အီလွန်ရဲ့ တွဒ်တာကို ဝယ်ဖို့အစီအစဥ်ဟာ အက်စ်အီးစီက စစ်ဆေးမှုတွေကြောင့် ဝယ်ယူမှု အထမမြောက်ခင်မှာ အခက်အခဲတွေနဲ့ ကြုံတွေ့လာဖွယ် ရှိနေပါတယ်။ ဒီညထုတ်ပြန်တဲ့ ရီပို့တခုမှာ လိုအပ်တဲ့ဖောင်တခုကို အီလွန်က နောက်ကျမှ တင်ခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ ၅ရာနှုန်းကျော်ပိုင်တဲ့သူတွေ တင်ရတဲ့ဖောင်ကို အီလွန်တင်တာ နောက်ကျသွားလို့ ဖြစ်ပါတယ်။ အက်စ်ကွိုင်းယားဒစ်ဂျစ်တယ်က ဥပဒေအရာရှိချုပ် အာရွန်ဆော်လမွန်ကတော့ အီလွန်အတွက် စိတ်ပူစရာမရှိပါဘူး၊ ဒီကိစ္စက မဖြစ်မြောက်ဖို့ အခွင့်နည်းပါတယ်၊ ဥပဒေလုပ်ထုံးလုပ်နည်းတွေကြောင့် ပြဿနာဖြစ်ရင် လက်ရှိရှယ်ယာရှင်တွေပဲ ထိခိုက်မှာလို့ ဆိုပါတယ်။ တကယ်လို့ အရောင်းအဝယ် အထမမြောက်ခဲ့ရင် အီလွန်က ၁ ဘီလီယံပေးလျှော်ရမှာဖြစ်ပါတယ်။
တက်စလာတုန်းကလည်း အီလွန်ရဲ့ တွိတခုကို အကြောင်းပြပြီး အက်စ်အီးစီက ပြဿနာတရှာခဲ့လို့ ဒဏ်ငွေ သန်း၂၀ ဆောင်ခဲ့ရတဲ့အပြင် သူနဲ့ အက်စ်အီးစီကြား “သဘောတူညီချက်”ကို ဘယ်သူမှမပြောပါဘူးလို့ ခံဝန်ထိုးခဲ့ရတာပါ။ အဲဒီလို ထိုးခဲ့ရတာကို အီလွန်က လုံးဝ မကျေနပ်ကြောင်း သိထားကြတဲ့အပြင် ဘိုင်ဒန်အစိုးရက နည်းမျိုးစုံနဲ့ ညစ်နိုင်တာ ညစ်တတ်ကြတာကြောင့် အားလုံးပြီးမှသာ ဟင်းချနိုင်မယ့် အခြေအနေဖြစ်နေတာပါ။
ဒီကနေ့ အောက်လွှတ်တော်ရဲ့ အပရိုပရီရေးရှင်းဆပ်ကော်မီတီရဲ့ ကြားနာစစ်မေးပွဲမှာ အန်အိုင်အိတ်ချ်က ယာယီဒါရိုက်တာ လောရန့်စ်တာဘက်ခ်က ကပ်ပိုးကာလအစောပိုင်းမှာ တရုပ်သိပ္ပံပညာရှင်တွေရဲ့ တောင်းဆိုမှုကြောင့် ကပ်ပိုးရဲ့ ဒီအန်အေဆီးကွမ့်စ်ကို ဖွက်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဖျက်ဆီးခြင်းမပြုခဲ့ပဲ အာခိုက်ဗ်ထဲမှာ သိမ်းထားခဲ့ကြောင်း၊ အဲဒီအာခိုက်ဗ်က ရှေးကျတဲ့အတွက် တိပ်ခွေတွေနဲ့ သိမ်းဆည်းရပြီး ကြည့်ချင်လို့ တောင်းဆိုလာသူများရှိရင် သူတို့ဆီက သုတေသီတွေက အဆက်ရှင်နံပါတ်တဲ့ ထုတ်ယူကြည့်ရှုနိုင်ကြောင်း၊ ဒါပေမဲ့ အဲဒီလမ်းစဥ်ကတော့ တော်တော်ခက်ခဲကြောင်း ဖြေကြားသွားပါတယ်။ သူ့အဖြေက ရှိတော့ရှိတယ်၊ ကြည့်လို့ရမရတော့ အာမမခံနိုင်ဘူးလို့ ပြောနေသလိုပါပဲ။ အမေရိကန်ပြည်သူအခွန်စားနေတဲ့ အစိုးရဌာနအရာရှိက တရုပ်က အမိန့်ပေးတိုင်း လိုက်နာနေရတဲ့အဖြစ်ကလည်း ရင်နာစရာပါ။ ဂိတ်စ်ပြောသလို သဘာဝကလာတာဆိုရင် အခုလို လက်ဝါးရိုက်တာတွေ ပေါင်းဖုံးတာတွေ ပြည်သူကို ချမပြရဲတာတွေ ရှိနိုင်ပါ့မလား။
တပြည်လုံးတရားဝင် ကိုယ်ဝန်ဖျက်ချခွင့်ပေးဖို့ ဒီမိုကရက်တွေရဲ့ ကြိုးပမ်းမှုအဖြစ် ဆီးနိတ် ဒီမိုကရက်ခေါင်းဆောင် ရှုးမားက ဥပဒေကြမ်း တင်သွင်းခဲ့တာမှာ ရှေ့ဆက်နိုင်ဖို့ လိုအပ်တဲ့ မဲ ၆၀မရတဲ့အပြင် ရီပါဘလစ်ကန်အားလုံးနဲ့ ဒီမိုကရက်ဆီနိတ်တာ မန်ချင်ကပါ ကန့်ကွက်ခဲ့ပါတယ်။ ဒီဥပဒေကြမ်းရဲ့ လိုရင်းက ကိုယ်ဝန်ဖျက်ချတာဟာ ပြည်သူတွေရဲ့ အခြေခံဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေးဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေက ဘယ်လိုအခြေအနေမျိုးမှာမဆို အကန့်အသတ် အတားအဆိးမရှိ ဖျက်ချတာကို ဖက်ဒရယ်အဆင့်မှာ တရားဝင်ခွင့်ပြုပေးဖို့ ဖြစ်ပါတယ်။ အဲဒီဥပဒေကြမ်း အထမြောက်ခဲ့ရင် ပြည်နယ်တွေက ဘယ်လိုပဲ သူ့ပြည်နယ်သူ/သားဆန္ဒအရ ဒီမိုကရေစီကျကျ ပြဌာန်းထားထား ဖက်ဒရယ်အဆင့်က နင်းခြေကျော်လွှားသွားမယ့် သဘောဖြစ်နေတာပါ။
အမေရိကန်မှာ ကွန်ဆာဗေးတစ်တွေက အခြေခံဥပဒေကို မူရင်းအတိုင်း အဓိပ္ပါယ် ဖွင့်ဆိုချင်ပြီး ခေတ်နဲ့အညီ လိုအပ်လို့ အခြေခံဥပဒေကို ပြင်ဆင်ရမယ်ဆိုရင်လည်း မူလပြဌာန်းထားတဲ့ စည်းမျဥ်းတွေအတိုင်းပဲ ပြင်ချင်ကြတာပါ။ လက်ဝဲယိမ်းတဲ့ လစ်ဘရယ်တွေနဲ့ လစ်ဘရယ်ယောင်ဆောင်ထားတဲ့ လက်ဝဲတွေက အခြေခံဥပဒေကို အရှင်လို့ သတ်မှတ်ပြီး လိုသလို အဓိပ္ပါယ် ဖွင့်ဆိုချင်ကြတာပါ။ အမေရိကန်သတင်းတွေကို သတိထားကြည့်မယ်ဆိုရင် လစ်ဗြဲတွေ နိုင်ငံရေးလုပ်စားသူတွေ သူတို့အောက်ဆွဲတွေက လိုရင်းအနှစ်သာရအပေါ် မူခိုင်ခိုင်ရှိထားတဲ့ ကွန်ဆာဗေးတစ်တွေနဲ့ ယှဥ်မပြောနိုင်ကြတဲ့အတွက် စကားလုံးတွေအပေါ်မှာပဲ ငြင်းခုံနေကြပြီး သူတို့သဘောအတိုင်းမဖြစ်ရင် ကလေးဆိုးတွေလို ပေါက်ကွဲ သောင်းကျန်းကြတာပါ။
တိုတိုပြောရရင် အမေရိကန်ကွန်ဆာဗေးတစ်ဆိုတာ တိုင်းပြည်ကို ထိပ်ဆုံးကို ပို့ခဲ့တဲ့ မူဝါဒတွေကို ဆက်လက်စွဲကိုင်ထားချင်တာဖြစ်ပြီး ပြုပြင်ပြောင်းလဲဖို့ လိုလာရင်လည်း အလျှင်စလိုမလုပ်ပဲ သတိကြီးကြီးနဲ့ နှစ်ဖက်အပြန်အလှန်ဆွေးနွေးငြင်းခုံပြီး သေချာမှ လုပ်စေချင်ကြတာပါ။ အခုလိုရှင်းပြတာက မြန်မာတချို့က မဘသတွေကို ကွန်ဆာဗေးတစ်လို့ ကင်ပွန်းတပ်ထားတာနဲ့ အမှတ်မှားကြပါတယ်။ အာဏာရှင်နိုင်ငံမှာ အာဏာရှင်ဖက်ကပင်းတဲ့ စနစ်ကနေ မပြောင်းလဲချင်သူတွေကို ကွန်ဆာဗေးတစ်လို့ ပြောတတ်ကြပြီး ဒီမိုကရေစီလိုလားသူတွေက အဆိုပါ ကွန်ဆာဗေးတစ်တွေနဲ့ ထိပ်တိုက်တွေ့တတ်ကြပါတယ်။
အဲဒီတော့ ကွန်ဆာဗေးတစ်ဆိုတာကို အဓိပ္ပါယ်ဖွင့်ဖို့ အခြေအနေပေါ်မှာ မူတည်တယ်ဆိုတာ ရှင်းလောက်ပြီထင်ပါတယ်။ နောက်ဥပမာတခုက ပါချုပ်ဆရာတော်ဘုရားကြီးပေးတဲ့ ဥပမာပါ။ ဗုဒ္ဓဘာသာမှာ ထေရဝါဒနဲ့ မဟာယနတို့လို ဂိုဏ်းကွဲတွေ ရှိရာမှာ ထေရဝါဒက ဘုရားရှင်ဟောခဲ့တဲ့ တရားတွေကို မူလအတိုင်း ပြင်ဆင်ဖြည့်စွက်ခြင်း မပြုကြတဲ့အတွက် ကွန်ဆာဗေးတစ်တွေလို့ ပြောလို့ရပြီး ကျန်ဂိုဏ်းတွေကတော့ လူမျိုး/ဒေသဆိုင်ရာ ရိုးရာယုံကြည်ချက်တွေကို ထည့်သွင်းလာကြလို့ မူလဘုရားဟောတွေကနေ တော်တော်လေး သွေဖယ်လာတဲ့ အနေအထား ဖြစ်နေတာပါ။