကတော့ ကျင့်ဝတ်ပိုင်းအရ ကောင်းမယ်မထင်ပါဘူး။
၄၅ကတော့ အီလွန်က ပြန်ဖွင့်ပေးရင်တောင် တွဒ်တာကို ပြန်လာမှာမဟုတ်ဘူးလို့ ပြောသွားပါတယ်။ ကွန်ဆာဗေးတစ်တွေတော်တော်များများကို တွဒ်တာက ဘန်းထားပြီးသားဆိုတော့ ပျော်စရာ စိတ်ဝင်စားစရာလည်း ကောင်းတော့မှာ မဟုတ်တာကြောင့်လို့ ဆိုပါတယ်။ လက်ဝဲဆန့်ကျင်သူတိုင်း တွိလိုက်ရင် အောက်က ပရွက်အုံလို အပြုံလိုက်ကြီး ဝိုင်းခဲကြတာကတော့ အမှန်ပါပဲ။ ထရမ့်ရဲ့ ထရုသ်ဆိုရှယ်က လူအများသုံးနိုင်တဲ့ အနေအထားကို ရောက်လာပြီလို့ ကြေငြာပေမယ့် လောလောဆယ်မှာ တွဒ်တာနောက်ကို လူတွေမဲလိုက်နေတာကြောင့် ထရုသ်ဆိုရှယ်ဈေးကျပြီး တွဒ်တာဈေးတက်နေတာပါ။ တွဒ်တာက ကြာခဲ့ပြီဆိုတော့ သုံးသူတွေ ဖော်လိုဝါတွေ ထုနဲ့ ထည်နဲ့ စုမိနေတာကို ချက်ချင်းယှဥ်နိုင်ဖို့တော့ မလွယ်ပါဘူး။
တွဒ်တာရှယ်ယာနဲ့ တက်စ်လာရှယ်ယာတွေရဲ့ အနာဂတ်တွေနဲ့ ပတ်သက်ပြီး နယူးစ်မက်စ်က ယူကျူဘာနဲ့ ဘဏ္ဍာရေးအတိုင်ပင်ခံလဲဖြစ် ကယ်လီဖိုးနီးယားဂါဗာနာ ဝင်ပြိုင်ချင်သူလည်းဖြစ်တဲ့ ကယ်ဗင် ပါ့ဖ်ဖရက်သ်ကို မေးမြန်းထားရာမှာ တွဒ်တာရှယ်ယာက ဝယ်ဈေးသတ်မှတ်ပြီးသားဖြစ်လို့ အကောင်းဆုံးအခြေအနေမှာ လက်ရှိ၄ရာခိုင်နှုန်းလျော့ဈေးနဲ့ ရောင်းနေတာကနေ ၄ရာနှုန်းသာသာလောက် မြတ်နိုင်ပေမယ့် ဥပဒေပိုင်းဆိုင်ရာဖြစ်ဖြစ် တခုခုမှာ တစ်နေခဲ့ရင် ရှုံးဖို့က ပိုများနေတယ်လို့ ဆိုပါတယ်။ အီလွန်အတွက် အကျိုးအမြတ်ကတော့ တွဒ်တာသုံးသူတွေကို လူအစစ်လားစီစစ်ပြီး စီစစ်ခ ကောက်ခံတာမျိုး လုပ်လို့ရကြောင်း၊ တွဒ်တာက ဆို့စ်ကုဒ်တွေကို အိုးပန်းဆို့စ်အနေနဲ့ ဖွင့်ပေးလိုက်ရင်လည်း အဲဒီမှာ ဘယ်လောက်အလုပ်ဖြစ်တယ်ဆိုတာကနေ သူ့ရဲ့ တခြားပရောဂျက်တွေအတွက် သင်ခန်းစာရနိုင်ကြောင်း၊ အနည်းဆုံးတော့ လွတ်လပ်စွာဖော်ထုတ်ခွင့် ရသွားတာက ဘာနဲ့မှလဲမရတဲ့ အမြတ်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
တကယ်တမ်းမှာ လူတွေက အခုလို အယ်ဂိုရစ်သမ်တွေ လိုသလိုကစားပြီး ထိန်းချုပ်ခံနေရရာက အဲဒီလိုထိန်းချုပ်မှုတွေ မရှိတော့တဲ့အခါ တကယ့်လွတ်လပ်မှုက ဘာဆိုတာနဲ့ သူတို့ ဘယ်လောက်တောင် ခြယ်လှယ်ခံနေရတယ်ဆိုတာ သိလာတော့မှာပါ။ အဲဒါက အခုလို လက်ဝဲတွေလွှမ်းမိုးလာနေတဲ့အချိန်မှာ လူ့လောကကြီးတခုလုံးအတွက် အကြီးဆုံးအရွေ့ ဖြစ်မယ်ထင်ပါတယ်။
ဖလော်ရီဒါဂါဗာနာ ရွန်ဒီဆန်းတစ်စ်က ရွေးကောက်ပွဲတွေမှာ တရားမျှတမှုရှိအောင် စောင့်ကြပ်ဖို့ ရွေးကောက်ပွဲရဲယူနစ်ကို ဖွဲ့စည်းသွားမယ့် ဥပဒေအသစ်ကို ကနေ့လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲကြီးကြပ်သူတွေ သမာသမတ်ရှိရင်တော့ ဒါမျိုးရဲ မလိုနိုင်ပေမယ့် အဲဒီရဲတွေကိုပါ သမာသမတ်ရှိဖို့၊ ငွေနဲ့ပေါက်အဝယ်မခံရဖို့ကလည်း သတိထားရမယ့်အချက် ဖြစ်မယ်ထင်ပါတယ်။
ကယ်လီဖိုးနီးယားက အစိုးရအထက်တန်းကျောင်းတချို့မှာ လိင်ပြောင်းချင်တဲ့ ကလေးတွေအတွက် ဆရာတွေက အဝတ်လဲခန်းသပ်သပ် လုပ်ပေးထားပြီး လိင်ပြောင်းဝတ်တဲ့အဝတ်တွေ၊ အသုံးအဆောင်တွေနဲ့ ဖြည့်စည်းပေးထားကြတယ်လို့ တစ်တော့ဗီဒီယိုတခုမှာ တင်ထားပါတယ်။ လိင်ပြောင်းဖို့ စိတ်ပါလာတဲ့ ကလေးတွေက အိမ်ကဝတ်လာတာတွေကိုချွတ်၊ ကျောင်းရောက်ရင် ပြောင်းဝတ်၊ ကျောင်းဆင်းရင်ပြန်လဲနဲ့ မိဘတွေ မရိပ်မိအောင် လုပ်နေကြတဲ့အကြောင်း ရိုက်ပြထားတာပါ။ တကျောင်းမှာတော့ အဲဒီလို အဝတ်လဲခန်းကိုင်တဲ့ဆရာကိုယ်၌က လိင်ပြောင်းထားသူ ဖြစ်နေတာပါ။ ခက်တာက အဝတ်လောက်နဲ့ ရပ်မှာမဟုတ်ပါဘူး။ ဟော်မုန်းဆေးတွေပါ ပါလာမှာပါ။