မေ ၂၉ ရက် ၂၀၂၂

တက္ကဆက်စ်က သေနတ်သမား ဝင်သွားခဲ့တဲ့ အနောက်တံခါးကိုလည်း အဲဒီလူမဝင်ခင် မိနစ်ပိုင်းလေးမှာမှ ဆရာ/မတဦးက ဖွင့်ထားလိုက်တာပါ။ အပြင်မှာ ပစ်ခတ်သံတွေ ကြားလိုက်ရအပြီးမှာတောင် သွားပြန်မပိတ်ခဲ့တာက ခပ်ချာချာ ဆရာ/မတယောက်ရဲ့ နမော်နမဲ့ အမှားလို့ တွေးနိုင်ပေမယ့် တခြားမသင်္ကာစရာတွေကလည်း ရှိနေသေးတော့ ပဟေဠိများ ကွင်းဆက်မိတဲ့အထိ ဆက်စောင့်ကြည့်ရဦးမှာပါပဲ။​ အဆောင်ဆောင်ရှိတဲ့ ကျောင်းဝင်းကြီးတခုလုံးမှာမှ အဲဒီတံခါးတပေါက်ပွင့်နေတယ်ဆိုတာ ပစ်ခတ်သူက ဘယ်လိုသိနေသလဲဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။​ ပုံမှန်ပိတ်နေရမယ့်တံခါးပေါက်တခုဟာ သေချာမပိတ်မိလို့ ဟစိဖြစ်နေရင်တောင် အဝေးက သိနိုင်ဖို့ မလွယ်ပါဘူး။

သေနတ်သမားပစ်လိုက်တဲ့ ကလေးတိုင်းကလည်း ချက်ချင်း သေသွားတာ မဟုတ်ပါဘူးလို့ သတင်းတွေ ထပ်ထွက်လာပါတယ်။ တချို့ကလေးတွေဟာ အပစ်ခံရပြီး တနာရီကျော် ကြာတဲ့အထိ ရဲကဝင်မကယ်တဲ့အတွက် သွေးလွန်သေဆုံးခဲ့ရတာပါလို့ မိဘများကို လူနာတင်ကားက ဆေးမှုးတွေက ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။ ဒီဖြစ်စဥ်မှာ သေဆုံး ကလေး ၁၉၊ လူကြီး ၂ အပြင်​ ဒဏ်ရာရကလေး ၁၇ဦး ရှိပါသေးတယ်။

ပြည်နယ်လုံခြုံရေးတာဝန်ခံ မက္ကရောရဲ့ အဆိုအရ တယောက်က 911 ကို အကြိမ်များစွာခေါ်ပြီး လေသံတိုးတိုးနဲ့ တချို့က သေပြီး ရှင်နေသေးတဲ့ကလေး ၈-၉ဦးလောက် ရှိသေးတယ်လို့ သတင်းပို့ပါတယ်။ ကျောင်းခရိုင်ရဲချုပ်ကို မကျေနပ်ကြတဲ့ပြည်သူတွေ ဆန္ဒပြကြလို့ ရဲအစောင့်တွေ ချထားရတယ်လို့ သိရပါတယ်။ ရဲတွေကတော့ လူသတ်ကောင်ဟာ စာသင်ခန်းတခန်း/တတွဲထဲမှာ ခြေကုပ်ယူထားခဲ့တာကို သူတို့မြန်မြန်ဝင်ဖို့ မကြိုးစားမိတာ မှားသွားပါတယ်လို့ ဆိုကြပါတယ်။

မနေ့ညနေက အနောက်ဗာဂျီးနီးယားပြည်နယ် ချာလ်စတန်မြို့က မွေးနေ့ပါတီတခုမှာ အဲဒီနားက ကားနဲ့ဖြတ်သွားတဲ့ လူကို ကလေးတွေဆော့နေကြလို့ ကားဖြည်းဖြည်းမောင်းဖို့ သွားပြောကြရာက အပြောခံရတဲ့သူက စိတ်ဆိုးပြီး ရိုင်ဖယ်သွားယူပြီး လူ ၄၀လောက်ရှိတဲ့ လူအုပ်ကို ပြန်လာပစ်ခတ်ခဲ့ပါတယ်။ အဲဒီလူစပစ်တာ ကြားတာနဲ့ တရားဝင်လျို့ဝှက်ကိုင်ဆောင်ခွင့်နဲ့ သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသမီးက သေနတ်ထုတ်ပြီး ဝင်ပစ်ခဲ့လို့ ရိုင်ဖယ်ကိုင်ပစ်ခတ်သူ သေဆုံးသွားခဲ့ပါတယ်။

အဲဒီလူက ရာဇဝတ်သမိုင်းရှည်ကြီး ရှိသူဖြစ်ကာ အကြိမ်ကြိမ်အဖမ်းခံခဲ့ရပြီးတိုင်း အကြိမ်ကြိမ် အမှုပိတ်ပြန်လွှတ်ခဲ့ကြတာပါ။ ၂၀၁၆တုန်းကလည်း အမျိုးသမီးတဦးကို သေနတ်နဲ့ပစ်ခဲ့ရာမှာ အဲဒီအမျိုးသမီး ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီလို ရာဇဝတ်နောက်ကြောင်းရှိသူက သေနတ်တရားဝင်ကိုင်ဆောင်ခွင့် မရှိတဲ့အတွက် ဘယ်လိုသေနတ်ရလာသလဲဆိုတာ ရဲတွေက စုံစမ်းနေကြဆဲဖြစ်ပါတယ်။ ပစ်ခတ်မှုတခုခုဖြစ်တိုင်း ပစ်ခတ်သူကို သေချာအရေးမယူပဲ လမ်းပေါ် ပြန်ပြန်လွှတ်ပေးနေတဲ့ ဒီအေတွေ တရားရေးဝန်ထမ်းတွေကို အပြစ်မမြင်ပဲ​ လူကောင်းတွေလက်က သေနတ်တွေကိုပဲ ရမယ်ရှာနေကြတာ နည်းလမ်းကျရဲ့လား၊ ပစ်ခတ်မှုတွေ ပိုဖြစ်အောင် လမ်းခင်းပေးနေသလိုများ ဖြစ်နေမလားလို့ တွေးကြည့်ကြဖို့ လိုပါတယ်။

နယူးယောက်မြို့ ဟာလမ်အရပ်က ပလီတခုမှာ လွန်ခဲ့တဲ့ အနှစ် ၅၀လောက်က ပစ်သတ်ခံခဲ့ရတဲ့ ရဲတဦးဖြစ်သူ ဖိလစ် ကာဒီလို အကြောင်းကို ထလရနဲ့ အန်ဝိုင်ပီဒီက အထပ်ထပ်ဖုံးဖိထားခဲ့တယ်လို့ အမှုမှန်ပေါ်ပေါက်ဖို့ အတွက် တိုက်ပွဲဝင်နေသူတွေက ဆိုပါတယ်။ အဲဒီအကြောင်းကို အက်ဖ်ဘီအိုင်က ဖုံးဖိထားခဲ့တဲ့အကြောင်းကို အသက် ၈၈ရှိနေပြီဖြစ်တဲ့ အငြိမ်းစားစုံထောက် ရန်ဒီဂျာဂင်ဆန်က မကြာသေးမီကမှ သိလာရတာပါ။ အဲဒီအမှုနဲ့ ပတ်သက်ပြီးတော့လည်း ဖြစ်သင့်/လုပ်သင့်တဲ့ စုံစမ်းစစ်ဆေးမှုမျိုး ဘာတခုမှ မလုပ်ခဲ့ပဲ မျက်မြင်သက်သေတွေရော မသင်္ကာလို့ ထောင်ချထားသူတွေကိုပါ ပြန်လွှတ်ပေးခဲ့တယ်လို့ ဂျာဂင်ဆန်က ဆိုပါတယ်။

မန်ဟက်တန်က လက်ထောက်ဒီအေဟောင်းဖြစ်တဲ့ ဂျင်မ်ဟာမွန်က အဲဒီအမှုကို နှုတ်ပိတ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြပြီး ပြည်သူ့အာရုံကနေ ပျောက်သွားစေချင်ခဲ့ကြတယ်လို့ ပြောသွားပါတယ်။ ဟာမွန်က အဲဒီအမှုကို ပလီအရာရှိ/တာဝန်ခံနဲ့ ပစ်သတ်သူလို့ သံသယရှိသူ လူဝစ်ဒူပရီကို စွဲချက်တင်ခဲ့တာဖြစ်ပြီး လူဝစ်က ကွင်းလုံးကျွတ် လွတ်သွားခဲ့ပါတယ်။ ရဲအရာရှိ ထိသွားပြီလို့ ဖုံးခေါ်သူကိုလည်း ဘယ်သူဘယ်ဝါလို့ မသိကြရတဲ့အပြင် သက်သေ/အထောက်အထားတွေ ရဖို့လည်း ဘယ်ဌာနကမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း အလျဥ်းမရှိခဲ့ကြောင်း၊ အကုန်လုံးက လက်ရှောင်နေဖို့ပဲ ကြိုးစားနေပုံရကြောင်း ဂျာဂင်ဆန်က တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့အကူအညီနဲ့ အန်ဝိုင်ပီဒီထံက ဖိုင်တွေ တောင်းကြည့်လို့ရဖို့ ကြိုးစားနေဆဲဖြစ်ကြောင်း၊ ပုံမှန်အားဖြင့် ရဲကို သတ်တာဟာ အပြစ်ကြီးတာမှန်ပေမဲ့ ဒီအမှုမှာတော့ ဘယ်သူတဦးတယောက်မှ ပြစ်ဒဏ်မခံခဲ့ရကြောင်း အမှုက အမှန်မပေါ်သေးတဲ့အတွက် တာဝန်ရှိသူကို ဆက်လက်ဖော်ထုတ် အပြစ်ပေးဖို့လိုကြောင်း ဟာမွန်က ပြောကြားသွားပါတယ်။

မကြာသေးမီက ထွက်လာတဲ့ သတင်းတပုဒ်ထဲမှာ ဟန်းတားက တရုပ်ကသူလျိုအကြီးအကဲနဲ့ ဘယ်လိုနီးကပ်စွာအလုပ်လုပ်ခဲ့တယ်ဆိုတာ ၂၀၁၈တုန်းက ကြွားထားခဲ့တဲ့ ၄၇မိနစ်ကြာ အသံဖိုင် ထွက်လာပါတယ်။ အဲဒီအသံဖိုင်က သူ့လက်ပ်တော့ပ်ကပဲ တွေ့တာပါလို့ ဝါရှင်တန်အိတ်ဇမင်နာက ဆိုင်ဘာဖိုရန်းဆစ်အိတ်စ်ပတ် ကွန်စတန်တီနိုဒီမီထရီလိုကို ကိုးကားပြီး သတင်းပေးပို့ထားပါတယ်။ ဟန်းတားက သူနဲ့ အလုပ်တူတူလုပ်ခဲ့တဲ့ တရုပ်စွမ်းအင်ကွန်ဂလိုမီရိတ်ကြီးဖြစ်တဲ့ စီအက်ဖ်အီးစီရဲ့ အဲဒီအချိန်က ဒုဥက္ကဌ ပက်ထရစ်ဟို အကြောင်း ပြောခဲ့တာပါ။

ဟန်းတားက သူ့ကို နယူးယောက်တိုင်းစ်သတင်းထောက်တဦးက ဖုံးခေါ်ပြီး ၃၂၃ဘီလီယံချမ်းသားတဲ့ ပျောက်ဆုံးနေတဲ့ ဟန်းတားရဲ့ ပါတနာထူထောင်ခဲ့တဲ့ ကုမ္ပဏီကို ဆက်လက်ဦးဆောင်ခဲ့တဲ့ တရုပ်ထောက်လှမ်းရေးအကြီးအကဲ ဒေါက်တာပက်ထရစ်ဟို အကြောင်းကို မေးခဲ့တဲ့အကြောင်း၊ အဲဒီပါတနာက စီအက်ဖ်အီးစီရဲ့ ဥက္ကဌဖြစ်တဲ့ ရီကျန်မင်ဆိုသူဖြစ်ပြီး ဟန်းတားက ကမ္ဘာမှာ အချမ်းသာဆုံးသူက ပျောက်နေတာ၊ အဲဒီလူက ငါ့ပါတနာလို့ ပြောခဲ့ကြောင်း၊ ရီပျောက်နေတာ ငါနဲ့သူ နောက်ဆုံးတွေ့ခဲ့တဲ့ သူ့ရဲ့ ၅၈သန်းတန် တိုက်ခန်းမှာ တွေ့ခဲ့အပြီးမှာဖြစ်ကြောင်း၊ အဲဒီတိုက်ခန်းက ကမ္ဘာ့အကြီးဆုံး အယ်အန်ဂျီပို့ဆောက်မယ့် ၄ဘီလီယံတန်စာချုပ်ခဲ့တဲ့ အဆောက်အဦထဲမှာဖြစ်ကြောင်း၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး နယူးယောက်တောင်ပိုင်းခရိုင်ရှေ့နေက သူ့ဆီ ဖုံးတွေ ခေါ်နေခဲ့ကြောင်း ပြောကြားထားပါတယ်။

 ဟိုက ၂၀၁၇မှာ အဖမ်းခံခဲ့ရပြီး ဂျိုးဘိုင်ဒန်ရဲ့အကို ဂျိမ်းစ်ဘိုင်ဒန်ဆီကို ချက်ချင်းဖုံးခေါ်ခဲ့ကြောင်း၊ တကယ်တမ်းက ဟန်းတားဆီခေါ်ဖို့ဟာကို မှားခေါ်မိတာဖြစ်ကြောင်း၊ ဟိုက ဟန်းတားကို ၁သန်းပေးပြီး အမေရိကန်ဥပဒေနဲ့ ပတ်သက်တာတွေကို အကြံဉာဏ်ပေးဖို့နဲ့ ရှေ့နေကောင်းကောင်း ငှားပေးဖို့ စီစဥ်ခဲ့ကြောင်းတို့ကိုလည်း တွေ့ရှိထားပါတယ်။

ရီပါဘလစ်ကန်ဆီနိတ်တာတွေဖြစ်ကြတဲ့ ချပ်ခ်ဂရပ်စ်လေနဲ့ ရွန်ဂျွန်ဆင်တို့က တရားရေးဌာနကို ဟန်းတားနဲ့ နိုင်ငံခြားသားတွေနဲ့ စီးပွားရေးပတ်သက်မှုတွေအကြောင်း တင်ပြဖို့ သူတို့တောင်းဆိုထားတာကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးလို့ စွပ်စွဲလိုက်ပါတယ်။ ဂျွန်ဆင်က ကော်ပိုရိတ်မီဒီယာတွေကလည်း ကွန်ဂရက်စ်က ဟန်းတားရဲ့ နိုင်ငံခြားနဲ့ ပတ်သက်နေတဲ့ အရှုပ်ထုတ်တွေကို စစ်ဆေးနေတာကို တင်ပြခြင်း မပြုကြကြောင်း၊ သူတို့က အခုတော့ ဟန်းတားလက်ပ်တော့ပ်ကိစ္စက အမှန်ဖြစ်ကြောင်း ဝန်ခံလိုက်ရပေမယ့် အဲဒီကိစ္စက နိုင်ငံတော်လုံခြုံရေးအပေါ် ဘယ်လောက်ထိခိုက်စေမယ်ဆိုတာကို မမြင်ချင်ယောင်ဆောင်နေဆဲဖြစ်ကြောင်း ဝါရှင်တန်အိတ်ဇမင်နာကို ပြောသွားပါတယ်။

ပြည်ထောင်စုအစိုးရလက်ထောက်ရှေ့နေဟောင်း အန်ဒရူးမက်ကာသီက ဟန်းတားနဲ့ပတ်သက်တဲ့ ဖက်ဒရယ်စုံစမ်းစစ်ဆေးမှုတွေက အခွန်ထက်အများကြီးပိုကြောင်း၊ အဲဒါကို အပေါ့ဆုံးအပိုင်းဖြစ်တဲ့ အခွန်အကြောင်းကိုပဲ အသားပေးထားပြီး ပိုကြီးလေးတဲ့အပိုင်းတွေကို တိမ်မြုပ်အောင် လုပ်နေကြကြောင်း၊ အဲဒီစစ်ဆေးမှုကို ဟန်းတားဘိုင်ဒန်အခွန်ထောက်လှမ်းမှုလို့ ခေါ်မယ့်အစား ဘိုင်ဒန်မိသားစုဝင် အနည်းဆုံး ၃ဦး ပါဝင်ပတ်သက်နေတဲ့အတွက် ဘိုင်ဒန်အင်ဗက်စတီဂေးရှင်းလို့ ခေါ်သင့်ကြောင်း၊ စုံစမ်းစစ်ဆေးမှုမှာ ပါဝင်သင့်တာက အိုဘားမားက ဘိုင်ဒန်ကို ဘာလို့ နိုင်ငံတချို့ရဲ့ နိုင်ငံခြားရေးပေါ်လစီ ကိုင်ခိုင်းခဲ့တာလဲ၊ အဲဒီနိုင်ငံတွေက အစိုးရတွေနဲ့ ပတ်သက်နေသူတွေက ဘိုင်ဒန်မိသားစုကို သန်းနဲ့ချီပေးခဲ့တာက သူတို့အကျိုးစီးပွားအတွက်လားလို့ မက်ကာသီက မေးခွန်းထုတ်သွားပါတယ်။

ရီပါဘလစ်ကန်အမျိုးသမီးအမတ် ဒက်ဘီလက်စ်ကိုက အမျိုးသမီးများ ဖက်ဒရယ်ဥပဒေရဲ့ အကာအကွယ်ပိုမိုရရှိဖို့အတွက် “Women’s Bill of Rights” ဥပဒေကြမ်းကို တင်သွင်းလိုက်ပါတယ်။ မတူတဲ့ လိင်တွေရဲ့ သဘာဝကွဲပြားမှုကြောင့် လူတွကို ဘယ်လိုခွဲခြားသတ်မှတ်မယ်ဆိုတာကို သေချာသတ်မှတ်ထားတာက လူ့ဘောင်တည်ငြိမ်မှုအတွက် အရေးကြီးကြောင်း၊ သဘာဝအရ အမျိုးသမီးတွေဟာ အန္တရာယ်နဲ့ ကြုံတွေ့နိုင်ခြေ ပိုများတဲ့အတွက် အားကစား၊ ထောင်၊ အိမ်တွင်းအကြမ်းဖက်ခံရသူများ အတွက် နားခိုရာဂေဟာ၊ သန့်စင်ခန်း စတဲ့နေရာတွေမှာ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ လိုအပ်လာတဲ့အတွက် ဒီဥပေဒေကြမ်းကို တင်သွင်းရတာပါလို့ ဆိုပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီလိုဘေလ်ဆိုတာ အချိန်ကုန်ပင်ပန်းခံ လုပ်နေစရာမလိုပေမယ့် ဒီမိုကရက်တွေတွန်းနေတဲ့ အရွေ့တွေကြောင့် အမျိုးသမီးတွေဟာ အကာအကွယ်မဲ့လာနေတာတွေ၊ မလိုအပ်တဲ့ အန္တရာယ်နဲ့ ကြုံတွေ့လာရတာတွေ များလာနေတာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: