တသက်လုံးထောက်ခံလာတဲ့ ဒီမိုကရက်တွေကို အခုကစပြီး မဲမပေးတော့ဘူး၊ ရီပါဘလစ်ကန်ကိုပဲ မဲပေးတော့မယ်လို့ ပြောလာတဲ့ အီလွန်မတ်စ်ကို ဒီမိုကရက်ကို မထောက်ခံသူတွေ ကြုံတွေ့ရတဲ့ ထုံးစံအတိုင်း ပုဂ္ဂိုလ်ရေးထိုးနှက်မှုတွေ၊ လိင်ကိစ္စ စွပ်စွဲမှုတွေနဲ့ အောက်လုံးထိုး တိုက်ခိုက်လာကြပါတယ်။ သူ့တက်စ်လာကုမ္ပဏီကိုပါ S&P 500 ESG ကပါ ဖယ်ရှားခံလိုက်ရပြီး နောက်ပိုင်းမှာ အီလွန်မတ်စ်က သူ့ကို တိုက်ရိုက် အစီရင်ခံရမယ့် အမာခံတရားစီရင်ရေးဌာနကို ဖွဲ့စည်းဖို့ စီစဥ်လိုက်ပါတယ်။
ပယ်ရှားလိုက်တဲ့ အကြောင်းပြချက်က အသားအရောင်ခွဲခြားတယ်လို့ စွပ်စွဲထားတဲ့ အမှုဖြစ်ဖူးတာရယ်၊ အော်တိုပိုင်းလော့မှာ ကာတိုက်ဖူးတာရယ်ကြောင့်လို့ ရိုက်တာက ရေးပေမယ့် S&P ESG ကို ဦးဆောင်သူ မာဂရက်ဒွန်းကတော့ တက်စ်လာက သူ့ကားတွေ ကာဗွန်ထုတ်လွှင့်မှုနည်းတဲ့ အကြောင်းတွေကို အသေးစိတ်ရေးသားထုတ်ဝေမထားတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ တခြားကားတွေမှာ ယူစာမန်နျူရယ်စာအုပ်ပါပေမယ့် တက်စ်လာမှာ အားလုံးက စခရင်ပေါ်ကနေပဲ သွားတာပါ။ သစ်ပင်တွေအကုန်ခံပြီး စာအုပ်ထုတ်တာထက် စခရင်ပေါ်ကသွားတာက ပတ်ဝန်းကျင်အတွက် ပိုကောင်းတယ်ဆိုတာတောင် မခွဲခြားနိုင်သူတွေ ရာထူးကြီးတွေယူထားတော့လည်း ကောသလ္လအိပ်မက်တွေက မှန်တော့မှာပေါ့။
အီလွန်ရဲ့ အမာခံတရားစွဲရေးအဖွဲ့မှာ ပါဝင်ဖို့ စိတ်ဝင်စားသူတွေက ဂျပ်စ်တစ်စ်အက်တက်စ်လာဒေါ့ကွန်မ်းကို သင့်ရဲ့ ထူးခြားတဲ့အရည်အသွေး အချက် ၃ချက်နေ ၅ချက်အထိပဲ ရေးပြပြီး သင်လိုက်ပါ ဆောင်ရွက်ခဲ့တဲ့အမှုတွေကို လင့်ခ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလို အလုပ်ခေါ်ရာမှာ နာမည်ကြီး ဥပဒေအဖွဲ့တွေကလူတွေကို ရှာနေတာမဟုတ်ပဲ ကိုယ့်အရည်အချင်းနဲ့ကိုယ် ရွပ်ရွပ်ချွံချွံ တရားစွဲလာသူတွေကို ရှာတာပါလို့ ဆိုပါတယ်။ အဲဒီလို ဖွဲ့လိုက်ခြင်းဖြင့် တိုက်ခိုက် ရှုတ်ချမယ့် သူများကို ငါတို့က တရားတဲ့အမှုဆိုရင် ငါတို့နိုင်ခြေရှိရင်တောင် ငါတို့နိုင်အောင်လုပ်မှာမဟုတ်၊ မတရားတဲ့အမှုဆိုရင်လည်း ငါတို့ရှုံးနိုင်တယ်ဆိုဦးတော့ ငါတို့ဘယ်တော့မှ နောက်မဆုတ်တမ်း ရင်ဆိုင်သွားမယ်လို့ ကတိကဝတ်အနေနဲ့ ဖော်ပြသွားပါတယ်။
(အဲဒီအချိန်က) သမ္မတလောင်း ထရမ့်အပေါ် နိုင်ငံတော်သစ္စာဖောက်မှုလောက် ကြီးမားတဲ့ အခြေအမြစ်မခိုင်မာတဲ့ ရုရှားကိုလူးရှင်းစွပ်စွဲမှုကို ရွေးကောက်ပွဲမတိုင်ခင်လေးတင် ကပ်ပြီး မီဒီယာကို ဖောက်ချဖို့ ကလင်တန်က မီးစိမ်းပြခဲ့တဲ့အကြောင်း သတင်းဟာ ကလင်တန်နဲ့ ရုရှားကိုလူးရှင်း တိုက်ရိုက် ပတ်သက်နေတာကို ပထမဆုံး ပြသလိုက်တာပဲဖြစ်ပါတယ်။ ကလင်တန်ကမ်ပိန်းရှေ့နေ မိုက်ကယ်ဆပ်စ်မန်ကို စွဲထားတဲ့ အမှုကလည်း အပြာအရင့်ဆုံး နယ်မြေတခုဖြစ်တဲ့ ဝါရှင်တန်(ဒီစီ)မှာ လုပ်တာဆိုတော့ တရားသူကြီးကအစ ဂျုရီတွေအဆုံး အကုန်လုံးနီးပါးက ဒီမိုကရက်တွေ ဖြစ်ဖို့များတဲ့အတွက် အမှုမှာ ဘယ်လိုမှ ငြင်းမရအောင် တော်တော်ကြီး ခိုင်ခိုင်မာမာ သက်သေပြနိုင်မှသာ နိုင်ခြေရှိမှာဖြစ်ပါတယ်။
အဲဒီလို လုပ်ကြံသတင်းထုတ်ရတဲ့ အဓိကအကြောင်းရင်းတခုက ကလင်တန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆောင်ရွက်နေစဥ်မှာ သူ့ရဲ့ အီးမေးလ်တွေအတွက် အစိုးရဆာဗာကို မသုံးပဲ ကိုယ်ပိုင်ဆာဗာကို သုံးခဲ့ပြီး ကွန်ဂရက်စ်မှာ ခေါ်အစစ်ခံစဥ်မှာတော့ သက်သေခံဖြစ်တဲ့ သူ့ကိုယ်ပိုင်ဆာဗာကို လုံးဝ အပြောင် ရှင်းထားခဲ့တာပါ။ အစိုးရဆာဗာကို သုံးရင် သူအဂတိလိုက်စားထားတာတွေ တချိန်ချိန်မှာ ပြန်ပေါ်လာနိုင်မှာဖြစ်လို့ ဘောင်ကျော်ပြီး ကိုယ်ပိုင်ဆာဗာကို သုံးခဲ့တာပါ။ အပြောင်ရှင်းထားလားမေးတို့ ဆပ်ပြာနဲ့ဆေးပြီး ဘရပ်ရှ်နဲ့ တိုက်တာကို ပြောတာလားလို့တောင် ဟာသလုပ်လိုက်ပါသေးတယ်။ ဘယ်ပါတီဝင်ဖြစ်ဖြစ် ဘယ်သူ့ကိုပဲ ထောက်ခံထောက်ခံ မတရားတာကို မတရားဘူးလို့ မမြင်နေသ၍တော့ တရားမျှတမှုနဲ့ ဝေးနေကြဦးမှာပါပဲ။
ပြိုင်ဖက်အပေါ် အပြစ်ရှာ စုံစမ်းသုတေသနလုပ်ကြတာက ပုံမှန်လုပ်နေကျဖြစ်ပေမယ့် တကယ်မဟုတ်တဲ့ကိစ္စကို ကြီးကြီးကျယ်ကျယ် လုပ်ကြံအမှုဆင်တာက တရားလွန်တဲ့အတွက် ကလင်တန်ကို ပြည်သူတွေက တာဝန်ယူမှု တာဝန်ခံမှု ရှိစေချင်ကြပါတယ်။ ပိုဆိုးတာက ကလင်တန်ဘာလုပ်မယ် ဘာလုပ်တယ်ဆိုတာ အိုဘားမားတို့ တဖွဲ့လုံး သိနေကြတာပါ။ အဲဒါကြောင့်လည်း ခုချိန်အထိ သူမက လွတ်နေသေးတာ ဖြစ်ပါတယ်။ ကလင်တန်နဲ့ ဆပ်စ်မန်တို့ကြား အီးမေးလ်တွေ တက်စ်မက်ဆေ့ချ်တွေကို တင်ပြဖို့ ဒါဟမ်နဲ့အဖွဲ့က တောင်းဆိုရာမှာ တရားသူကြီးက မဆိုင်ဘူး၊ သိပ်နောက်ကျသွားပြီဆိုပြီး ငြင်းခဲ့ပေမယ့် မနေ့က ရော်ဘီမွတ်ခ်ရဲ့ ထွက်ချက်အရ ကလင်တန်က တိုက်ရိုက်ပတ်သက်နေတာကြောင့် အဲဒီအီးမေးလ်တွေ တက်စ်တွေက သိပ်ကို ဆိုင်နေပြီ ဖြစ်ပါတယ်။
တရုပ်ပြည်မှာ လော့ခ်ဒေါင်းတွေ တင်းကြပ်ရုံတင်မက ပြည်သူတွေ ပြည်ပကို ထွက်လို့မရအောင် ပတ်စ်ပို့တွေသိမ်း၊ မသိမ်းတာတွေကိုလည်း ညှပ်ပစ် လုပ်နေပါတယ်။ ပြည်သူတွေ ပြည်ပကို ထွက်မယ်ဆိုရင် ဘယ်လိုအကြောင်းနဲ့ သွားမှာလဲ၊ ဘာတွေလုပ်မှာလဲ၊ ဘယ်လောက်ကြာမှာလဲ၊ ဘယ်တော့ပြန်လာမှာလဲ စတာတွေ စုံနေအောင် စစ်ဆေးပြီး သူတို့စိတ်တိုင်းကျ ဖြေနိုင်မှသာ ထွက်ခွင့်ပြုတာပါ။ အဲဒီတော့ ထွက်ခွင့်ရတဲ့ ပမာဏက အရမ်းကို နည်းသွားပြီး ပြည်ပအဆက်အသွယ်ရှိသူတွေဟာ အချင်းချင်း ရတဲ့နည်းနဲ့ မြန်မြန်သာပြေးကြဖို့ ဆော်ဩနေကြပါတယ်။
တရုပ်ပြည်က အသက် ၁၈-၂၀ကျော်လောက်ရှိတဲ့ ဂျန်ဇီတွေဟာ တရုပ်ပြည်စီးပွားရေး အတိုးတက်ဆုံးနှစ်တွေမှာ မွေးခဲ့ကြတဲ့အပြင် အင်အာနက်ခေတ်မှာ ကြီးခဲ့ကြပြီး နှစ်ဖက်ဘိုးဘွားမိဘများရဲ့ တဦးတည်းသော ကလေးဖြစ်တာကြောင့် အားလုံးက ဝိုင်းပြီး ဖူးဖူးမှုတ်ထားတာ ခံခဲ့ကြရတဲ့အတွက် အခက်အခဲဘာမှ မသိခဲ့တဲ့ ဘဝတွေ ဖြစ်နေတာပါ။ သူတို့တွေ အရွယ်ရောက်လာချိန်မှာတော့ ကပ်ပိုးနဲ့အတူ စီးပွားရေးကျတာတွေ သူတို့တသက် မကြုံဖူးခဲ့တဲ့ ကြမ်းတမ်းချုပ်ချယ်တာတွေနဲ့ တွေ့ကြုံလာရတဲ့အတွက် စိတ်ဓါတ်တွေကျပြီး အိမ်ထောင်ပြုဖို့ ကလေးယူဖို့ဆိုတာတွေကို စိတ်ကို မဝင်စားကြတော့ပါဘူး။ တတိုက်လုံး ကွာရင်တိုင်းသွားဖို့ ငြင်းဆိုကြတဲ့ ဂျန်ဇီတွေကို အာဏာရှင်လက်ကိုင်ဒုတ်တွေက အစိုးရအမိန့်ကို မလိုက်နာရင် နောက်ထပ် မျိုးဆက် ၃ခုထိ ပစ်ဒဏ်ခံရမယ်လို့ ခြိမ်းခြောက်တာကိုတောင် နင်တို့ဘာပြောပြော ငါတို့မလုပ်နိုင်ဘူး၊ ငါတို့က နောက်ဆုံးမျိုးဆက်၊ မှတ်ထားလို့ ပြန်ပြောတဲ့အထိပါပဲ။
အလုပ်ခွင်တွေမှာလည်း ကြိုးစားတဲ့လူတွေ ရှိနေသေးပေမယ့် အရင်မျိုးဆက်တွေလိုမဟုတ်ပဲ လွယ်လွယ်လက်လျော့သူတွေ များလာနေပါပြီ။ တပ်ထဲမှာလည်း အဲဒီပြဿနာ ရှိနေတာပါ။ နဂိုကမှ လူဦးရေ လျော့လိုက်လာနေတဲ့အခြေအနေမှာ အခုလိုတွေ ထပ်ဆင့်လိုက်ရင် တရုပ်ပြည်ရဲ့ အနာဂတ်က သိပ်မဟန်တော့ပါဘူး။ တရုပ်ပြည်ကို အရင်လို တံခါးပိတ်ထားဖို့ ပြန်ကြိုးစားနေကြတာ ကပ်ပိုးကြောင့်တင်မကပဲ အဲဒါကြောင့်လည်း ပါမယ်ထင်ပါတယ်။ အာဏာနဲ့ လုပ်ရင် အကုန်ရတယ်ထင်နေတဲ့ အာဏာရှင်စနစ်မှာ တအိမ်ထောင် ကလေးတယောက် ဥပဒေ စတင်တုန်းက ကိုယ်ဝန်သည်တွေကို နေ့စေ့လစေ့ကအစ အတင်းဆွဲ ဖျက်ချကြတာ၊ တယောက်မွေးပြီးရင် အတင်း သားကြောဖြတ်ပစ်တာ၊ အမျိုးသမီးတိုင်းရဲ့ ရာသီစက်ဝန်းကို စောင့်ကြည့်တာတွေ လုပ်ခဲ့ကြတာဆိုတော့ အခုလို လူလိုပြီဆိုပြန်ရင်လည်း အတင်းချုပ်ပြီး မွေးခိုင်းကြဦးမှာလားလို့ စိုးရိမ်နေကြပါတယ်။