အီလွန်တွဒ်တာကို ဝယ်လိုက်တဲ့အပေါ်မှာ တုန့်ပြန်မှုများစွာ ရှိကြတဲ့အထဲက စိတ်ဝင်စားစရာ အကောင်းဆုံးတခုကတော့ တွဒ်တာကို ပူးတွဲတည်ထောင်သူ ဂျက်ခ်ဒေါ်စေရဲ့ မှတ်ချက်ပဲ ဖြစ်ပါတယ်။ ဒေါ်စေက အီလွန်မတ်စ်ဟာ သူယုံကြည်တဲ့ တခုတည်းသောအဖြေဖြစ်တယ်လို့ ပြောသွားပါတယ်။
သူက ငါတွဒ်တာကို ချစ်တယ်၊ တွဒ်တာက ကမ္ဘာ့အဆင့်အသိတရားရှိမှုနဲ့ အနီးစပ်ဆုံးဖြစ်တယ်၊ ငါ့အတွက်တော့ အိုင်ဒီယာ စိတ်ကူးစိတ်သန်းရော ဆားဗစ်စ် ဝန်ဆောင်မှုရောက အရေးအကြီးဆုံးပဲ၊ အဲဒီနှစ်ခုကို ကာကွယ်ဖို့ ဘာပဲလုပ်ရလုပ်ရ ငါလုပ်မယ်၊ တွဒ်တာကုမ္ပဏီက ငါ့ရဲ့ဂရုအစိုက်ဆုံး ကိစ္စဖြစ်သလို ငါ့ရဲ့ အကြီးဆုံးနောင်တလည်းဖြစ်တယ်၊ (အများပိုင်ကုမ္ပဏီဖြစ်သွားပြီးနောက်) ဝေါလ်စထရိနဲ့ (ဝင်ငွေအတွက်) ကြော်ငြာမော်ဒယ်တွေက ပိုင်သွားတော့တာပါပဲ၊ အခုလို ဝေါလ်စထရိက ပြန်ရယူလိုက်တာက လမ်းမှန်ကိုသွားမယ့် ပထမဆုံးခြေလှမ်းပဲဖြစ်တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး ဒေါ်စေက မူအားဖြင့်ဆိုရင်တော့ တွဒ်တာကို ဘယ်သူကပိုင်သင့်တယ်၊ ဘယ်သူက စီမံသင့်တယ်ဆိုတာမျိုး သတ်မှတ်ဖို့ အယုံအကြည်မရှိပါဘူး၊ သူဖြစ်စေချင်တာက ကုမ္ပဏီဆိုတာထက် အများနဲ့ဆိုင်တဲ့နေရာတခုပါ၊ (အများပိုင်)ကုမ္ပဏီဖြစ်လာတဲ့အတွက် ပါလာတဲ့ပြဿနာတွေကို ဖြေရှင်းဖို့ ဆိုရင်တော့ အီလွန်က ငါယုံကြည်တဲ့ တခုတည်းသော အဖြေပါပဲ၊ သူ့ရဲ့ (ဖရီးစပိချ်ကို ကာကွယ်ချင်တဲ့) အသိတရားအလင်းရောင်ကို ပိုတာသွားစေချင်တဲ့ သူ့ရဲ့ ရည်မှန်းချက်ကို ငါယုံတယ်လို့ တွိထားပါတယ်။
နောက်တွိတခုမှာတော့ ဒေါ်စေက လက်ရှိတွဒ်တာစီအီးအို ပရဂ်အဂရာဝဲလ်ကို ကိုးကားပြီး အီလွန်ရဲ့ တွဒ်တာကို အများဆုံးယုံကြည်ခံရတဲ့ အားလုံးပါဝင်နိုင်တဲ့ ပလက်ဖောင်လုပ်ပေးဖို့ဆိုတဲ့ ပန်းတိုင်က အမှန်ဆုံးပဲ၊ အဲဒါကလည်း ပရဂ်ရဲ့ ပန်းတိုင်ပဲမို့ ငါသူ့ကို (ငါ့ကိုဆက်ခံဖို့) ရွေးခဲ့တာ၊ (အီလွန်ရော ပရဂ်ရော) နှစ်ယောက်လုံးကို ကုမ္ပဏီကို (ပြန်ကောင်းလာဖို့) မဖြစ်နိုင်တဲ့အခြေအနေတခုကနေ ပြန်ဆွဲထုတ်သွားမယ့်အတွက် ကျေးဇူးအရမ်းတင်တယ်၊ အဲဒါက အဖြစ်သင့်ဆုံး အမှန်ဆုံးလမ်းလို့ ငါ့ရင်ဘတ်ကြီးတခုလုံးနဲ့အပြည့်ကို ယုံကြည်တယ်၊ တွဒ်တာက တကမ္ဘာလုံးကလူတွေရဲ့ စကားဝိုင်းအဖြစ် ဆက်လက်ဝန်ဆောင်မှုပေးနိုင်တော့မှာကို ငါအရမ်းဝမ်းသာတယ်လို့ ရေးထားကြောင်း နယူးစ်မက်စ်မှာ ဖော်ပြထားပါတယ်။
