ဆူပရင်းမ်ကုတ်က ခိုးထုတ်လာတဲ့ တရားသူကြီးအများစုရဲ့ ဆုံးဖြတ်ချက်မူကြမ်းအပေါ် ရမယ်ရှာကြတဲ့ ဘယ်အစွန်းတွေက ပြီးခဲ့တဲ့ စနေ တနင်္ဂနွေမှာ ကွန်ဆာဗေးတစ်တရားသူကြီး ၆ဦးတို့ရဲ့ နေအိမ်တွေကို သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီကိစ္စဟာ ကြိုတင်ကြံစည်ထားတာပါလို့ ပြောလို့ရေစမယ့် အကြောင်းတွေထဲမှာ တခုက တရားသူကြီးတွေရဲ့ နေအိမ်တွေကိုပါ မြေပုံနဲ့တကွ ဖြန့်ချပစ်ခဲ့ပြီး သွားဆန္ဒပြမယ်ဆိုတာ ကြိုပြောထားတာတောင် လိုအပ်တဲ့ လုံခြုံမှု အစီအမံများ မထားခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါမူကြမ်းကို ရေးခဲ့တဲ့ တရားသူကြီး ဆမ်မြူရယ်အလိတိုရဲ့ မိသားစုတွေကိုပါ ခြိမ်းခြောက်ခံရတာကြောင့် ဒီရက်တွေအတွင်း သွားစရာရှိတဲ့ အစီအစဥ်တွေ ဖျက်သိမ်းပြီး အမည်မသိတဲ့ တနေရာမှာ ပုန်းရှောင်နေရပါတယ်။
ဘိုင်ဒန်တို့တဖွဲ့လုံးရော ကော်ပိုရိတ် ခြစားမီဒီယာ/ခြစားဒီမိုကရက်တွေအားလုံးက ဒီကိစ္စကို အမျိုးသမီးအခွင့်အရေး ဖောက်ဖျက်မှုကြီးအဖြစ် အင်မတန် ဒေါသဖြစ်စရာ စိတ်ပျက်စရာလို့ ပုံဖော်ပြ ဒေါသထွက်ပြကြပါတယ်။ သရုပ်ဆောင်အကောင်းဆုံးကတော့ လူနီယောင်ဆောင်တဲ့ လူဖြူမကြီး အဲလစ်ဇဘက်ဝါရန်ပါပဲ။ ဘာဖြစ်လို့ ဂျော့ဖလွိုက်တုန်းကလို အားလုံး လက်ဝါးရိုက် ညာသံပေးပြီး အမုန်းမှိုင်းတိုက်နေကြတဲ့ အကြောင်းရင်းတခုကတော့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ လူငယ်တွေ မဲပေးဖို့ စိတ်မဝင်စားတတ်ကြတဲ့အတွက် အမုန်းမီးနဲ့ ဒေါပွအောင် မြှိုက်ထားလိုက်ရင် နိုဝင်ဘာမှာ ထွက်လာပြီး မဲပေးကြမလားလို့ တွက်ကြပုံရပါတယ်။
တနေ့က ရေးခဲ့သလိုပဲ ဒီမူကြမ်းဟာ အပြီးသတ်ဆုံးဖြတ်ချက် မဟုတ်သလို ဘိုင်ဒန်တို့ စွပ်စွဲသလို အမျိုးသမီးအခွင့်အရေးတွေ ချိုးဖောက်ပြီး တဖက်သတ် ဆုံးဖြတ်ထားတာလည်း မဟုတ်ပါဘူး။ အခုလို အရေးကြီးတဲ့ ကိစ္စတွေကို ဝတ်ရုံနက်နဲ့ တရားသူကြီး ၉ဦးက ဆုံးဖြတ်မယ့်အစား တပြည်နယ်ချင်းစီမှာ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဒီမိုကရေစီကျကျ ဆုံးဖြတ်စေဖို့ ရေးဆွဲထားတာဖြစ်ပါတယ်။ ကိုယ်က ဖျက်ချတာ အားပေးသူဖြစ်ဖြစ် ကန့်ကွက်သူဖြစ်ဖြစ် ကိုယ်နဲ့ အမြင်ချင်းတူတဲ့ ကိုယ်စားလှယ်ကို မဲပေး၊ ပြည်နယ်သူ/သား အများစုရဲ့ ဆန္ဒအတိုင်းပဲ ဖြစ်စေတာမှာ ဘယ်နားက အစွန်းရောက်ပြီး ဘယ်နားက မှားနေသလဲဆိုတာတော့ စေ့ငုဖို့ လိုပါလိမ့်မယ်။ သူများရှူးတိုက်တိုင်း ကိုက်ကြတဲ့အဆင့်ကို မသွားစေချင်သလို ဓမ္မနဲ့ အဓမ္မ လွန်ဆွဲနေမှုမှာ မဆိုင်သလို နေတာလည်း အဓမ္မဘက်ကို ပင်းတာနဲ့ တူတူပါပဲ။
ဘယ်အစွန်းတွေက ကွန်ဆာဗေးတစ်တရားသူကြီးတွေကိုတင် ပစ်မှတ်ထားတိုက်ခိုက်တာမဟုတ်ပဲ ကိုယ်ဝန်ဖျက်ချတာကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေ၊ ဘုရားကျောင်းတွေ၊ လုပ်ငန်းငယ်လေးတွေကိုပါ ကိုယ်ထိလက်ရောက် ဖျက်ဆီးတိုက်ခိုက်လာနေကြတာမှာ မိုလိုတော့ဗ် လက်လုပ်ဗုံးတွေနဲ့တောင် တိုက်ခိုက်လာကြပါပြီ။ အဲဒါတွေကို လှုံ့ဆော်တဲ့ သူတွေထဲမှာ ရီဝိုင်ယာနယူးစ်ဂရုက ကာရိုလိုင်းရိုင်လေ ဆိုတဲ့ လက်ဝဲ သတင်းထောက်မလည်း ပါဝင်နေပါတယ်။
အဲဒီသတင်းထောက်မက ပရိုလိုက်ဖ်သမားတွေအပေါ် အကြမ်းဖက်ဖို့ တွဒ်တာက လှုံ့ဆော်နေခဲ့တာကို ကွန်တန့်မော်ဒရေးရှင်းလုပ်နေဆဲဖြစ်တဲ့ တွဒ်တာက လွှတ်ထားပေးခဲ့တာနဲ့ ပတ်သက်ပြီး ကွန်ဆာဗေးတစ် နိုင်ငံရေးဝေဖန်သူ မိုက်ခ်ဆာနိုဗစ်ချ်က အီလွန်ကို တွဒ်တာဝန်ထမ်းတွေဟာ စည်းကမ်းထိမ်းသိမ်းမှုအပိုင်းမှာ လုပ်နေတယ်ဆိုတာတွေက မင်းကို လိမ်နေတာ၊ ဘာဖြစ်လို့ စီစစ်ထားတဲ့ အပြာမှတ်အကောင့်က အကြမ်းဖက်ဖို့ လှုံ့ဆော်နေတာကို တွဒ်တာက ခွင့်ပြုထားရတာလဲ၊ အဲဒီမိန်းမ အကြမ်းဖက်ဖို့ တိုက်ရိုက် ဆော်ဩနေတာတောင် အဘန်းလဲ မခံရဘူး၊ တွဒ်တာဝန်ထမ်းတွေက နားလည်မှုနဲ့များ လွှတ်ပေးထားတာလား၊ ဘေဘီလုံဘီးဆိုရင် ဟာသလေးတခုတင်တာနဲ့ကို အဘန်းခံရတယ်လို့ အီလွန်ကို တဂ်လုပ်ပြီး မေးထားပါတယ်။
အီလွန်က တွဒ်တာဝန်ထမ်းတွေကြားထဲမှာ ဘယ်အစွန်းတွေ အင်အားကောင်းနေတယ်ဆိုတာကို ဝန်ခံသွားပြီး ငါဖြစ်စေချင်တာကတော့ တွဒ်တာရောက်တဲ့နိုင်ငံက ဥပဒေတွေနဲ့ အနီးစပ်ဆုံး ယူရမှာပဲ၊ ပြည်သူတွေက တခုခုကို ဘန်းစေချင်ရင် အဲဒီအတိုင်း မဲပေးကြ၊ ဥပဒေထုတ်ကြပေါ့၊ မဟုတ်ရင်တော့ ခွင့်ပြုထားမှာပဲလို့ ဆိုပါတယ်။ အဆိုပါသတင်းထောက်မကတော့ သူ့တွိကို ဖျက်သွားပြီး သူ့အကောင့်ကို ဒီအက်တီဗိတ်လုပ်ထားလိုက်ပါပြီ။
အီလွန် ကနေ့တွိသွားတဲ့ထဲ ပြောစမှတ်ဖြစ်တာက တကယ်လို့ ငါမမျှော်လင့်ပဲ ထူးထူးဆန်းဆန်း အခြေအနေတခုမှာ သေသွားခဲ့ရင် မင်းတို့ကို သိခဲ့ရတာ ဝမ်းသာပါတယ်လို့ ရေးထားတာပါ။ သူ့မိခင်က အဲဒါ ရီစရာမဟုတ်ဘူးလို့ တုန့်ပြန်တော့ သူကပြန်ပြီး ဆောရီးပါ၊ တတ်နိုင်သလောက်တော့ အသက်ရှင်အောင် အကောင်းဆုံး ကြိုးစားပါ့မယ်လို့ ပြန်ဖြေပါတယ်။
အာဏာငန်းဖမ်းတွေမှာ မိတ်ဆွေမရှိ၊ ကျေးဇူးမရှိ၊ တိုင်းပြည်ကောင်းကျိုး မသိ၊ ပြည်သူအကျိုး မကြည့်ပဲ တိုင်းပြည်ဆူပူ၊ ပြည်သူကြပ်တည်းတာတွေကို လစ်လျူရှုရုံမက တမင်ဖန်တီးနေကြတဲ့ အခြေအနေပါ ရောက်နေပါပြီ။ မိတ်ဆွေအရင်းကြီး အက်ပ်စတိန်းကိုလည်း အရှုပ်ထုတ်ပေါ်မှာ ကိုယ့်နာမည်ပါလာမှာစိုးလို့ နှုတ်ပိတ်ခဲ့ကြတာကြည့်ရင် အာဏာအတွက် မလုပ်ဝံ့တာ မရှိဘူးဆိုတာ ထင်ရှားပါတယ်။ အဲဒီလိုလူတွေကို ဘာအကြောင်းပြချက်နဲ့ပဲ ရွေးရွေး အမေရိကန်ရော ကမ္ဘာမှာပါ အေးအေးချမ်းချမ်း နေရတဲ့ ရက်တွေ နဲလာမှာ သေချာပါတယ်။
ဒီနှစ်နိုဝင်ဘာမှာလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အိုဟိုင်းအိုးဆီနိတ်ဝင်ပြိုင်မယ့် ရီပါဘလစ်ကန်တွေကြား ပဏာမရွေးကောက်ပွဲမှာ နိုင်သွားတဲ့ ဂျေဒီဗန့်စ်က ထိပ်နားမှာမဟုတ်ပဲ နံပါတ် ၃-၄လောက်မှာ ထောက်ခံမှု ရာနှုန်း ၁၀ကျော်ကျော်လေးနဲ့ ပြိုင်နေရာက ထရမ့်ထောက်ခံမှု ပေးပြီးတဲ့နောက် ၃၀ရာနှုန်းကျော်နဲ့ ပါတီကိုယ်စားပြုပြိုင်ဖို့ ရွေးချယ်ခံလိုက်ရတာပါ။ ရွေးကောက်ပွဲလုပ်ဖို့ ၅လကျော် လိုသေးပေမယ့် ထရမ့်က တပြည်လုံးက ရီပါဘလစ်ကန် အရွေးချယ်ခံတွေအကြောင်း စီစစ်ပြီး ထောက်ခံမှု ပေးသင့်တဲ့သူ ပေးနေတာအပြင် လူထုဟောပြောပွဲတွေ ခပ်စိပ်စိပ် ပြန်လုပ်လာနေပါပြီ။ သူ့ထောက်ခံမှုက ဘယ်လောက် တာသွားတယ်ဆိုတာ မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ ဒီမိုကရက်တွေက ထရမ့်နဲ့ ရီပါဘလစ်ကန်တွေ မာဂါတွေ ကွန်ဆာဗေးတစ်တွေကို အပုတ်ချဖို့ အင်တိုက်အားတိုက် ကြိုးစားလာနေကြပါတယ်။ ထရမ့်သတင်းတွေလို့ ရှာလိုက်ရင် အပုတ်ချတဲ့ အတင်းတွေနဲ့ချည့် ပြည့်နေတာပါ။ အရင်က မသိခဲ့တာ မပြောလိုပေမယ့် မတူတဲ့ အုပ်ချုပ်မှု နှစ်ခုအောက်မှာ လောလောလတ်လတ် နေခဲ့ရပြီဖြစ်လို့ ကွဲပြားမှုကို သိဖို့ ကောင်းနေပါပြီ။ တခါလိမ် လိမ်သူအပြစ်ဆိုပေမယ့် အကြိမ်ကြိမ်လိမ်နေတာ၊ ခံလည်း ခံစားနေရတာကို ဆက်မသိချင်ယောင် ဆောင်ဦးမယ်ဆိုရင်တော့ ဘဝဆက်တိုင်း အမှန်တရား၊ တရားမျှတမှုတို့နဲ့ ဝေးနေကြဦးမှာပါ။