အီလွန်က တွဒ်တာကို ဝယ်ယူမယ့်အစီအစဥ်ကို ခေတ္တရပ်တံ့ထားလိုက်ပါတယ်။ အကောင့်တုတွေ ဘယ်လောက်တောင် ရှိနေတယ်ဆိုတာ အတိအကျ သိရတဲ့အထိ ရပ်နားထားဖို့ ဖြစ်နိုင်သလို အကောင့်တုသိပ်များနေရင် ဈေးပြန်ညှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဆိုရှယ်မီဒီယာရဲ့သဘောက သုံးစွဲသူများတဲ့ အပေါ်မှာ စီးပွားရှာရတာဆိုတော့ ကွန်ပြူတာနဲ့ ဖန်တီးထားတဲ့ အကောင့်တုတွေ များနေရင် ဝင်ငွေရနိုင်မယ့်လမ်းက ထင်သလောက် မများနိုင်တော့ပါဘူး။ အီလွန်နားလည်ထားတာက အကောင့်တုတွေက ၅ရာနှုန်းအောက်မှာပဲ ရှိလိမ့်မယ်လို့ပါ။ တွဒ်တာရဲ့ ပါ့ဘလစ်ဖိုင်းလင်းမှာလည်း အဲဒီလိုပဲ ပြောထားတယ်လို့ ဆိုပါတယ်။ အခုလို သတင်းထွက်လာတော့ တွဒ်တာရှယ်ယာဈေးက ၁၀ရာနှုန်းနီးပါး ပြုတ်ကျသွားပါတယ်။ မနေ့ကလည်း လက်ရှိစီအီးအိုက ထိပ်တန်းဝန်ထမ်းနှစ်ဦးကို အလုပ်ထုတ်ပစ်ခဲ့ပြီး ကုန်ကျစရိတ် ထိမ်းချုပ်တဲ့အနေနဲ ဝန်ထမ်းအသစ် ထပ်မံငှားရမ်းတာတွေ အကုန်လုံးကို ရပ်ထားမယ်လို့ ကြေငြာပါတယ်။
ကနေ့ညနေမှာတော့ အီလွန်က သူ့အဖွဲ့တွေဟာ တွဒ်တာဖော်လိုဝါ ၁၀၀ကို ရှောင်တခင် စစ်ဆေးပြီး တခြားလူတွေကိုလည်း အဲဒီလို စစ်ဆေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အားလုံးဝိုင်းပြီး စစ်လိုက်ကြရင် တယောက်ထဲ အကောင့်ထပ်နေတာတွေ၊ အကောင့်တုတွေ ဘယ်လောက်များနေမယ်ဆိုတာ မှန်းလို့ ရပါလိမ့်မယ်လို့ ဆိုပါတယ်။ သူ့မှာ ဖော်လိုဝါ သန်း၉၀ကျော် ရှိတဲ့အတွက် အဲဒီထဲက ၁၀ရာနှုန်းလောက် ဝိုင်းစစ်ကြရင်တောင် တော်တော် ဟုတ်နေပါပြီ။
ဘိုင်ဒန်အစိုးရရဲ့ ဆင်ဆာဘုတ်အသစ်ကို ဦးဆောင်သူ ဂျန်ကိုဝဇ်က ဇူမ်းအစည်းအဝေးမှာ တွဒ်တာနဲ့ ပတ်သက်ပြီး အကောင့်က လူအစစ်ရဲ့ အကောင့်ဖြစ်ပေမယ့် မယုံရလို့ မပေးသင့်တာ (ဥပမာ ထရမ့်) တွေရှိသလို ထရမ့်လိုလူတွေ တခုခုတွိတိုင်းလည်း ဝီကီပီးဒီးယားမှာလို အောက်ကနေ အဲဒီတွိကို တန်ပြန်/ချေဖျက်မယ့် လင့်ခ်တွေ ထည့်ပေးဖို့ လိုမယ်လို့ သူအဖွဲ့သားတွေကို ပြောကြားနေတဲ့ဗီဒီယို ပေါက်ထွက်လာပါတယ်။ အဲဒီအပေါ်မှာ အီလွန်က ရှက်စရာကောင်းလိုက်တာလို့ တုန့်ပြန်ခဲ့ပါတယ်။ အဲဒီလို မတရားလုပ်တာကို ငြိမ်ခံနေတာက အာဏာရှင်လက်အောက်ကို သွားဖို့ ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်နေတာနဲ့ တူတူပဲဆိုတာ သိပ်မနှောင်းခင် သဘောပေါက်ကြဖို့ လိုပါတယ်။ ကျန်းမာတဲ့ ဒီမိုကရေစီစနစ်မှာ ကိုယ်မကြိုက်တဲ့သူကိုလည်း ပြောပိုင်ခွင့်ပေးရပါတယ်။ ငါပဲပြောမယ်၊ နင်မပြောရဆိုတာက သေးလွန်း သိမ်လွန်းပါတယ်။
နက်ဖလစ်စ်က စီမံအုပ်ချုပ်သူများက ဝန်ထမ်းတွေကို အနုပညာကို အနုပညာလိုပဲကြည့်ဖို့၊ အလုပ်ကို အလုပ်နဲ့တူအောင်လုပ်ဖို့၊ ကိုယ်ပိုင်ခံစားချက်တွေနဲ့ မရောထွေးဖို့ စာထုတ်သတိပေးလိုက်ပါတယ်။ အဲဒီလိုမှ မဟုတ်ပဲ သိပ်စန်းစန်းတင့်ဖြစ်နေရင်တော့ တခြားမှာသာ အလုပ်သွားရှာကြဖို့အထိ ပြောထားတာပါ။ အဲဒီလို စာထွက်လာတာက နက်ဖလစ်စ်စတော့ဈေးတွေ အရင်ကထက် သုံးပုံတပုံလောက်ပဲ ကျန်တော့အထိ ပြုတ်ကျသွားတဲ့ ဝန်ထမ်းတွေရဲ့ ဝုခ်ယဥ်ကျေးမှုကို ရှေ့တန်းတင်လွန်းခြင်းနဲ့ ဝုခ်မဟုတ်သူတွေကို စော်ကားမော်ကားပြုခြင်းတို့ကြောင့် ဖြစ်ရတာကို ပြန်အဖတ်ဆယ်ဖို့ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့အရွေ့တခုပါပဲ။ ပြောသလို လုပ်နိုင်စေဖို့သာ မျှော်လင့်ပါတယ်။
စပီကာ ပလိုးစီက ကိုယ်ဝန်ဖျက်ချတာကို အားပေးတဲ့ လှုပ်ရှားတက်ကြွသူများကို ကိုယ့်ရဲ့ တော်တည့်မှန်ကန်တဲ့ ရပိုင်ခွင့်အတွက် ချီတက်ဆန္ဒပြကြဖို့ စည်းရုံးလှုံ့ဆော်အပြီးမှာ ဆန္ဒပြသူတွေက ဆန်ဖရန်စစ္စကိုက သူ့အိမ်ရှေ့ကိုပါ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီအုပ်စုတွေရဲ့ ကြွေးကြော်ချက်က “အဘောရှင်းအွန်ဒမန်း ဝစ်သောက်အပိုလိုဂျီ”ပါ။ ကြိုက်တဲ့အချိန်/နေရာမှာ ဘာအကြောင်းပြချက်မှ ပေးစရာမလိုပဲ ဖျက်ချင်သလို ဖျက်ချနိုင်ကြဖို့ပါ။ သူတို့တွေ ပလိုးစီအိမ်ကို သွားရတဲ့ အကြောင်းရင်းကို ရှင်းပြကြရာမှာ ကွန်ဆာဗေးတစ်တရားသူကြီးတွေ အခုလို ဆုံးဖြတ်ကြတာဟာ ဒီမိုကရက်ပါတီကပါ အလိုတူအလိုပါ ဖြစ်နေတာကြောင့်လို့ ဆိုကြပါတယ်။ သူများကို မကျေနပ်လို့ မစင်နဲ့ကိုင်ပေါက်ရင် ကိုယ်အရင် မစင်ပေမယ့် ဥပမာပါပဲ။ အမုန်းက အင်မတန်ပျံ့လွယ်တဲ့ တောမီးဖြစ်လို့ မီးနဲ့ကစားချင်တဲ့ ဒီမိုကရက်တွေ မီးဟပ်ခံရတာ ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားဂါဗာနာ နျူဆမ်က ကျန်းမာရေးအာမခံမရှိတဲ့ ဝင်ငွေနည်းနဲ့ အလယ်အလတ်ဝင်ငွေရှိတဲ့ မိသားစုတွေ ကိုယ်ဝန်ဖျက်ချရတဲ့ စရိတ်စကတွေကို ကာမိဖို့အတွက် သန်း၄၀ အသုံးစရိတ်ရရှိဖို့ အဆိုပြုလိုက်ပါတယ်။ အဲဒီသန်း၄၀ဟာ နောက်ထပ် ၅၇သန်းကုန်ကျမယ့် မျိုးပွားမှုကျန်းမာရေးပက်ကေ့ချ်ရဲ့ အစိတ်အပိုင်းဖြစ်ပြီး ပက်ကေ့ချ်တခုလုံးအတွက် ကုန်ကျစရိတ်ကို ၁၂၅သန်းအဖြစ် မှန်းထားပါတယ်။ အဲဒီထဲမှာ ပါတာတွေက ကွန်မြူနတီအဆင့် မျိုးပွားမှုကျန်းမာရေးအဖွဲ့တွေကို ၁၅သန်း၊ ပြည်နယ်ရဲ့ မျိုးပွားမှုနဲ့ဆိုင်တဲ့ အခွင့်အရေးကို ပြည်သူတွေသိအောင် ပညာပေးဖို့ ဝက်ဘ်ဆိုက်လုပ်မှာက ၁သန်း၊ မျိုးပွားမှုနဲ့ ပတ်သက်တဲ့ မလုပ်ရသေးတာတွေကို ရှာဖွေဖို့က ၁သန်း၊ မျိုးပွားကျန်းမာရေးပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပညာသင်ဆုတွေ ချေးငွေတွေပေးဖို့ သန်း ၂၀၊ ကျန်းမာရေးအရ မလိုအပ်ပဲ ကိုယ်ဝန်ဖျက်ချဖို့အတွက် ရိုက်ရတဲ့ အာလ်ထရာဆောင်းနဲ့ တခြားကုန်ကျစရိတ်တွေကို အစိုးရက ထောက်ပံ့ပေးဖို့အတွက် နောက်ထပ် သန်း ၂၀၊ စတာတွေဖြစ်ပါတယ်။
စကားလုံးတွေပဲ ဖတ်ရင်တော့ သာဓုခေါ်ရမလောက်ပါပဲ၊ ဒါပေမဲ့ သူတို့ဆိုလိုတဲ့ မျိုးပွားမှုကျန်းမာရေးဆိုတာ ကိုယ်ဝန်ဖျက်ချတာကလွဲလို့ ကျန်တာ ဘာမှ လုပ်မပေး၊ ဆွေးနွေးခွင့် တိုင်ပင်ခွင့်မပေးတဲ့ စနစ်ပါ။ ပလန်းပဲရင့်ဟုဒ်လိုပါပဲ၊ လာသမျှလူ ဖျက်ချဖို့အပြင် ဘာမှ မလုပ်ပေးတဲ့ ဘာပလန်မှမရှိ၊ ဘာပဲရင့်ဟုဒ်မှ မရှိတဲ့ အဖွဲ့တွေပါ။ အခုပြည်နယ်ကလူတွေတင်မက တခြားပြည်နယ်တွေမှာ ဖျက်ချလို့မရတဲ့သူတွေကိုပါ လမ်းစရိတ်ကအစခံပြီး ဒီမှာလာဖျက်ဖို့ ဖိတ်ခေါ်နေတာပါ။ ကုန်ကျစရိတ်က အခွန်ထမ်းပြည်သူဆီကလာမှာဆိုတော့ ပြည်နယ်သူ/သား အကျိုးရှိမယ့် ကိစ္စတွေမှာ သုံးရမယ့် အခွန်တွေ လူသတ်ရာမှာ သုံးကြတော့မှာပေါ့။ သူတို့ကို မဲပေးထားတဲ့လူတွေကတော့ ထပ်တူ(အ)ကုသိုလ် ရကြမှာပါပဲ။ သာဓုတွင်တွင် ခေါ်ကြပါကုန်။