တွဒ်တာကို အီလွန်ဝယ်တာအပေါ် ပေါက်ကွဲနေကြသူတွေ စိုးရိမ်နေကြသူတွေကတော့ အများကြီးပါပဲ။ ဘိုင်ဒန်အစိုးရရော၊ ဒီမိုကရက်တွေရော၊ ဆင်ဆာမှာ အရသာတွေ့နေတဲ့ ကမ္ဘာတဝှမ်းက “ဒီမိုကရေစီ” အစိုးရတွေရော၊ မီဒီယာ၊ ဆယ်လီ၊ တက်ခ်လောက စသဖြင့် အစုံပါပဲ။ ဘိုင်ဒန်က တွဒ်တာကို ဘယ်သူပိုင်တယ်ဆိုတာထက် ဆိုရှယ်မီဒီယာတွေရဲ့ တာဝန်ယူမှု/တာဝန်ခံမှုအပေါ် စိုးရိမ်မိကြောင်း သူ့ပြန်ဝန်က ပြောသလို မီဒီယာတွေကလည်း “ဖရီးစပိချ်”အတွက် စိုးရိမ်ကြကြောင်း၊
အမ်အက်စ်အန်ဘီစီက အရီမယ်လ်ဘာက မတ်စ်က တွဒ်တာကို ပိုင်သွားပြီးရင် တဖက်ထဲရဲ့ အသံတွေကိုပဲ တဖက်စောင်းနင်းဖော်ပြ၊ နောက်တဖက်ကို ဆင်ဆာလုပ်၊ တဖက်ပါတီ ကိုယ်စားလှယ်လောင်းကို ဘန်းထား(သို့) သူ့ကိုထောက်ခံတဲ့လူတွေကနေ ဝေးအောင် လုပ်ထား၊ တဖက်ပါတီအသံတွေကို အယ်လ်ဂိုရစ်သမ်တွေနဲ့ ခြယ်လှယ်ထားရင် လူတွေက ရုတ်တရက် သတိထားမိမှာမဟုတ်ပဲ ရွေးကောက်ပွဲပြီးမှ သိလာကြမှာကို စိုးရိမ်မိကြောင်းတွေ ပြောလာကြပါတယ်။ ငပြူးက ပြန်ပြဲနေကြတာ မပြုံးပဲနဲ့ ဝါးလုံးကွဲရယ်ရတဲ့ ဟာသပါပဲ။ ကွန်ဆာဗေးတစ်တွေလုပ်လို့ ဘယ်လစ်ဗြဲမှ အပိတ် အဘန်းမခံရပေမယ့် လက်ဝဲအာဂျင်ဒါတွေနဲ့ ကွဲပြားတဲ့ အသံတွေကိုတော့ ဘန်းတာ၊ ပိတ်တာ၊ ဝိုင်းဖြဲတာ၊ ရန်ရှာတာစတဲ့ အရပ်လူမိုက်နည်းမျိုးစုံ သုံးပြီး ပိတ်ပင်နေကြတာပါ။
အနောက်ကမ္ဘာက အီလွန် တွဒ်တာကို ဝယ်လိုက်တဲ့အပေါ် အသံထွက်လာတာတွေက ယူကေက ဘောရစ်ဂျွန်ဆင်အစိုးရအဖွဲ့ဝင် ပရီတီပတဲလ်နဲ့ အီးယူကွန်မရှင်နာ သီရီဘရက်တွန်တို့ ဖြစ်ပါတယ်။ သူတို့ ဖရီးစပိချ်လို လွတ်လွတ်လပ်လပ် လွှတ်ထားဖို့ကို အလိုမရှိကြပဲ ကွန်တန့်မော်ဒရေးရှင်းဆိုတဲ့ ဘယ်လိုအကြောင်းအရာတွေကိုပဲ ဖော်ပြခွင့်ပြုမယ်၊ ဘယ်လိုအကြောင်းအရာ/ စကားလုံး/ အသုံးအနှုန်းတွေကို မဖော်ပြဖို့ ဥပဒေနဲ့ ထိန်းချုပ်ချင်ကြတဲ့သူတွေပါ။ သူတို့တွေက အီလွန့်အနေနဲ့ သူတို့ရဲ့ ကွန်တန့်မော်ဒရေးရှင်းတို့ ကွန်တန့်ဆင်ဆာတို့နဲ့ ပတ်သက်တဲ့ ဥပဒေတွေကို လေးစားလိုက်နာဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
ပရီတီပတဲလ်က ဆိုရှယ်မီဒီယာတွေမှာ တင်ကြတာတွေထဲမှာ ဥပဒေနဲ့ ညီ/မညီဆိုတာက တပိုင်း၊ ဖြစ်သင့်/မဖြစ်သင့်တာက တပိုင်းလို့ ဆိုပါတယ်။ ဥပဒေဆိုတဲ့ ခိုင်မာတဲ့ စံနဲ့ တိုက်စစ်ရင်တောင် ဥပဒေကို လိုသလို အဓိပ္ပါယ်ဖွင့်ကြတဲ့သူတွေ ရှိနေနိုင်သေးပေမယ့် ဥပဒေဆိုတာက များသောအားဖြင့် ပြည်သူ့ကိုယ်စားလှယ်တွေက ရေးဆွဲကြတာဆိုတော့ ပြည်သူ့ဆန္ဒကို ထင်ဟပ်နိုင်ခြေ ရှိပါသေးတယ်။
တဦး တယောက် တဖွဲ့လေးက ဘာဆိုခွင့်ပြု ဘာဆို မပြုနဲ့လို့ ဆုံးဖြတ်ပေးရမှာကတော့ မှားနိုင်ခြေ အများကြီးရှိသွားပါပြီ။ အဲဒီလူတွေကလည်း ကိလေသာ အာသဝေါကုန်ခမ်းနေတဲ့ သူတော်စင်ကြီးတွေမှ မဟုတ်တာလေ။ သေချာတာက မဟုတ်တာ မလုပ်တဲ့သူ၊ စိတ်ရင်းဖြောင့်တဲ့သူ၊ သူများအပေါ် ယုတ်မထားတဲ့သူတွေက ဘယ်သူ့ကိုမှ လိုက်ပိတ်ပင်နေစရာ အကြောင်းမရှိပါဘူး။ မဟုတ်တာလုပ်တဲ့သူ ရှိလာရင်လည်း သူလုပ်တဲ့ အကျိုးဆက်ကို သူ့ဖာသာသူ တာဝန်ခံစေရုံပါပဲ။
ဘောရစ်ဂျွန်ဆင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဘယ်သူကပိုင်တာပဲဖြစ်ဖြစ် ဆိုရှယ်မီဒီယာပလက်ဖောင်း တိုင်းက တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ သုံးစွဲသူတွေကို သူတို့ဆိုက်မှာ ဘေးကင်းလုံခြုံအောင် ထားဖို့ ပါဝင်တယ်၊ လောလောဆယ်တော့ တွဒ်တာမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာ ပြောဖို့ စောသေးတယ်လို့ ဆိုပါတယ်။ အမေးရှိလို့ အဖြေရှိလာတာဖြစ်နိုင်ပေမယ့် တက်ခ်ကုမ္ပဏီကြီးတွေအားလုံးက လက်ဝဲယိမ်းဆိုတာထက် လက်ဝဲစွန်းနားကိုတောင် ရောက်လုနေပြီး တဖက်သတ်ပိတ်ပင် ကန့်သတ်တာတွေ လုပ်နေကြတာက အများစုဖြစ်နေတာပါ။
အမေရိကန်၊ ယူကေနဲ့ အီးယူအစိုးရတွေတုန့်ပြန်ပုံ ကြည့်လိုက်ရင် လွတ်လပ်တဲ့ကမ္ဘာကြီးဆိုတာ ပုံပြင်များဖြစ်သွားပြီလားလို့ ထင်လောက်စရာပါ။ ဒါကြောင့်လဲ ပူတင်းနဲ့ သျှီတို့ ကမ္ဘာမှာ ထင်တိုင်းကြဲနေကြသလားလို့ တွေးမိပါတယ်။ အမှားကြာ အမှန်ဖြစ်ဆိုသလို မဖြစ်လာဖို့ပဲ ဆုတောင်းမိပါတယ်။
ရုရှားက ဒုတိယအကြီးဆုံး ရေနံ/ဓါတ်ငွေ့လုပ်ငန်းဖြစ်တဲ့ နိုဗာတက်ခ်မှာ ထိပ်ပိုင်းရာထူးကြီးများ ယူခဲ့ဖူးကြတဲ့အပြင် အာဏာရှိအသိုင်းအဝိုင်းမှာလည်း ပေါက်ရောက်တဲ့ ရုရှားအိုလီဂါ့ခ် မိသားစုနှစ်စုဟာ ၂၄နာရီအတွင်းမှာ ဇနီးတွေနဲ့ သမီးတွေအပါအဝင် သီးခြားစီ ထူးထူးဆန်းဆန်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ တဦးက မော်စကိုက ဇိမ်ခံတိုက်ခန်းမှာဖြစ်ပြီး ဇနီးရော သမီးကိုပါ ပစ်သတ်ပြီး သူ့ကိုယ်သူပါ ပစ်သတ်သွားတယ်လို့ ဆိုပါတယ်။ နောက်တဦးက စပိန်မှာဖြစ်ပြီး ဇနီးနဲ့ သမီးကို ဓါးနဲ့ အချက်ပေါင်းများစွာထိုးသတ်ပြီး သူက ပန်းခြံထဲမှာ ကြိုးဆွဲချသေသွားတယ်လို့ ဆိုပါတယ်။ ဇနီးနဲ့သမီးကသာ သွေးအိုင်ထဲမှာ လဲနေကြပေမယ့် သတ်တယ်ဆိုတဲ့သူရဲ့ကိုယ်မှာတော့ ဘာသွေးတစက်မှ မတွေ့ရဘူးလို့ သိရပါတယ်။
မော်စကိုကအမှုကတော့ အာဏာရှင်တွေထုံးစံအတိုင်း သူတို့လက်ချက်လို့ မပြောပဲ မိသားစုလိုက် သေကြောင်းကြံတာလို့ အကြောင်းပြ အမှုပိတ်လိုက်မှာပါ။ စပိန်ကအမှုမှာတော့ စပိန်အစိုးရက သတ်သေတာအမှန်လား၊ အပြင်က သေချာစီစဥ်လုပ်ကြံတာလား ဆိုတာ စုံစမ်းနေဆဲလို့ ဆိုပါတယ်။ စပိန်ရောက်နေတဲ့ ဆာဂေးပရိုတိုဆန်ယာရဲ့ မိသားစုမှာ ပြင်သစ်ရောက်နေတဲ့ ဆယ်ကျော်သက်သားက မိဘတွေနဲ့ အဆက်အသွယ်မရတဲ့အတွက် စုံစမ်းရာက သိရှိခဲ့တာဖြစ်ပြီး မော်စကိုက ဗလာဒစ်စလက်ဗ် အဗာယက်ဗ်ရဲ့ သမီးကြီးက မိဘတွေဆီ ဖုံးခေါ်လို့မရတာကနေ သိရှိခဲ့တာပါ။
ပူတင်ကတော့ ယူကရိန်းဖက်ကို ငွေအားနှုတ်အားနဲ့ ကူညီသူတွေကို အပြင်းအထန် နှိပ်ကွပ်နေတာပါ။ ဒါ့အပြင် အနောက်တိုင်းဆန်ချင်ကြတဲ့ ရုရှားဘီလျှံနာတွေကိုလည်း ပစ်မှတ်ထား ဖိအားပေးနေပါပြီ။ အဲဒီလူတွေက လူကသာ ဒီမှာဖြစ်ချင်ဖြစ်မယ်၊ စိတ်ဓါတ်က အနောက်တိုင်းမှာဖြစ်နေပြီလို့ ဆိုပါတယ်။ အာဏာရှင်တွေနဲ့ ပလူးရင် တချက်လေးအခန့်မသင့်လိုက်တာနဲ့ ဒီဘူတာဆိုက်တတ်တယ်ဆိုတာရယ်၊ အာဏာရှင်လက်အောက်မှာ ဘာရာထူး ဘာစည်းစိမ်မှ မမြဲဘူးဆိုတာ သင်ခန်းစာယူနိုင်ကြဖို့ပါ။