၂၄ရက်နေ့က ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဖြစ်စဥ်မှာ ပစ်ခတ်သူ ဆာလ်ဗေဒိုရာမို့စ် ကျောင်းထဲဝင်သွားပြီးတာကနေ ဘော်ဒါပက်ထရိုက ပစ်သတ်ခဲ့တဲ့အချိန်အထိ မိနစ် ၄၀-၁နာရီလောက် ကြာမြင့်ခဲ့ကြောင်း၊ သူက ဆက်နေတဲ့ စာသင်ခန်း ၂ခုရဲ့ ထဲမှာ အခိုင်အမာ ခြေကုတ်ယူထားခဲ့တာဖြစ်ကြောင်း၊ ရဲတွေက ခပ်စောစောထဲက ရောက်နေပေမယ့် တော်တော်ကြာတဲ့အထိ မဝင်ခဲ့တဲ့အတွက် မစောင့်နိုင်တော့တဲ့ မိဘတွေက “ဘာလုပ်နေတာလဲ၊ ဝင်လေ၊ မင်းတို့မဝင်ရင် ဖယ်၊ ငါတို့ဝင်မယ်၊ စသဖြင့် ပြောဆိုခဲ့တယ်လို့ ကျောင်းနားက မျက်မြင်သက်သေတွေက ပြောကြားခဲ့ကြောင်း သိရပါတယ်။
တက္ကဆက်စ်က လူထုလုံခြုံရေးဒါရိုက်တာ စတိဗ်မက္ကရောကတော့ ရဲတွေရှိပါတယ်၊ ချက်ချင်းအန်ဂေ့ချ် လုပ်တာပါပဲ၊ ရာမို့စ်ကို အခန်းထဲမှာ ပိတ်ထားနိုင်ခဲ့ပါတယ်လို့ ဖြေပါတယ်။ သူ့အဖြေက အားရစရာ မရှိတဲ့အတွက် ဒီထက်ပိုတိကျတဲ့အဖြေ မပေးနိုင်ရင် ဘာတွေ ဖုံးကွယ်ထားသလဲ၊ ပိုတိကျတဲ့အဖြေပေးဖို့ ဘာအခက်အခဲတွေ ရှိနေသလဲဆိုတာ စုံစမ်းဖို့ သင့်ပါတယ်။
ရဲတွေက ကျည်ကာမပါပဲ မဝင်ရဲလို့လား၊ လုပ်ထုံးလုပ်နည်းအရ တခုခုက အဟန့်အတား ဖြစ်နေလို့လား၊ ရဲတွေက လူဖြူတွေဖြစ်နေခဲ့ပြီး ပစ်ခတ်သူက လူမည်းဖြစ်နေရင် ထုံးစံအတိုင်း မိုးမီးလောင်မှာ စိုးလို့လား၊ ပြင်ပပယောဂတခုခုကြောင့်လား၊ စတဲ့အကြောင်းကြောင်းတွေကို တိတိကျကျ သိရအောင် စုံစမ်းစစ်ဆေးဖို့ လိုပါတယ်။ (နောက်တော့ မနေနိုင်တဲ့ ဘော်ဒါပက်ထရိုက ဝင်ပစ်တော့မှ နိဂုံးချုပ်တော့တာပါ။) အဲဒီမေးခွန်းတွေနဲ့ ဒီနေ့ ဂျော့ဖလွိုက်နှစ်ပတ်လည်နေ့မှာ ဘိုင်ဒန်ထုတ်ပြန်တဲ့ ဂျော့ဖလွိုက်ဂျပ်စတစ်အင်ပူလစ်စင်း ဥပဒေဟာ ဆက်စပ်နေပါတယ်။ အဲဒီအမိန့်က အရင်က ဖြစ်သင့်တဲ့ ဥပဒေ ပြုလုပ်ထုံးအတိုင်း လွှတ်တော်ကနေ သွားခဲ့တာမှာ လွှတ်တော်နှစ်ရပ်လုံးမှာ ဒီမိုကရက်တွေက အများစုဖြစ်နေပေမဲ့ ဆီးနိတ်မှာအရေးနိမ့်ခဲ့လို့ အခုလို ရောင်တော်ပြန်နဲ့ ရောလွှတ်လိုက်ပုံရပါတယ်။
ဘိုင်ဒန်တို့ ကာမလာတို့အပါအဝင် ဒီမိုကရက်တွေက ပြဿနာကို ဖြေရှင်းဖို့၊ နောက်မဖြစ်အောင် ဘာတွေ လုပ်ရမယ်ဆိုတာကို စုံစမ်း၊ ဆွေးနွေး၊ ညှိနှိုင်း အဖြေရှာတာမျိုးထက် အလျင်စလို သေနတ်ထိန်းချုပ်ဖို့နဲ့ ရီပါဘလစ်ကန်တွေနဲ့ အန်အာအေကို အပြစ်ဖို့ပြီး အောက်တန်းကျကျ နိုင်ငံရေးအမြတ်ထုတ်နေကြတာက အရုပ်ဆိုးလှပါတယ်။ အခုလဲ ရဲတွေမှာ ထိန်းချုပ်ထားတဲ့ စည်းမျဥ်းတွေ၊ မှားတတ်တဲ့ လူသားသဘာဝမှာ ဥပဒေအရ မမှားရင်တောင် နိုင်ငံရေးအရမှားရင် ချောက်ကျတာတွေ၊ ရဲဘတ်ဂျက်ဖြတ်လို့ ရှိသင့်တဲ့ လုံခြုံရေးအထောက်အကူ ပစ္စည်းတွေ မရှိတာတွေ ဖြစ်နေသလားဆိုတာ စုံစမ်းသင့်ပါတယ်။
အခုလို ပစ်ခတ်မှုမျိုးမှာ ပုံမှန်ရဲတွေကို တုန့်ပြန်ဖို့ လေ့ကျင့်ပေးထားတာမျိုး မရှိပဲ ဆွပ် (အက်စ်ဒဘလျူအေတီ) အဖွဲ့တွေကိုသာ လက်နက် ကရိယာအပြည့်အစုံနဲ့ ရင်ဆိုင်ဖို့ လေ့ကျင့်ထားတာဖြစ်ပါတယ်။ အဲဒါမျိုးက အရင်က ရုပ်ရှင်တွေထဲမှာ မကြာမကြာ မြင်ရတတ်ပေမယ့် အခုခေတ်မှာတော့ ဒီမိုကရက်တွေ ကျေးဇူးနဲ့ တော်တော်ရှားသွားပါပြီ။ ပါးစပ်က သေနတ်ကို ရမယ်ရှာပြီး တကယ်လုပ်တော့ ရဲတွေလက်ကို ကြိုးနဲ့တုပ်သွားတာပါ။
ကာမလာဝေဖန်သွားတဲ့ ဂန်းလော်ဘီတွေဆိုတာလည်း စာရင်းဇယားတွေအရ ၂၀၂၀ တနှစ်လုံးမှာ လော်ဘီဘိုး ၂သန်း သုံးထားတာနဲ့ အခုသူတို့တွန်းနေတဲ့ ကကဆေးတို့ စား/သောက်/ဆေးထုတ်တဲ့ ကုမ္ပဏီကြီးတွေက လော်ဘီတွေက ဘီလီယံနဲ့ချီ သုံးတာထာကို ယှဥ်ကြည့်ပါလို့ပဲ ပြောရပါမယ်။ အဲဒီလော်ဘီကြီးတွေ ဝင်ငွေကောင်း ရောင်းအားတက်ဖို့ သူတို့ပါ မျက်နှာပြောင်ပြောင်နဲ့ ဝင်တွန်းနေကြတဲ့အတွက် ထိခိုက်ဖိတ်စင်ခဲ့တဲ့သူတွေက သေနတ်ကြောင့် သေတာတွေထက် အများကြီး ပိုများပါတယ်။ အချိန်မတိုင်ခင်သေတာ ဘာနဲ့သေသေ မကောင်းပေမယ့် သူတို့လော့ဂျစ်ကို ထင်ရှားစေချင်လို့ ယှဥ်ပြတာပါ။
ဖြစ်ချင်တော့ ဒီလာမယ့် ဝိကန်းမှာ အန်အာအေက နှစ်ပတ်လည်ကွန်ဗန်းရှင်းကို ဟူစတန်မှာ လုပ်မှာပါ။ အဲဒီကို သမ္မတထရမ့်၊ ဂါဗာနာ အက်ဘော့၊ ဆီနိတ်တာ ခရုဇ်၊တို့ တက်ရောက်စကားပြောကြမှာပါ။ အဲဒါကလည်း ဒီမိုကရက်တွေရဲ့ ဂတုံးဂတိုက်ဗျူဟာမှာ အမြတ်ထုတ်စရာတခု ဖြစ်ရပြန်တာပါပဲ။ ထရမ့်ကတော့ သေနတ်နဲ့ ပတ်သက်တဲ့ ကွန်ဗန်းရှင်းမှာ သေနတ်နဲ့ဆိုင်တာတွေက ဆွေးကို ဆွေးနွေးရမှာ၊ ဖျက်သိမ်းချောင်ထိုးလို့ ဘာအဖြေမှ ထွက်မလာနိုင်ဘူးဆိုပြီး တက်ရောက်မယ့်အစီအစဥ်ကို မဖျက်သိမ်းဘူးလို့ သိရပါတယ်။
တကယ်တမ်းလည်း ဒီမိုကရက်တွေက ပြဿနာတစုံတရာ ဖြစ်တိုင်း ဖြစ်တိုင်းမှာ ဖြစ်ရတဲ့အကြောင်းရင်း၊ နီးသောအကြောင်း၊ ဝေးသောအကြောင်း၊ ထရစ်ဂါပွိုင့်၊ လက်ရှိအမှား/လိုအပ်ချက် စတာတွေ ဆွေးနွေးတာ လုံးဝ လုံးဝ မလုပ်ပဲ ဥပဒေတွေပဲ လှိမ့်ထုတ်ပြီး အစိုးရအာဏာကို ကြီးသထက်ကြီးအောင်ပဲ လုပ်ကြတာပါ။ အညှီရှိရင် ယင်အုံသလိုပဲ သူတို့မှာ အလုပ်ဖြစ်တဲ့ ပေါ်လစီ ခိုင်ခိုင်မာမာ ပြ မဲဆွယ်စရာမရှိတော့ အမုန်းနဲ့ မီးမြှိုက်လိုက်၊ လူမျိုးရေးနဲ့တိုက်လိုက်၊ သေနတ်ရမယ်ရှာလိုက်၊ ပူတင်ပုံချလိုက် လုပ်နေတာပါ။ ဒါက သူတို့ကို မုန်းလို့ ပြောတာ မဟုတ်ပါဘူး။
ဖြစ်စေချင်တာ နှစ်ပါတီလုံး လူထုကို ဦးထိပ်ထား၊ လူထုဘက်က အကောင်းဆုံးဖြစ်မှာကို ရွေးစေချင်တာ၊ ခုဖြစ်နေတာက ဒီမိုကရက်တွေက လက်ဝဲလမ်းစဥ်ကို ခြေစုံပစ်ဝင်ပြီး လူထုဆီမှာ အာဏာ/အခွင့်အရေး/ဆုံးဖြတ်/ရွေးချယ်/ ပြောဆို/ဖော်ပြပိုင်ခွင့်တွေ နည်းသထက် နည်းလာအောင်လုပ်ပြီး အစိုးရက အာဏာ/လုပ်ပိုင်ခွင့်တွေ များသထက် များအောင် လုပ်နေတာက ၁၉၄၀ခုနှစ်တွေက ဥရောပက နှုတ်ခမ်းမွှေးနဲ့ပုဂ္ဂိုလ်ကြီး လုပ်ခဲ့တာတွေလို ဖြစ်နေတာကို မြင်စေချင်တာပါ။
ကာမလာက ဂန်းလော်ဘီတွေအကြောင်းပြောတာနဲ့ ဆက်စပ်နေတဲ့ သတင်းတခုကတော့ ကမ္ဘာ့ရွာသမားတွေရဲ့ လက်တံ အမေရိကန်စီးပွားရေးမှာ ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း ထိုးဝင်နေသလဲဆိုတာပါ။ ဘယ်စွန်တွေ တွန်းလာတဲ့ အန်ဗိုင်ရွန်မန်တယ်၊ ဆိုရှယ် ဂါးဗားနန့်စ်ဆိုတာကြီးက လုပ်ငန်းရှင်ငယ်လေးတွေကို သူတို့လိုချင်တဲ့ လက်ဝဲလမ်းစဥ် မလိုက်ရင် အီးအက်စ်ဂျီအမှတ်ကောင်း မရတော့ပါဘူး။ အဲဒါဆိုရင် ချေးငွေ ရရှိဖို့ကအစ အခွန်စတဲ့ အစိုးရဌာနတွေနဲ့ ဆက်ဆံရာမှာ အများကြီး ပိုပြီး ခက်ခဲအောင် လုပ်လာနေတာပါ။
အမေရိကန် ကမ္ဘာ့ထိပ်တန်း ရောက်လာတာဟာ ကောလိပ်အထိ သွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ လုပ်ငန်းရှင်တဦး အချိန်မရွေး ဖြစ်လာနိုင်ပြီး လုပ်နိုင်သလောက် အောင်မြင်ဖို့ အခွင့်အလမ်းများတာပါ။ ဒါပေမဲ့ အဲဒါက အစိုးရချုပ်ကိုင်မှုကင်းတဲ့ လွတ်လပ်တဲ့ စီးပွားရေးစနစ်မှာမှ ဖြစ်နိုင်တာမျိုးပါ။ အခုလို စီးပွားရေးနဲ့ မဆိုင်တဲ့ဟာတွေ၊ အစိုးရက အရာရာ ဝင်စွက်ဖက်နေတာမျိုးတွေနဲ့ လုပ်ငန်းရှင်တွေ အောင်မြင်ဖို့ မလွယ်လှပါဘူး။
ဒါပေမဲ့ ဂလိုဘယ်လစ်များကတော့ အဲဒီလို အပိုဆာဒါးဥပဒေတွေနဲ့ လုပ်ငန်းရှင်လေးတွေကို တုပ်နှောင်ထားဖို့က သူတို့ရည်မှန်းချက်ကို ရောက်ဖို့ ပိုအရေးပါနေတဲ့အပြင် အလားအလာရှိတဲ့ ပြိုင်ဖက်လေးတွေကိုလည်း အကင်းဘဝမှာထဲက နှိပ်ကွပ်ထားပြီးသား ဖြစ်မှာဆိုတော့ တွန်းနေကြတာပါပဲ။ အဲဒီအီးအက်စ်ဂျီဆိုတာကြီးက ကမ္ဘာ့စီးပွားရေးဖိုရမ်နဲ့ ပေါင်းထုတ်တာဆိုတော့ အမေရိကန်တခုထဲ ထိတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ပဲရစ်ကလိုင်းမိတ်အက်ကော့လိုပဲ ခံရတာ အမေရိကန်အဆိုးဆုံး ဖြစ်လာမှာပါ။ အခုလဲ ဒါဗို့စ်က ဖိုရမ်မှာ အမွှေစိန်ဂလိုဘယ်လစ်ကြီးတွေ သွားခေါင်းချင်းရိုက်နေကြပါတယ်။ သူတို့ရုပ်သေး အိမ်ဖြူမှာရှိတုန်း သူတို့ဖြစ်ချင်တာတွေ နှစ်ဦးအကျိုးတူတွေ ဖြစ်လာအောင် တွန်းကြဦးမှာပေါ့။