မေ ၂၇ ရက် ၂၀၂၂

တက္ကဆက်စ်က သေနတ်သမားအကြောင်း သတင်းလေးတွေ ပိုထွက်လာပါတယ်။ ထုံးစံအတိုင်းပါပဲ၊ ချက်ချင်း ထွက်လာတဲ့သတင်းတိုင်းက အမှန် ဖြစ်ချင်မှ ဖြစ်တတ်သလို တခါတခါကျတော့လည်း ဖြစ်ရပ်စုံကို ရက်အတန်ကြာမှ သိလာနိုင်တာမျိုးပါ​။ ထပ်ထွက်လာတဲ့ သတင်းတွေအရ လူသတ်သမားက ကျောင်းထဲမဝင်ခင် ကျောင်းပြင်မှာ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ပြောကြပြီး ကျောင်းထဲကိုတော့ သော့မခတ်ထားတဲ့ နောက်ပေါက်ကနေ ဝင်လာတာလို့ ဆိုပါတယ်။ ကျောင်းထဲကို ရဲတွေက မဝင်ပဲ ဆရာမတွေ တံခါးသော့ချထားလို့ ဝင်မရတဲ့အခန်းတွေက ကလေးတွေကိုသာ ပြူတင်းပေါက်တွေကတဆင့် ကယ်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။

လူသတ်ကောင် ဝင်ပြီး ပိတ်ထားတဲ့ အခန်းနဲ့ ကပ်လျက်အခန်းတို့မှာ ပိတ်မိနေတဲ့ ကလေးတွေက ဆရာမပြောတဲ့အတိုင်း ခုံအောက်တွေမှာ ပုန်းနေခဲ့ကြတာမှာ မသေပဲ ကျန်ခဲ့တဲ့ ကလေးတဦး ပြန်အပြောအရ ရဲက မင်းတို့ အကူအညီလိုရင် Help လို့သာအော်လိုက်လို့ပြောပြီး ထွက်သွားလို့ ကလေးတဦးက အော်လိုက်တာမှာ သေနတ်သမားက နေရာသိသွားပြီး အဲဒီအော်တဲ့ကလေးကို ပစ်သတ်လိုက်တယ်လို့ ဆိုပါတယ်။ ကလေးစကားဆိုပေမယ့် ဟုတ်နေခဲ့ရင် သွေးရိုးသားရိုးမဟုတ်တဲ့ ပြဿနာကြီးတခု ဖြစ်နိုင်နေတာကြောင့် သေချာတော့ စီစစ်ဖို့ သင့်ပါတယ်။

တခြားဝေဖန်သူတွေကလည်း မိဘတွေ ကွဲနေပြီး အမေကလည်း မူးယစ်ဆေး ပြဿနာရှိနေတဲ့အိမ်က ၁၈နှစ်သားက တရားဝင်ဝယ်ထားတဲ့ ရိုင်ဖယ်နှစ်လက်နဲ့ ကျည် ၃၀၀ကျော်အပြင် ပါသွားတဲ့ သေနတ်တိုကို ဘယ်ကပိုက်ဆံနဲ့ ဝယ်တာလဲ၊ ကားကရော သူ့မိခင်ကားလား၊ သူပိုင်လား၊ သူပိုင်ဆိုရင် သူကဝင်ငွေရှိလား၊ ဘယ်ကဝင်ငွေလဲ၊ အဲဒီဝင်ငွေနဲ့ ဝယ်ထားတာလား၊ စိတ်ရောဂါလက္ခဏာတွေ ရှိနေတာ ဘယ်သူမှ အရေးတယူ မပြုမိကြဘူးလား၊ သူအင်စတာဂရမ်မှာ အဖွားကို ပစ်မှာနဲ့ ပစ်ပြီးတာနဲ့ ကျောင်းကို သွားနေပြီဆိုတာတွေ ပို့ထားတဲ့သူက ဘာလို့ ရဲကိုအကြောင်းမကြားတာလဲ စသဖြင့် ဆွဲထုတ်စရာ အစတွေ အများကြီး ရှိနေတာပါ။

ရဲတွေအပိုင်းမှာလည်း ဂါဗာနာကိုတောင် လုံခြုံရေးနဲ့ဆိုင်တဲ့ တာဝန်ရှိသူတွေက သတင်းအမှားပေးထားလို့ ဂါဗာနာက ၂၅ရက်နေ့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲတွေကို ချီးမွမ်းထားခဲ့ပေမယ့် နောက်ထပ်သတင်းတွေ ထွက်လာမှ မှားမှန်းသိပြီး ပြန်ပြင်ပြောနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဂါဗာနာအက်ဘော့က တက္ကဆက်စ်ရိန်းဂျားစ်နဲ့ အက်ဖ်ဘီအိုင်ကို ဘဝတွေ ပျက်သွား/ဆုံးရှုံးသွားခဲ့ရတဲ့ မိသားစုတွေအတွက် လုံးဝ သေချာတဲ့ အချက်အလက်တွေကို ရရှိအောင် ဖော်ထုတ်စုံစမ်းပေးသွားဖို့ ညွှန်ကြား/တောင်းဆို လိုက်ပါတယ်။ အခုလို ရင်ကွဲမတတ် ဖြစ်ရတဲ့ အခြေအနေမျိုးမှာ မခိုင်လုံ မမှန်ကန်တဲ့ သတင်းတွေက ခံစားနေရသူတွေကို ပိုဆိုးစေမှာဖြစ်လို့ သတင်းအမှန် အကြောင်းအမှန် ထွက်လာဖို့က အလွန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

မိခင်တဦးကတော့ သူမက မိုင် ၄၀အကွာမှာ အလုပ်လုပ်နေတာဖြစ်ပြီး သတင်းကြားကြားချင်း အမြန်ဆုံးလာခဲ့တာမှာ ရဲတွေက ကျောင်းထဲကို ဝင်ဖို့ မကြိုးစားနေတဲ့အတွက် သူမက အတင်းဝင်မယ်လုပ်လို့ စုံစမ်းစစ်ဆေးဆဲနေရာကို ဝင်ရောက်စွက်ဖက်မှုနဲ့ လက်ထိပ်ခတ်တောင် ခံခဲ့ရကြောင်း၊ ဒါပမဲ့ သူမနဲ့သိတဲ့ ရဲတွေက ပြန်လွှတ်ပေးခဲ့အပြီးမှာ သူမက ကျောင်းထဲကို ခြံစည်းရိုးတွေနောက်က တိတ်တိတ်လေး ခိုးဝင်ပြီး ၂တန်းနဲ့ ၃တန်းက သူမကလေးတွေကို ခေါ်ထုတ်လာခဲ့တယ်လို့ ဆိုပါတယ်။ ဖက်ဒရယ်ရဲဘက်က ပြောရေးဆိုခွင့်ရှိသူကတော့ ရဲက ဘယ်သူ့ကိုမှ လက်ထိပ်မခတ်ခဲ့ဘူးလို့ ငြင်းဆိုပါတယ်။

အခုအချိန်မှာ သတင်းတွေ ရှုပ်ထွေးနေပေမယ့် အမှန်တရားက တချိန်ချိန်မှာတော့ ပေါ်လာမှာပါပဲ။​ အမှန်မပေါ်ခင်မှာ ဘယ်သူတွေ ဘာပြောလို့ ဘယ်ခြေလှမ်းနေတယ်ဆိုတာကို ကြည့်ထားတာတော့ လုပ်သင့်တဲ့ အလုပ်တခုပါပဲ။ ဘိုင်ဒန်ကလည်း လေယာဥ်ပေါ်ကနေ ချက်ချင်း စာတန်းထုတ်တာနဲ့ ဂျော့ဖလွိုက် ၂နှစ်မြောက်အတွက် ဥပဒေထုတ်တာနဲ့၊ ဟူစိန်ကလည်း ကလေးလေးတွေသေရတာ စိတ်မကောင်းသလိုနဲ့ စာတကြောင်းထဲမှာတင် ဘာမှမဆိုင်တဲ့ ဂျော့ဖလွိုက်နဲ့ ရောချလိုက်တာ တိုင်မင်တွေကပဲ တိုက်ဆိုင်လွန်းနေတာလား တခုခုတော့ တခုခုပါပဲ။

၂၀၂၁ ဇန်နဝါရီကစလို့ အိမ်ဖြူရော လွှတ်တော်နှစ်ရပ်ရောကို ချုပ်ကိုင်ထားတဲ့ ဒီမိုကရက်တွေက ကနေ့အထိ ပြည်သူတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို ဖြေရှင်းပေးတာများ၊ ဖြေရှင်းဖို့ ကြိုးစားခဲ့တာများရှိရင် တခုလောက် ပြစမ်းပါလို့ ခုထိ မျက်စိမှိတ်ထောက်ခံနေသူတွေကို မေးချင်ပါတယ်။ ပြဿနာတခုခုဖြစ်တိုင်း ဥပဒေတွေ တွင်တွင်ထုတ်ပြီး ဖြေရှင်းလို့ ရကြေးဟေ့ဆိုရင် ဒီကမ္ဘာမှာ ဘာပြဿနာမှတောင် ကျန်မှာ မဟုတ်ပါဘူး။

အခုလည်း ဘာဖြစ်တယ်ဆိုတာ စုံစမ်းဖို့ထက် သေနတ်ထိန်းချုပ်ဖို့က အရင်လာပါတယ်။ အဲဒါ လမ်းမှန်လား လမ်းမှားလားပြနေတဲ့ အရှင်းဆုံးသာဓကတခုက နယူးယောက်၊ ရှီကာဂိုစတဲ့ မြို့ကြီးတွေလောက် သေနတ်ထိမ်းချုပ်တာလည်း ဘယ်မှာမှ မရှိသလို အဲဒီမြို့တွေလောက် ပစ်ခတ်သေဆုံးမှုတွေ ပေါများတာလည်း ဘယ်မှာမှ မရှိပါဘူး။ ဝိကန်းတိုင်းမှာ ပစ်ခတ်မှု သေဆုံးမှုတွေက အလျော့မရှိ အတက်ပဲရှိပါတယ်။​ တကယ်တမ်းက ဂန်းဖရီးဇုံဆိုတာ ရာဇဝတ်သားတွေ အကြိုက်ဆုံးနေရာပဲလို့ ပြောလို့ရပါတယ်။ သူတို့ဘာလုပ်လုပ် ပြန်ပစ်မယ့်သူ မရှိတာ သေချာနေတဲ့နေရာကိုမှ မရွေးရင် လူမိုက်မဟုတ်ပဲ လူအပဲ ဖြစ်တော့မှာပေါ့။

ဒီနေ့ ထရမ့်က နေရှင်နယ်ရိုင်ဖယ်အသင်းကွန်ဗန်းရှင်းမှာ စကားပြောပါတယ်။ ကျောင်းတွေကို တံတိုင်း အပြည့်ကာရံပြီး ဝင်ပေါက်တပေါက်ပဲ ထားဖို့၊ မက်တယ်လ်ဒီတက်တာဖြတ်ဖို့၊ လက်နက်ကိုင်အစောင့် အချိန်ပြည့်ထားဖို့၊ အဲဒီအတွက် ဘတ်ဂျက်ကို ကိုဗစ်အတွက် ချပေးပြီး ကျောင်းတွေ တော်တော်နဲ့ ပြန်မဖွင့်လို့ မသုံးဖြစ်တာတွေကို ပြန်သိမ်းပြီး လုံခြုံရေးအတွက် ပြန်ချပေးဖို့၊ ဆရာ/မတွေထဲက ဗော်လန်တီယာလုပ်သူတွေကို လေ့ကျင့်သင်တန်းပေးပြီး လျို့ဝှက်လက်နက်ကိုင်ဆောင်ခွင့်ပေးဖို့တွေ အကြံပြုသွားပါတယ်။

အဲဒီအကြံပြုချက်တွေကို သေနတ်ထိမ်းချုပ်တာကိုပဲ အာရုံကျနေတဲ့ မိဘတွေက သဘောမတူကြပြန်ပါဘူး။ ငါတို့ကလေးတွေကို ထောင်ချထားသလိုဖြစ်မှာ မကြိုက်ဘူးတို့၊ ငါတို့ကလေးတွေနားမှာ လက်နက်ကိုင်တွေရှိတာ ငါတို့သဘောမတူဘူးလ၊ ကျောင်းဆိုတာ ဂန်းဖရီးဇုံပဲ ဖြစ်သင့်တယ်လို့ ဆိုကြပါတယ်။ တကယ်က လွှတ်တော်၊ တရားရုံး၊ အစိုးရရုံး ဘယ်သွားသွား အဲဒီအဆင့်တွေကို ဖြတ်ရတာပါပဒ။ အဓိကက အထဲက ကလေးတွေ လုံခြုံနေဖို့ပါ။ အရင်ကျောင်းပစ်ခတ်မှုတွေမှာ သား/သမီးဆုံးရှုံးထားဖူးတဲ့ မိဘတွေကတော့ ထရမ့်အကြံပြုသလိုမျိုး ဖြစ်စေချင်ကြပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: