အက်ဖ်ဘီအိုင်ကို လိမ်လည်တိုင်တန်းခဲ့တဲ့ ကလင်တန်ရှေ့နေ မိုက်ကယ်လ်ဆပ်စ်မန်အမှုက ပြီးသွားပြီဖြစ်ပြီး ရီပါဘလစ်ကန်တွေ မသင်္ကာခဲ့သလိုပဲ အပြာရင့်ရောင် နယ်မြေမှာဆိုတော့ ဂျူရီအဖွဲ့က အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။ ပြောရရင် အဲဒီလို အခြေခံအချက်တွေမှာတောင် နှစ်ပါတီထောက်ခံသူတွေ ကွာကြတာပါ။ ရီပါဘလစ်ကန်နယ်မြေမှာ တရားတဘောင်ဖြစ်ကြရင် အပြစ်ထင်ရှားနေတဲ့ ရီပါဘလစ်ကန်က လွှတ်နိုင်ခြေ နည်းပါးလှပေမယ့် ဒီမိုကရက်လွှမ်းမိုးတဲ့ပြည်နယ်မှာ ပြစ်မှုထင်ရှားသော်လည်း ထိပ်တန်းဒီမိုကရက်တွေနဲ့ ပတ်သက်နေရင် ကွင်းလုံးကျွတ်လွတ်လေ့ရှိပြီး ပြစ်ဒဏ် ကျခဲ့ရင်တောင် မဖြစ်စလောက်အမှုနဲ့ အနည်းဆုံးတွေ့ပဲ ကျကြတာပါ။ အပြစ်လုပ်တဲ့ ရီပါဘလစ်ကန်ကိုလည်း ရီပါဘလစ်ကန်ချင်း အပြစ်တင်ဖို့ ဝေဖန်ဖို့ ဝန်မလေးကြပေမဲ့ ဒီမိုကရက်တွေကတော့ ကိုယ့်လူ ဘာလုပ်လုပ် မြုံနေတတ်ကြပါတယ်။ ဘိုင်ဒန်ဘယ်လောက် ခြစားစား၊ ဘယ်လောက်ပြည်သူကိုဒုက္ခပေးပေး အပြစ်မမြင်နိုင်ကြသေးတာကိုသာ ကြည့်ပါ။
Memorial Day weekend မှာ ဓါတ်ဆီဈေးတွေ ထပ်တက်သွားပြန်တဲ့အတွက် ထရမ့်လက်ကထက် နှစ်ဆတက်သွားတဲ့ သဘောပါ။ တချို့ဆီဆိုင်တွေမှာ တဂါလံ ၁၀ကျော်လာနိုင်တာကို ကြိုပြင်တဲ့အနေနဲ့ ဆီဈေးပြသတဲ့နေရာတွေကို ဂဏန်းတလုံးစာ တိုးထားလိုက်ကြပါပြီ။ နွေကျောင်းပိတ်ရက်တွေစဖို့ ရက်ပိုင်းပဲ လိုတော့တဲ့အချိန်လည်းဖြစ်၊ နွေရာသီဆို ပုံမှန် ဆီဈေးတက်တတ်တာလည်းဖြစ်၊ ကုန်ဈေးနှုန်းတွေကလည်း တက်ဆိုတော့ ဒီနွေမှာ ပြည်သူတွေ အပျော်ခရီးသွားတာတွေ နည်းသွားနိုင်တယ်လို့ ထင်ပါတယ်။ ဒီလိုအချိန်မှာမှ ပြည်သူတွေ ထွက်ကြ သုံးကြ မလုပ်ကြရင် အီကော်နော်မီကလည်း ကျုံ့လိုက်လာမှာဖြစ်လို့ ရာသီပေါ်ဝန်ထမ်းတွေ အလုပ်လက်မဲ့ဖြစ်ကြ၊ လုပ်ငန်းရှင်ငယ်လေးတွေ ဒုက္ခရောက်ကြဦးမှာပါ။ အဲဒီတော့ အစိုးရက အခွန်အခရတာ နဲသွားရင် ကျန်တဲ့နေရာတွေမှာ အခွန်တိုး၊ ခေါင်းစဥ်အသစ်တွေထည့်၊ ငွေတွေ ပိုရိုက်တွေ လာပါတော့မယ်။ စီးပွားရေးကောင်းအောင် လုပ်တတ်တဲ့ အစိုးရ မတက်သ၍ အဲဒီသံသရာက ပိုဆိုးဖို့ပဲ ရှိပါတယ်။ အခုသိပ်မတက်သေးတဲ့ ကုန်ဈေးနှုန်းတွေက နွေအကုန်မှာ သိသိသာသာ တက်လာတော့မယ်လို့ ခန့်မှန်းနေကြပါတယ်။
ကုန်ဈေးနှုန်းအကြောင်းပြောရင် ယူကရိန်းစစ်ကလဲ မပါမဖြစ်ပါ။ ရုရှားအပေါ် ဆန်ရှင်တွေရှိပေမယ့် ရေနံဈေးတက်တော့ ရေနံကဝင်ငွေနဲ့ ရုရှားက အေးဆေးပါပဲ။ ထိတာက တကမ္ဘာလုံးလို့ ပြောလို့ရပါတယ်။ ရုရှားနဲ့ ယူကရိန်းက ဂျုံ၊ ဓါတ်မြေဩဇာ၊ ဆီထွက်သီးနှံတွေ အကြီးအကျယ်တင်ပို့နေတာဆိုတော့ ရုရှားဆီကလည်း ဆန်ရှင်ကြောင့် ဝယ်မရ၊ ယူကရိန်းကိုလည်း ရုရှားက ပိတ်ဆို့ထားလို့ ဘာမှ မထွက်နိုင်ဖြစ်နေတာပါ။ အာဖရိကမှာ စပြီး ဂျုံပြတ်စပြုလာပါပြီ။ ဥရောပမှာလည်း ဂျုံတွေ ဆီတွေ ရှားလာနေပါပြီ။ ကျန်တဲ့နေရာတွေမှာလည်း ဇူလိုင်လကုန်လောက်ဆိုရင် ပြတ်သလောက်ဖြစ်သွားဖို့ မှန်းထားကြပါတယ်။
အမေရိကန်မှာတော့ ဓါတ်မြေဩဇာပြတ်လပ်လို့ အစားထိုးဖို့အတွက် နွားချေး၊ ကြက်ချေး၊ စသဖြင့် လိုက်စုရအောင်လည်း မွေးမြူရေးအဓိကထားလုပ်တဲ့ တိုင်းပြည်မဟုတ်ပြန်တော့ အကောင်အရေအတွက်က အဲဒီလောက်များများ မရှိနေပြန်ပါဘူး။ ယူကရိန်းဆီက ပစ္စည်းတွေ ထွက်လာနိုင်ဖို့ဆိုရင် ကူလို့ရတဲ့နည်းလမ်း ရှိတယ်လို့ အမေရိကန်စစ်ဖက်အရာရှိတယောက်က ပြောပါတယ်။ ဒါပေမဲ့ ဝင်ကူရင်လည်း ရုရှားက စစ်ရေးဝင်ပါတယ်ဆိုပြီး စိတ်ဆိုးမှာလို့ ဘဒင်တို့က အကြောင်းပြဦးမှာပါ။
ပြီးခဲ့တဲ့ ၃ရက်ကြာ Memorial Day weekend မှာ အစုအပြုံလိုက် ပစ်ခတ်မှု ၁၄ခု ဖြစ်ပွားခဲ့တာမှာ လူ ၉ဦး သေဆုံးပြီး ၇၀ကျော် ဒဏ်ရာရခဲ့ပါတယ်။ အမေရိကန်မှာ လူ၄ဦးအထက် အပစ်ခံရရင် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုလို့ သတ်မှတ်ပါတယ်။ အဲဒါမျိုးတွေက ဘာလို့ လျော့မသွားပဲ တိုးပဲ လာနေရတာလဲဆိုတော့ အဓိကက လက်ဝဲအာဂျင်ဒါတခုဖြစ်တဲ့ သေနတ်တွေကို ထိန်းချုပ်ချင်လို့ပါပဲ။ ကမ္ဘာမှာ ဘယ်ခေတ် ဘယ်ကာလမှာပဲဖြစ်ဖြစ် ရာဇဝတ်မှု လျော့ကျစေချင်တယ်ဆိုရင် ကျူးလွန်တဲ့သူကို နောင်ကျဥ်သွားအောင် ပြင်းပြင်းထန်ထန် အပြစ်ပေးရသလို တားဆီးဖို့ တာဝန်ရှိသူတွေကလည်း မတားဆီး မကာကွယ်နိုင်ခဲ့ရင် အလုပ်ဖြုတ်၊ ရာထူးချ၊ ရာထူးကနှုတ်ထွက် စတာတွေ လုပ်ဖို့ ဖိအားပေးရပါတယ်။
