ပလိုးစီက အကန့်အသတ်မရှိ ကိုယ်ဝန်ဖျက်ချတာကို ဖက်ဒရယ်အဆင့် ခွင့်ပြုဖို့ ကြိုးစားနေတာကို သူနေတဲ့ ဆန်ဖရန်စ္စကိုမြို့က အာ့ခ်ဘိရှော့က သူမကို ရွေးချယ်ခွင့် နှစ်ခုပေးလိုက်ပါတယ်၊ သူမအနေနဲ့ ကိုယ်ဝန်ဖျက်ချဖို့ အားပေးနေတာကို ရပ်တန့်ဖို့နဲ့ မရပ်တံ့ခဲ့ရင် သူမကိုယ်သူမ ကက်သလစ်ဘာသာဝင်လို့ မပြောဖို့တွေ ဖြစ်ပါတယ်။ အဲဒီလို မရွေးချယ်ခဲ့ရင် သူတို့ဘုရားကျောင်းက ဟိုလီကွန်မြူနီယံကို လာခွင့်မရှိဘူးလို့ ဆိုပါတယ်။ အရင်ကတဲက ကိုယ်ဝန်ဖျက်ချတာကို ဒီမိုကရက်တွေက ထောက်ခံလေ့ရှိပေမယ့် အကန့်အသတ်မရှိ မဟုတ်ခဲ့ကြသလို လူသိရှင်ကြားလည်း ပြောလေ့မရှိကြပါဘူး။ အာ့ခ်ဘိရှော့က အဲဒီလိုပြောလိုက်တဲ့အပေါ်မှာ အက်စ်အက်ဖ်အိတ်ဇမင်းနာ အယ်ဒီတာအဖွဲ့က အဆိုပါ အာ့ခ်ဘိရှော့ကို ဖြုတ်ပစ်ဖို့ ပုပ်ရဟန်းမင်းကြီးကို တောင်းဆိုလိုက်ပါတယ်။
ပလိုးစီနှပ်ပစ်ခံရတာ ဒီတခုထဲတော့ မဟုတ်ပါဘူး။ မြောက်အိုင်ယာလန်ကိစ္စ အငြင်းပွားမှုမှာ အီးယူနဲ့ ယူကေကြား ဝင်ပါခဲ့လို့ ယူကေက ဒီမိုကရက်တစ်ယူနီယံနစ်ပါတီခေါင်းဆောင် ဆာဂျက်ဖရီဒေါ်နယ်လ်ဆန်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ သူမက ယူကေအနေနဲ့ မြောက်ပိုင်းအိုင်ယာလန်ပရိုတိုကောလ်ကို တဖက်သတ် ပစ်ပယ်ရင် ယူကေကို သူမဦးဆောင်တဲ့ ကွန်ဂရက်စ်က ယူကေနဲ့ ဖရီးထရိတ်ဒ်သဘောတူညီချက်ကို မထောက်ခံနိုင်တော့ဘူးလို့ ကြေငြာခဲ့တာပါ။ ဒီမိုကရက်တွေက ကမ္ဘာ့ရွာသမား၊ လက်ဝဲသမားများပီပီ အီးယူက ယူကေထွက်တာကိုလည်း ကန့်ကွက်ခဲ့ကြတဲ့အပြင် အဖွဲ့ကြီးကြီးတွေ ဖိအားပေးသမျှ တနိုင်ငံ တဦးချင်းတွေက လိုက်လျောစေချင်ကြပါတယ်။
ထရမ့်ရဲ့ ရှေ့နေတွေက ဟန်းတားဘိုင်ဒန်လက်ပ်တော့သတင်း စထွက်လာစဥ်က ရုရှားတွေက လုပ်ကြံတာပါလို့ အတင်းငြင်းဆိုပြီး ဘိုင်ဒန်အရှုပ်ထုတ်ကို ဖုံးဖိပေးဖို့ ကြိုးစားခဲ့ကြတဲ့ ထောက်လှမ်းရေးဝန်ထမ်း(ဒါရိုက်တာဟောင်း)တွေကို အပြစ်ပေးဖို့ ထောက်လှမ်းရေး အေဂျင်စီတွေကို တောင်းဆိုလိုက်ပါတယ်။ အမျိုးသားထောက်လှမ်းရေးဒါရိုက်တာဟောင်း ဂျိမ်းစ်ကလက်ပါ၊ စီအိုင်အေဒါရိုက်တာဟောင်း မိုက်ခ်ဟေဒန်၊ အမျိုးသားအကြမ်းဖက်မှု တုန့်ပြန်ရေးစင်တာဒါရိုက်တာဟောင်း နစ်ခ်ရာ့စ်မြူဆန်တို့က ဟန်းတားလက်ပ်တော့ပ် သတင်းဟာ ရုရှားတွေ လုပ်တာပါဆိုပြီး လက်မှတ်ထိုး ထုတ်ပြန်တဲ့ထဲ ပါခဲ့ကြသူတွေပါ။ ဒိစတိတ်ဘယ်လောက်ကြီးသလဲဆိုတာ အဲဒါသက်သေပါပဲ။ အဲဒီလိုခြစားတွေ ရှိနေမှတော့ တိုင်းပြည်က အဆင်းဘီးတပ်ပြီပေါ့။
ဘိုင်ဒန်အစိုးရနဲ့ အနောက်နိုင်ငံတချို့က ကျူးကျော်သူရုရှားကို ဆန်ရှင်တွေ ဘယ်လောက်ပဲ လုပ်ပြပြ၊ တကယ်နာအောင် မရိုက်တဲ့အခါကျတော့ ရုရှားကလည်း ရေနံရောင်းမပျက်တဲ့ အပြင် ရုရှားငွေကြေးကလည်း ယူရိုနဲ့ လဲလှယ်ရာမှာ ၉ရာနှုန်းလောက် တက်သွားတဲ့အတွက် ၇နှစ်အတွင်း အခိုင်မာဆုံးဆိုတဲ့ အနေအထားကို ရောက်လာပါပြီ။ အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာလည်း ၅ရာနှုန်းနီးပါးလောက်ကို တက်လာပါတယ်။ ခုမှတက်တာတော့ မဟုတ်ပါဘူး၊ ယူကရိန်းကို စကျူးကျော်ကတဲကဆိုရင် ၂၀ရာနှုန်းလောက် တက်လာခဲ့တာပါ။
ဆန်ရှင်တွေက ရုရှားရေနံ/ဓါတ်ငွေ့ကို ဒေါ်လာနဲ့ ပေးလို့မရအောင် လုပ်ထားတော့ ရုရှားက ရူဘယ်နဲ့ ပေးခိုင်းတာကို ဥရောပနိုင်ငံတွေက နာခံခဲ့ကြတဲ့အတွက်ကြောင့်လည်း ရူဘယ်တန်ဖိုး တက်လာတာဖြစ်ပါတယ်။ ပါးစပ်က စစ်ကိုဆန့်ကျင်ပြကြပြီး လူဆိုးကို ပိုက်ဆံဆက်ပေးနေတာပါ။ အလွယ်ဆုံးနဲ့ အသင့်ဆုံးဖြေရှင်းချက်က ဘိုင်ဒန်အစိုးရအနေနဲ့ ပြည်တွင်း ရေနံထုတ်လုပ်ခွင့်တွေကို အမြန်ဆုံး ပြန်ဖွင့်ပေးလိုက်ဖို့ဖြစ်ပေမယ့် ပြဿနာကို တကယ်ပြေလည်အောင် လုပ်လိုစိတ်မရှိတဲ့ ဘိုင်ဒန်အစိုးရက မလှုပ်ရေးချ မလှုပ်ပါ။ ဘိုင်ဒန်က မတ်လတုန်းက ဆန်ရှင်တွေကြောင့် ရူဘယ်လ်ငွေတန်ဖိုးဟာ စုတ်ပြတ်သွားတော့မှာ၊ ရုရှားစီးပွားရေးကလည်း အခုအဆင့် ၁၁ကနေ ၂၀ထဲတောင် ဝင်တော့မှာ မဟုတ်ဘူးလို့ တွိထားခဲ့တာပါ။ တော်ချက်ကတော့ တော်တီးတော်ပါပဲ။ ကြည့်လဲ ယုံကြပေါ့လေ။
ရုရှားကျူးကျော်စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းခေါင်းဆောင်တွေဟာ အပစ်အခတ်ရပ်စဲဖို့ ဆုံးဖြတ်မှာမဟုတ်သလို နယ်မြေတစိတ်တပိုင်းပေးပြီး (သို့) ပေါ်လစီပိုင်းဆိုင်ရာ အလျော့ပေးပြီး ရုရှားနဲ့ စစ်ပြေငြိမ်းရေး လုပ်သွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ သမ္မတ ဇယ်လင်းစကီက ဒွန်ဘတ်စ်က အခြေအနေက အရမ်းကို ခက်ခဲနေပါတယ်၊ ရုရှားတပ်တွေက ဆလိုဗီယန့်စ်နဲ့ ဆီဗီယိုဒွန့်စ်ကို သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ငါတို့ယူကရိန်းတပ်တွေက ရုရှားတပ်တွေ ရှေ့မဆက်နိုင်အောင် ကျားကုတ်ကျားခဲ ကာကွယ်သွားမယ်လို့ သူ့ပြည်သူတွေကို ပြောကြားသွားပါတယ်။
ဘိုင်ဒန်အစိုးရက ယူကရိန်းကိုပေးမယ်ဆိုတဲ့ ၄၀ဘီလီယံက ထရီလီယံနဲ့ချီ ဖြုန်းနေတဲ့ ဒီမိုကရက်တွေအတွက် ဘာမှမဟုတ်သလို ဖြစ်ပေမယ့် အဲဒီငွေကြေးပမာဏက ရုရှားနိုင်ငံရဲ့ ၂၀၂၁ တနှစ်စာ ကာကွယ်ရေးဘတ်ဂျက်ရဲ့ ၆၁ရာနှုန်းကျော် ရှိနေတာပါ။ အဲဒီမတိုင်ခင် တစတစ ကုန်ကျနေတာတွေပေါင်းရင် ရုရှားတနှစ်စာ စစ်အသုံးစရိတ်လောက် ရှိသွားနိုင်ပါတယ်။ အဲဒီလောက် အကုန်ခံတာတောင် ယူကရိန်းစစ်က ကြာနေဦးမှာဆိုရင် အကြီးကြီးမှားနေတယ်ဆိုတာ သိကြဖို့ ကောင်းပါပြီ။ ဘယ်လိုအကျပ်အတည်း ဘေးဒုက္ခမဆိုမှာ လုပ်စားတတ်သူတွေအတွက်ကတော့ ကြာလေကောင်းလေ ဆိုးလေကြိုက်လေပါပဲ။ ပြည်သူတွေကတော့ အခွန်တွေ လှိမ့်ပေးရဦးတော့မှာပေါ့။
အခုခေတ်ကလေးတွေ အရွယ်ရောက်ရင် ပုံမှန်အိမ်ထောင်ပြု ကလေးယူဆိုတာတွေလည်း လက်ဝဲတွေတန်ခိုးနဲ့ စိတ်ကုန်သွားကြမှာတွေ များလာတော့ အခွန်တွေက ရှေ့လျောက် မလွယ်ရေးချ မလွယ်ပါ။ စကောလောက်မှ ဇောက်မနက်တဲ့ အတွေးအခေါ်နဲ့ ခိုးဝင်တွေ သွင်းခိုင်းရင် အဲဒီစရိတ်စကက ပိုထောင်းမယ်၊ ဆင်းရဲတဲ့ တတိယကမ္ဘာလို အောက်ခြေလုပ်သားပဲ ပေါမယ်၊ ကျန်းမာရေးစောင့်ရှောက်မှုကအစ လက်ဝဲတွေက ဖရီးပေးချင်ကြတော့ အခုတောင် အရေးပေါ်ကိုသွားရင် နာရီပေါင်းများစွာစောင့်ရတာ၊ အဲဒီကျရင် ရက်နဲ့ချီစောင့်ရပြီး ဆိုရှယ်လစ်တိုင်းပြည်တွေမှာလို ဝန်နဲ့အားမမျှလို့ ဒေါပွနေတဲ့ ဝန်ထမ်းတွေနဲ့ ကြုံရတော့မှာပေါ့။
လစ်ဘရယ် talk show host ဘေလ်မေဟာက အမေရိကန်မှာ ဘေဘီဘူမ်းမာတွေရဲ့ ၂.၆ရာနှုန်းကပဲ အယ်လ်ဂျီဘီတီတွေ ဖြစ်ခဲ့ကြပြီး ဂျန်ဇီတွေခေတ်မှာတော့ အယ်လ်ဂျီဘီတီတွေ ၂၀ရာနှုန်းတောင် ဖြစ်သွားတယ်လို့ ထောက်ပြပါတယ်။ အဲဒီနှုန်းအတိုင်းသာ ဆက်သွားမယ်ဆိုရင် ၂၀၅၄မှာ အမေရိကန်အားလုံး အယ်လ်ဂျီဘီတီဖြစ်ရမလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ သဘာဝအတိုင်း ဖြစ်ကြတာဆိုရင်တော့ ပြည်နယ်တခုနဲ့တခုကြား ကွာခြားမှု သိပ်ရှိမှာမဟုတ်ပေမယ့် အခုတွေ့ရတာကတော့ ကျောင်းတွေမှာပါ လက်ဝဲစွန်းကို တွန်းနေကြတဲ့ အပြာပြည်နယ်တွေမှာ အနီပြည်နယ်တွေထက် အယ်လ်ဂျီဘီတီအများကြီး ပိုတွေ့နေရတာပါ။
ငယ်ငယ်ရွယ်ရွယ်နဲ့ ဦးနှောက်ဆေးခံရလို့ပဲဖြစ်ဖြစ် ပတ်ဝန်းကျင်ဖိအားကြောင့်ပဲဖြစ်ဖြစ် လိင်ပြောင်းဖို့ စကြတဲ့ကလေးငယ်တွေဟာ ကျားက မ ဖြစ်ဖို့ ဟော်မုန်းသုံးသူတွေမှာ အရိုးသိပ်သည်းမှုလျော့ကျသွားမယ့်အပြင် မက ကျား ဟော်မုန်းတွေ စားလာရင်လည်း မိန်းကလေးခန္ဓာနဲ့ ကျားတွေလို လိင်စိတ် ပြင်းထန်လာကြပြီး မျိုးပွားစနစ်တွေပါ ပျက်စီးသွားနိုင်တဲ့အတွက် မိဘများအနေနဲ့ သတိထား၊ ပညာပေး ဆွေးနွေးကြဖို့ ကလေးတွေကို ကျောင်းနဲ့လွှဲမထားကြဖို့ လိုအပ်ပါတယ်။ သေချာတာတခုက စာဘယ်လောက်တော်တော် ၂၅နှစ်အောက် ကလေးတွေမှာ ကျိုးကြောင်းဆင်ခြင်နှိုင်မှု၊ ဆက်စပ်တွေးခေါ်နိုင်မှုတွေအတွက် ဦးနှောက်က အပြည့်အဝ ဖွံ့ဖြိုးမှုမရှိသေးတာကို သတိချပ်ရပါမယ်။
အလုံပိတ်မြောက်ကိုးရီးယားမှာ ကပ်ပိုး အလျှင်အမြန် ပြန့်ပွားနေပေမယ့် သူ့ဆရာတရုပ်ပြည်လို ဇီးရိုးကဗလို့ မကြွေးကြော်၊ လော့ခ်ဒေါင်းတွေလည်း မလုပ်ပဲ ကူးခါစလူတွေ၊ ပိူးရှိသူနဲ့ နီးကပ်သူတွေအတွက် နှာခေါင်းဆေး ပါးစပ်ဆေးစတဲ့ အခြေခံ သတိပြုစရာ၊ လိုက်နာစရာ ဗီဒီယိုလေးတွေကို တနိုင်ငံလုံးကို ပြသတဲ့အတွက် ပိုးကြောင့်သေတဲ့နှုန်းက အင်မတန်တင်းကြပ်ထားတဲ့ တရုပ်ပြည်ထက်တောင် လျော့နည်းနေတယ်လို့ ဆိုပါတယ်။ အဲဒါကိုကြည့်ရင် တရုပ်က ကိုယ့်ခြောက်လုံးနဲ့ ကိုယ်ပြန်ကြောက်နေတာလား၊ အမေရိကန်က သူ့ရုပ်သေးတွေ အာဏာလက်လွှတ်ရမှာစိုးလို့ ၂၀၂၀တုန်းကလို ကလဖန်ထိုးလို့ရအောင် ခုထဲက ကြမ်းပြနေတာလားလို့ တွေးစရာဖြစ်ပါတယ်။