ဧပြီ ၂၈ ရက် ၂၀၂၂

အီလွန်တွဒ်တာကို ဝယ်ပြီးတာနဲ့ စတွေ့ရတဲ့ အပြောင်းအလဲတွေက အားရစရာပါ။ အရင်က ဘန်းထားတဲ့ (သို့) ညစ်လွန်းလို့ ထွက်သွားကြတဲ့ ကွန်ဆာဗေးတစ်အများအပြား ပြန်ဝင်လာကြတဲ့အပြင် ဖော်လိုဝါတွေ ကြောက်ခမန်းလိလိ တက်လာကြပါတယ်။ ဖလော်ရီဒါဂါဗာနာ ရွန်ဒီဆန်းတစ်စ်နဲ့ ဒွန်ဂျူနီယာ (ထရမ့်သားကြီး)တို့က ၂ရက်အတွင်း ဖော်လိုဝါ ၂သိန်းလောက် တက်လာပြီး တပ်ကာက ၁သိန်းခွဲနဲ့ တခြားရီပါဘလစ်ကန်အမတ်တွေနဲ့ ဂျိမ်းစ်ဝုဒ်စသူတို့က ၇သောင်းကျော်လောက် တက်ခဲ့တာပါ။

ယှဥ်ကြည့်မယ်ဆိုရင် သူတို့အကောင့်တွေမှာ ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲအပြီး ဖော်လိုဝါတွေ အလကားနေရင်း သောင်းချီ သိန်းချီပြုတ်ကျနေခဲ့ပြီး ဘယ်အချိန် ဘယ်သွားသွား ဆဲမယ့်လူကလွဲလို့ အားပေးမယ့်သူမရှိတဲ့ ဘိုင်ဒန်လိုလူက ဖော်လိုဝါတွေ မျက်လှည့်ပြသလို တက်သွားခဲ့တာက သွေးရိုးသားရိုးမဟုတ်နိုင်ပါဘူး။

ဖောက်စ်နယူးစ်က မိုးလေဝသတင်ဆက်သူ ပညာရှင် ဂျနစ်စ်ဒီင်းက တွဒ်တာဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ အရမ်းကို သုံးလို့ကောင်းနေတယ်၊ အရင်လို တားဆီး ဟန့်တား ပိတ်ပင်မခံရပဲ လိုက်ဆိတ်မယ့်သူတွေလည်း ချောင်ခို ချုံတိုးပြီး ငိုနေကြလို့ဖြစ်မယ်လို့ ဆိုပါတယ်။ သူမရဲ့ ယောက်ခမနှစ်ဦးလုံးက အန်ဒရူးကိုမိုရဲ့ လူအိုရုံတွေကို ပိုးကူးလူနာတွေပို့ထားကြချိန်မှာ ဆုံးပါးသွားကြတာဖြစ်ပါတယ်။

အဲဒီလို အပြုသဘောဆောင်တဲ့ အရွေ့တွေဟာ ပိုင်ရှင်ပြောင်းသွားတာကြောင့် တွဒ်တာဖက်က လိုလိုလားလား လုပ်ပေးတယ် ဆိုတာအပြင် သူတို့ရဲ့ မတရားလုပ်ရပ်တွေကို ဝိုင်းတရားစွဲထားကြတဲ့ သူတွေကြောင့်လည်း ပါနိုင်ပါတယ်။ အကောင်းဖက်ကို ရွေ့နေတာနဲ့ တချိန်တည်းမှာပဲ အီလွန်ကို ဘိုင်ဒန်အစိုးရက ကြပ်ဖို့ နည်းမျိုးစုံနဲ့ ခြေလှမ်းသွက်သွက် လှမ်းလာကြပါပြီ။

မနေ့က ပြည်ထဲရေးဝန် မယောကာ့စ်ကို ဒီမိုကရက်အမတ် ဂျင်မ်လန်ဂဗင်က ကြားဖြတ်ရွေးကောက်ပွဲ လုံခြုံစိတ်ချရဖို့နဲ့ ရွေးကောက်ပွဲမှာ သတင်းအမှားတွေရန်က ကာကွယ်ဖို့ ဘာအစီအစဥ်တွေရှိလဲလို့ မေးပါတယ်။ ဂျင်မ်ကိုးကားတာက ၂၀၁၆တုန်းက ရုရှားတွေက အမေရိကန်ရွေးကောက်ပွဲကို ဝင်စွက်ခဲ့တယ် ဆိုတာကိုပါ။ အဲဒီစွဲချက်က မမှန်လို့ ထောင်ထဲရောက်တဲ့သူရောက်၊ မဟုတ်ပါဘူးလို့ တရားဝင် အဖြေထွက်ပြီးဖြစ်ပေမယ့် အကျင့်ပျက်မီဒီယာကြီးတွေက ဖုံးကွယ်ထားကြတဲ့အတွက် ခုထိ အမှန်ထင်နေကြသေးသူက အများကြီး ရှိနေဦးမယ်ထင်ပါတယ်။

ပြည်ထဲရေးဝန် မယောကာ့စ်က ရီဆက်ရှင်ဖြစ်လာတော့မယ့်တိုင်းပြည်မှာ တိုင်တယ် ၄၂ကိုဖျက်ပြီး ခိုးဝင်တွေ သိန်းချီ သန်းချီထပ်သွင်းဖို့ လုပ်နေတဲ့အတွက် ရီပါဘလစ်ကန်အမတ်တွေက သူ့ကို ဒီရာထူးမှာ မရှိသင့်ဘူးလို့ အဆိုတင်နေကြပါပြီ။ အဲဒီလိုလူက ဖရီးစပိချ်ကို ကာကွယ်ဖို့ တွဒ်တာကို ကိုယ်ပိုင်ဓနများစွာနဲ့ ရင်းလိုက်တဲ့ အီလွန်လက်ထဲ လုံးဝ တင်းပြည့်ကျပ်ပြည့် မလွှဲပြောင်းရသေးချိန်မှာ ဘိုင်ဒန်အစိုးရက သတင်းအမှားတွေကို ထိန်းချုပ်တဲ့ ဘုတ်အဖွဲ့ကို ပြည်ထဲရေးအောက်မှာ ဖွဲ့စည်းပြီးသွားပြီလို့ ဆိုပါတယ်။ ကွန်ဆာဗေးတစ်တွေ ဆင်ဆာ/ဘန်း/ပိတ်ခံရလွန်းလို့ အော်နေခဲ့တုန်းက တုတ်တုတ်မှမလှုပ်ခဲ့သူတွေက အခုကျတော့ ရက်ပိုင်းအတွင်း ဖွဲ့တောင်ပြီးသွားပြီ ဆိုတော့ ပြည်သူအတွက် လုံးဝ ထည့်မတွက်ပဲ သူတို့အတွက် အကျိုးအမြတ်မရှိရင် ဘာမှမလုပ်၊ အကျိုးအမြတ်ရှိမယ်ဆိုမှ အလုပ်လုပ်တာ ထင်ရှားနေပါတယ်။

မီဒီယာတွေကလည်း အီလွန်ရဲ့ ဟိုးတုန်းက ပုဂ္ဂိုလ်ရေး အကြောင်းတွေကို ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပြန်ဖော်စွပ်စွဲပြီး အောက်လုံးထိုးဖို့ ကြိုးစားလာကြပါပြီ။ သူတို့ရဲ့ ပိုနေမြဲ ကျားနေမြဲပဲခေါ်ခေါ် အဖက်ဖက်က အသာစီးရနေတယ်ပဲခေါ်ခေါ် ခေါ်လို့ရနိုင်တဲ့အခြေအနေကို ကိုင်လှုပ်ပစ်မယ့်/ခဲ့တဲ့ ထရမ့်ကို ဘက်ပေါင်းစုံက ဝိုင်းဝန်းထိုးနှက်တိုက်ခိုက်ကြသလိုမျိုး အီလွန်ကြုံလာရဖွယ်ရှိပါတယ်။

တွဒ်တာဟာ နိုင်ငံရေးအရ အရောင်ဆိုးချင်တာတွေနဲ့ သုံးစွဲသူတွေအပေါ် မတရားချယ်လှယ်မှုတွေ အပြင် သုံးစွဲသူအရေအတွက်ကို တကယ်ရှိတာထက် အများကြီးပိုပြခဲ့တာကြောင့် ၂၀၂၂ ပထမ ၃လပတ် ဝင်ငွေဟာ ခန့်မှန်းချက်ကို မမှီတော့ပါဘူး။ သုံးစွဲသူအရေအတွက်ကို အရှိထက် အများကြီး ပိုပြထားခဲ့တာတောင် နှစ်အတန်ကြာခဲ့ပါပြီ။ မှားပြီးပိုပြတာလို့တော့ ပြောပါတယ်၊ ယုံရခက်ကြီးပါ။ အဲဒီလိုထွက်လာတော့ တချို့က ဒီလိုသာဆို အီလွန်က ခုလောက်တောင် ဈေးမပေးသင့်ဘူးလို့ ဆိုကြပါတယ်။

အီလွန်ကို တက်စ်လာရှယ်ယာရှင်တချို့က ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ကို ဆိုလာစီးတီးကိုဝယ်ဖို့ အတင်းအကျပ် တိုက်တွန်းခဲ့တယ်လို့ စွပ်စွဲပြီး ၁၃ဘီလီယံလျော်ကြေးပေးဖို့ တရားစွဲဆိုခဲ့တာမှာ ဒလဝဲက တရားသူကြီးက အီလွန်ဖက်ကို အနိုင်ပေးလိုက်ပါတယ်။ ဆိုလာစီးတီးကို ၂၀၀၆ခုနှစ်မှာ အီလွန့်ဝမ်းကွဲညီအကိုတွေဖြစ်တဲ့ ပီတာနဲ့ လင်ဒန်ရိဗ်တို့က တည်ထောင်ခဲ့ပြီး ဆိုလာစွမ်းအင် ထုတ်လုပ်တဲ့ စနစ်တွေကို တပ်ဆင်ရောင်းချခဲ့ပါတယ်။

ဆိုလာစီးတီးကို တက်စ်လာက ဝယ်ယူခဲ့တဲ့ ၂၀၁၆မှာ အီလွန်က နှစ်နေရာစလုံးမှာ ဘုတ်ဥက္ကဌဖြစ်ပြီး ၂,၆ ဘီလီယံဖိုး ဆိုလာစီးတီးစတော့တွေကို တက်စ်လာစတော့တွေနဲ့ လဲလှယ်စေပြီး ဝယ်ယူခဲ့တာပါ။ တရားစွဲသူတွေက ဆိုလာစီးတီးက အရှုံးပေါ်နေလို့ အီလွန်က တက်စ်လာကို လှည်းကျိုးဝင်ထမ်းခိုင်းတာလို့ စွဲကြတာပါ။ အခုတော့ တက်စလာဆိုလာစနစ်က အိမ်တွေမှာ ဆိုလာခေါင်မိုးတွေ ဆိုလာစနစ်တွေ လိုက်တပ်တာတွေက အရမ်းကို အလုပ်ဖြစ်နေပါပြီ။ ဒီမှာတော့ အောင်မြင်ရောက်လာရင် ဖြတ်လမ်းနည်းနဲ့ ချမ်းသာချင်တဲ့သူတွေက တရားဝိုင်းစွဲကြတာ ဓလေ့လို ဖြစ်နေတာပါ။