အဲဒီလို တိုက်ရိုက်တာဝန်ရှိသူတွေကို အရေးယူတာ မဟုတ်ပဲ ဘာအပြစ်မှ မရှိသူတွေလက်က သေနတ်တွေကိုပဲ သိမ်းဖို့ ကိုင်ခွင့်မပေးဖို့၊ ခက်သထက် ခက်အောင်လုပ်ဖို့ တွန်းနေတာက ပစ်ခတ်မှုတွေကို ပိုဆိုးစေတာဖြစ်ပါတယ်။ ပစ်ခတ်မှုတွေ များလာလေ၊ လူကောင်းတွေလက်ထဲမှာ သေနတ်လိုလေလေပါပဲ။ မနိုင်ဝန်ထမ်း/အချည်ခံထားရတဲ့ ရဲတွေကို အားမကိုးရတဲ့ အခြေအနေမှာ ကိုယ့်ကိုယ်ကို ခုခံဖို့၊ ကိုယ့်မိသားစုကို ကာကွယ်ဖို့၊ ကိုယ့်ပတ်ဝန်းကျင်ကို ကာကွယ်ဖို့ သေနတ်တွေက ပိုလိုအပ်လာနေတာပါ။ စဥ်းစားကြည့်ရင် အာဏာရှင်နိုင်ငံတွေမှာ ပြည်သူလက်နက်ကိုင်ခွင့် လုံးဝ မရှိပါဘူး၊ အဲဒီတော့ ပြည်သူချင်းကြား ပစ်ခတ်မှု နည်းပေမယ့် အစိုးရကို အာခံရင်တော့ ပစ်သတ်ခံရမှာ ကျိန်းသေပါတယ်။
နယူးယောက်မြို့ကြီးက အရင်က ရာဇဝတ်မှု ထူပြောခဲ့သလောက် ဒီအေတဖြစ်လဲ မြို့ဝန် ရူဒီဂျူလီယာနီလက်ထက်မှာ ရာဇဝတ်မှုတွေကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့လို့ သူရာထူးသက်တမ်း ၂ကြိမ်ပြီးလို့ နောက်နှစ်အတန်ကြာအထိ နယူးယောက်အခြေအနေက တော်တော် တည်ငြိမ်သွားခဲ့ပါတယ်။ အဲဒီတုန်းက နယူးယောက်မှာ ပစ်ခတ်မှုတွေ ကျသွားတာ သေနတ်ကိုင်ခွင့်တွေ တင်းကျပ်လိုက်လို့ မဟုတ်ဘူးဆိုတာ ပြောချင်တာပါ။ ဥပမာ မိန်းကလေးတဦးတည်း သွားလာနေရတဲ့အချိန်မှာ ရန်ပြုလည်းခံရမယ်၊ ဘေးကလည်း ဘယ်သူကမှ ဝင်မကူဘူးဆိုရင် ကိုယ့်သေနတ်ကပဲ ကိုယ့်အသက် ကိုယ့်အရှက်ကို ကာကွယ်ပေးမှာပါ။
တကယ်ရာဇဝတ်မှုကျဖို့ မကြိုးစားပဲ နိုင်ငံရေးအရ အမြတ်ထုတ်တာတွေကြည့်ရင် ဂျော့ဖလွိုက်ကိစ္စဖြစ်တုန်းက အတင်းဝိုင်းတွန်းကြလို့ ရဲကို ချက်ချင်းအမှုဆင်၊ ချက်ချင်းထောင်ချ လုပ်ခဲ့ပမယ့် ဂျော့ဖလွိုက်ကြောင့် ဒေါသဖြစ်ကြတယ်ဆိုတဲ့ ဘီအယ်လ်အမ်တွေ ဆူပူ ဖျက်ဆီး ဖောက်ထွင်း ခိုးယူခဲ့တာတွေကိုကျတော့ ပြည်သူတွေ ပင်ပန်းဆင်းရဲရတာကို မျက်ကွယ်ပြုပြီး အဲဒီဆူပူလုယက်မှုတွေ တပြည်လုံးကို ဘာလို့ မပြန့်သေးတာလဲလို့ ပလိုးစီပါးစပ်က အားမလိုအားမရ ပြောခဲ့တာက ပြည်သူ့အကျိုးအတွက် ဖြစ်မလား စဥ်းစားကြည့်ကြပါ။ အခု တက္ကဆက်စ်က ကလေးတွေ အပစ်ခံရတာကျတော့ နိုင်ငံရေးအရ ဝင်အမြတ်ထုတ်သွားပေမယ့် ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လိုကာကွယ်ရမယ် ဆိုတာကို ဆွေးနွေးခြင်း အလျဥ်းမရှိပဲ ဝေဖန်သံတွေ ညံလာတော့မှ တရားရေးဌာနက စစ်ပါမယ်လို့ ချွေးသိပ်ပါတယ်။
နိုင်ငံရေးအောက်လုံးထိုးတာတွေပြောရင် ၂၀၁၈ သမ္မတထရမ့်လက်ထက်မှာ အီရန်နျူစာချုပ်ကနေ ထွက်မလား ထားမလားဆိုတာ ချိန်ဆနေတုန်း ဟူစိန့်အစိုးရအဖွဲ့ဝင်ဟောင်းတွေက အီရန်နဲ့ တိတ်တိတ်လေး အလုပ်လုပ်နေကြတယ်လို့ မကြာသေးမီကမှ ပြည်သူကို ချပြတဲ့ နိုင်ငံခြားရေးဌာနက ဌာနတွင်းစာရွက်စာတမ်းတချို့မှာ တွေ့ရပါတယ်။ နိုင်ငံခြားရေးဝန်ဟောင်း ဂျွန်ကယ်ရီက သမ္မတထရမ့်လက်ထက်မှာ အီရန်အရာရှိတွေနဲ့ သူဆက်သွယ်ခဲ့တာကို ဝန်ခံထားပါတယ်။ နာမည်တွေကို ပြောင်းပြန်အစားထိုးလိုက်လို့ အိုဘားမားလက်ထက်မှာ ထရမ့်အရာရှိဟောင်းက အဲဒီလို လုပ်တယ်ဆိုရင် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အကြီးစားပြစ်ဒဏ် ကျိန်းသေ ရမှာပါ။
အဲဒီမီမိုမှာ အမေရိကန်သံတမန်ဟောင်းတွေက အီရန််နိုင်ငံခြားရေးဝန်ဟောင်းဖြစ်တဲ့ ဂျာဗက် ဇာရစ်ဖ်နဲ့ နယူးယောက်မှာ အလွတ်သဘောတွေ့ခဲ့ပြီး နျူလက်နက်ကိစ္စ၊ နိုင်ငံရေးအကျဥ်းသား လဲလှယ်တဲ့ကိစ္စ၊ အာဖဂန်က ကန်တပ်ရုပ်မယ့်ကိစ္စနဲ့ တာလီဘန်နဲ့ ညှိနှိုင်းဖို့ ကိစ္စတွေ ကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ တရားဝင် လူထုက ရွေးကောက်တင်မြှောက်ထားတံ့ အစိုးရတရပ်ကို လစ်လျူရှုပြီး ရန်သူနဲ့ သွားအပေးအယူလုပ်နေတာက ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပါ။ သူတို့ အာဏာလက်လွှတ်ရတာနဲ့ အမေရိကန်ကို အာခံဖို့ ပြည်ပ/ရန်သူ/ပြိုင်ဖက်နိုင်ငံတွေကို မြှောက်ပေးပါတယ်။
ဒါက ထွက်လာသလောက်ဆိုတော့ မထွက်လာသေးတာတွေ ရှိဦးမှာပါ။ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ အဲဒီမီမို ရှိနေတယ်ဆိုတော့ ဌာနက ဝန်ထမ်းတွေ အဲဒီမီတင် သွားတက်ခဲ့လို့ ဖြစ်နိုင်ပါတယ်။ ထတနည်းအားဖြင့်တော့ ဟူစိန်တို့က ဘယ်လိုနည်းနဲ့မှ အာဏာကို လက်မလွှတ်ချင်တာကို ပြနေတာပါ။ အဲဒါတော်တော်စိုးရိမ်စရာ ကောင်းပါတယ်။ အခုလဲ ယောင်နနဘိုးအေကြီးရဲ့ နောက်ကွယ်မှာ ဘယ်သူကြိုးကိုင်နေတယ်ဆိုတာ မပြောလဲ သိနိုင်နေတာပါပဲ။ အဲဒါနဲ့ လက်နက်ထိန်းချုပ်ချင်တာနဲ့ တွဲကြည့်ရင် သူတို့သွားချင်တဲ့လမ်းက ဘာလဲဆိုတာ ရှင်းနေပါပြီ။