တက်ခ်ကုမ္ပဏီကြီးတွေအများစုက လက်ဝဲစွန်းကို ရောက်နေကြတဲ့အကြောင်းရင်းကို တချို့က ကယ်လီဖိုးနီးယားလို အပြာရင့်ပြည်နယ်မှာဖြစ်နေလို့လို့ ဝေဖန်ကြပါတယ်။ အဲဒါကြောင့် အီလွန်ကိုလည်း တွဒ်တာရုံးချုပ်ကို အနီပြည်နယ်ကို ရွှေ့ဖို့ ဆော်ဩနေကြပါတယ်။ တက္ကဆက်စ်က မြေပိုင်ရှင်တဦးက အီလွန်ကို တွဒ်တာရုံးချုပ်ရွှေ့လာနိုင်ဖို့ မြေဧက ၁၀၀ကို အခမဲ့ပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။ တက္ကဆက်စ်ဂါဗာနာ ဂရဂ်အဲဘော့ကလည်း အီလွန်ရဲ့ နောက်ကုမ္ပဏီ ၃ခုဖြစ်တဲ့ တက်စ်လာ၊ စပေ့စ်အိတ်က်စ်နဲ့ သည်ဘောရင်းကုမ္ပဏီတို့လိုပဲ တက္ကဆက်စ်ကို ပြောင်းဖို့ ဖိတ်ခေါ်သလို ဖလော်ရီဒါက မြို့ဝန်တွေ ထင်ရှားသူတွေကလည်း ဆွယ်နေကြပါတယ်။

အမေရိကန်ရဲ့ စီးပွားရေးဟာ ပထမ ၃လပတ်မှာ ၁.၄ရာနှုန်း ကျဆင်းခဲ့ပါတယ်။ ရိုက်တာက မေးထားတဲ့စီးပွားရေးပညာရှင်တွေက ၁.၁ ရာနှုန်းတက်မယ်လို့ မှန်းထားပြီး အတ္တလန်တာက ဖက်ဒရယ်ရီဆာဗ်က ၀.၄ ရာနှုန်းတက်မယ်မှန်းခဲ့တာပါ။ ဂိုလ်မန်ဆက်စ်နဲ့ ဘလူမ်းဘဂ်တို့က နောက် ၂နှစ်အတွင်းမှာ စီးပွားကျဖို့ ၃၅ရာနှုန်းနဲ့ ၄၄ရာနှုန်းရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဒွိုက်ချာဘဏ်က အမေရိကန်တွေ စီးပွားတော်တော်ကျလာမယ့်အရေးကို ပြင်ဆင်ထားဖို့ သတိပေးလိုက်ပြီး ဖက်ဒရယ်ရီဆာ့ဗ်က အတိုးနှုန်းတွေမြှင့်တာ၊ ဘတ်ဂျက်လိုငွေပြမှုကို လျော့ချတာတွေ လုပ်သွားမယ်လို့ မျှော်လင့်ရပါတယ်။

ခက်တာက ဘိုင်ဒန်အစိုးရက စီးပွားကျတာကို ကာကွယ်ဖို့ ဘာမှလုပ်မနေတာပါ။ ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးတက်ဖို့၊ ပို့ဆောင်ရေးလွယ်ကူသက်သာဖို့တွေ လုပ်မနေပဲ တရုပ်ကပဲ ပစ္စည်းတွေလှိမ့်မှာနေတဲ့အပြင် နယ်စပ်က ခိုးဝင်တွေ အများကြီးတိုးလက်ခံဖို့လုပ်နေတယ်ဆိုတော့ (သူတို့အတွက် စားရိတ်စကတွေ၊ ဖြစ်လာမယ့်ပြဿနာတွေအတွက် လူအား၊ ငွေအား၊ အချိန်၊ နောက်ဆက်တွဲကုန်ကျမှုတွေနဲ့) အနာကို ဆားပက်ရုံတင်မက ဆူးတင်းပုတ်နဲ့ပါရိုက်သလို ဖြစ်နေပါတယ်။

အမေရိကန်မှာ အထွေထွကုန်ဈေးနှုန်းတွေတက်ပြီး စားရေရိက္ခာရှားပါးတော့မယ်လို့ ဘိုင်ဒန်က သတိပေးထားခဲ့တဲ့အပြင် ရီဆက်ရှင်ဖြစ်လာတော့မယ့် အနေအထားမှာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေ အတွင်း စားသောက်ကုန်စက်ရုံတွေ နည်းမျိုးစုံနဲ့ မီးလောင်လာကြတာကို တွေ့ရပါတယ်။ အဲဒီထဲက နှစ်ခုက လေယာဥ်ပျံငယ်လေးတွေ ထိုးကျလို့ဖြစ်တာပါ။ တချို့စက်ရုံတွေက စက်ပစ္စည်းပြဿနာကြောင့် မီးလောင်တာလို့ သိရပါတယ်။ ၂၀၂၁ နှောင်းပိုင်းကနေ အခုအထိ အမေရိကန်နဲ့ ကနေဒါက အစားအသောက်ထုတ်လုပ်တဲ့စက်ရုံ တဒါဇင်ကျော် မီးလောင်ခဲ့တယ်လို့ ဝက်စ်တန်စတန်းဒတ် သတင်းစာက ထုတ်ပြန်ပါတယ်။

အဲဒီစက်ရုံတွေထဲမှာ တချို့က စက်ရုံအကြီးစား ကြီးတွေဖြစ်တော့ သက်ရောက်မှုကလည်း ကြီးမှာပါ။ အချိန်တိုအတွင်းမှာ ဒီလောက်လောင်ကုန်ကြတဲ့ အကြောင်းရင်းကလည်း မသူတော်ပယောဂ ကင်းပါ့မလားလို့ စဥ်းစားစရာဖြစ်ပါတယ်။ အိုဘမရော ဂိတ်စ်ရောတို့က ပဒမစ်အကြောင်း စကားဟထားတာ ၂၀၁၅ထဲကပါ။ ယူကရိန်းစစ်နဲ့ တရုပ်ပြည်က ပိုးပြဿနာနဲ့ ဆပ်ပလိုင်းချိန်းအကျပ်အတည်းနဲ့ အလုပ်သမားရှားတာနဲ့ နဂိုကမှ စားနပ်ရိက္ခာ ရှားနိုင်ခြေရှိနေတာကို အခုလို မသင်္ကာစရာ မီးလောင်မှုတွေ ထပ်ပေါင်းလိုက်တော့ ဘိုင်ဒန်က ရိက္ခာအကျပ်အတည်းဖြစ်နိုင်တယ်လို့ ပြောထားတာ ဒါတွေကြောင့်လားလို့ ထင်မိပါတယ်။

ဘိုင်ဒန်တို့လုပ်နေသမျှ ပြည်တွင်းစွမ်းအင် ပိတ်ပင်ကန့်သတ်တာတွေရော၊ ငွေမတရားရိုက်/သုံးတာရော၊ ကုန်ဈေးနှုန်းကျဖို့ မလုပ်တာရော၊ တရားမဝင်တွေ အများကြီးဝင်စေချင်တာရော၊ သူတို့ဖက်က ဆင်ဆာလုပ် သတင်းမှန် ဖုံးဖိပေးသူကျွန်ပါးဝတွေ အရေးနိမ့်လာမှာကို ဝင်ကာကွယ်နေတာရော၊ အခုလို စားရေရိက္ခာရှားပါးအောင်လုပ်နေတာရော အားလုံးက ပြည်သူကို အထွေထွေအကျပ်အတည်းချောင်ထဲ မောင်းသွင်းနေတာနဲ့ တူနေတာပါ။ အာဏာအတွက် မလုပ်ဝံ့တာမရှိဘူးဆိုတာ ဟိုအကောင်တကောင်ထဲ မဟုတ်ပါဘူးဆိုတာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: