ဇွန် ၂ ရက် ၂၀၂၂

ဘိုင်ဒန်က မေ ၃၀တုန်းက အမေရိကန်အနေနဲ့ ယူကရိန်းကို ရုရှားထိရောက်အောင် ပစ်ခတ်နိုင်တဲ့ ဒုံးပျံစနစ်တွေကို ပေးပို့သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပြီး နောက်တရက် မေ ၃၁မှာထုတ်ဝေတဲ့ နယူးယောက်တိုင်းမ်စ်မှာ ဘိုင်ဒန်က ယူကရိန်းကို အဆင့်မြင့် ဒုံးစနစ်တွေနဲ့ စစ်လက်နက်ခဲယမ်းတွေ ပေးပို့သွားတော့မယ်လို့ ဘိုင်ဒန်က ရှင်းလင်းထားကြောင်း ရေးထားပါတယ်။ အဲဒါက သန်း ၇၀၀တန် လက်နက်တွေ ယူကရိန်းကို ပို့သွားမယ့်အစီအစဥ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး ဒုံးစနစ်အပြင် ဂျေဗလင် တင့်ကားပစ်ဒုံးတွေ၊ စတင်ဂါလေယာဥ်ပစ်ဒုံးတွေ၊ ရေဒါစနစ်တွေ၊ မောင်းသူမဲ့ လေယာဥ်တွေ၊ အမ်အိုင် ၁၇ ရဟတ်ယာဥ်တွေနဲ့ တခြားလက်နက်ခဲယမ်းတွေ ပါဝင်တယ်လို့ ဝက်စတန်းဂျာနယ်က ဆိုပါတယ်။

အခုပို့မယ့် လက်နက်တွေက ယူကရိန်းအနေနဲ့ ရုရှားနယ်မြေထဲအထိ ပစ်ခတ်စေနိုင်မှာဖြစ်လို့ ယူကရိန်းစစ် ပိုကြီးမားကျယ်ပြန့်လာမှာကို မလိုချင်ဘူး၊ ရုရှားနဲ့လဲ ထိပ်တိုက်မတွေ့ချင်ဘူးဆိုတဲ့ ဘိုင်ဒန်အစိုးရရဲ့ အပြောတွေကို မေးခွန်းထုတ်စရာ ဖြစ်လာနေတာပါ။ ကာကွယ်ရေးဌာနက ပေါ်လစီပိုင်းကိုင်တဲ့ ကောလင်းခါးလ်က ယူကရိန်းစစ်မကျယ်ပြန့်လာတာပဲဖြစ်ဖြစ် တတိယကမ္ဘာစစ်ဖြစ်လာတာပဲဖြစ်ဖြစ်က ငါတို့အကျိုးစီးပွားမဟုတ်ပါဘူး၊ ဒါပေမဲ့ ရုရှားတွေအနေနဲ့ ငါတို့ယူကရိန်းကို ဘာပို့၊ ဘာမပို့ရဆိုတာ ဗီတိုပြောခွင့်မရှိဘူးလို့ ဆိုပါတယ်။ ပညာရှိစကား မှတ်သားလောက်ပါရဲ့။

ဘိုင်ဒန်တို့ပေးမယ်ဆိုတဲ့ လက်နက်တွေက ရုရှားကို ပစ်ဖို့လုပ်နေရင်ကောဆိုတဲ့ စိုးရိမ်မှုများကိုတော့ စိတ်မပူပါနဲ့၊ ယူကရိန်းကို ဒီလက်နက်တွေကို ရုရှားနယ်မြေထဲကို ပစ်ခတ်ဖို့ မသုံးနဲ့လို့ မှာထားပါတယ်တဲ့။​ ဘာပဲဖြစ်ဖြစ် အဲဒီသတင်းကြားတာနဲ့တင် ရုရှားက ပိုမိုပြင်းထန်ပြီး ရက်စက်တဲ့ ထိုးစစ်တွေ လုပ်လာမှာ သေချာသလောက်ပါပဲ။

မျိုးဆက် ၄ဆက်ကြာ လယ်သမားလုပ်ခဲ့ပြီး ၃၉နှစ်အတွေ့အကြုံရှိတဲ့ လယ်သမားတဦးက ဒီဇယ်ဈေးတွေ အရင်ကထက် ၂ဆကျော်တက်သွားပြီး ဓါတ်မြေဩဇာဈေးက ၃ဆတက်သွားတဲ့ အပြင် ငွေဖောင်းပွတာနဲ့ အထွေထွေ ကုန်ဈေးနှုန်း၊ အခွန်၊ အခ၊ ရေဖိုး မီးဖိုး အစစကြီးမြင့်နေတာကြောင့် လယ်သမားတွေမှာ အခက်အခဲတွေနဲ့ တွေ့ကြုံနေရကြောင်း၊ မကိုက်လို့ မတတ်နိုင်လို့ မလုပ်ကြတော့ရင် ဩဂုတ်လကုန်လောက်မှာ ကြုံတွေ့လာနိုင်တဲ့ ရိက္ခာပြတ်လတ်မှုတွေ ရှိတဲ့ပစ္စည်းတွေကလည်း ဈေးအဆမတန် ကြီးနေတာမျိုးတွေကို ပိုဆိုးစေမှာ ဖြစ်ကြောင်း၊ ဘိုင်ဒန်အစိုးရက ဒီအကျပ်အတည်းကို ပြေလည်အောင် လယ်သမားတွေအတွက် ချေးငွေတွေ ထုတ်ချေးပေးမယ်ဆိုရင် အထောက်အကူပြုမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးအလုပ်ဟာ အရင်ကုန်တာက သေချာပြီး ပြန်ရတာက အကြောင်းကြောင်းပေါ်မှာ မူတည်နေတော့ သေချာမယ်လို့ ပြောမရကြောင်း၊ ဒါပေမယ့် ဘယ်သူမှ မစားပဲမနေနိုင်တဲ့အတွက် ဆက်စိုက် ဆက်ထုတ်နေနိုင်ဖို့က အရေးကြီးကြောင်း၊ စိုက်ပျိုးရေးကဏ္ဍမှာ အများစုက သူ့လို တနိုင်တပိုင် လယ်သမားတွေဖြစ်လို့ ပုံမှန်ကုန်ကျစရိတ်ထက် အများကြီး ပိုလာရင် မတတ်နိုင်ကြကြောင်း၊ အဲပေါ့ခ်တိုင်းမ်စ်ကို ပြောကြားသွားပါတယ်။

စားသောက်ကုန်ရှားပါးပြတ်လပ်မယ်ဆိုတာက အမေရိကန်မှာ မကြုံဖူး မကြားဖူးတာ ခုအသက်ရှင်နေတဲ့ လူများစု တသက်ပါပဲ။ ဒါပဲလားဆိုတော့ စွမ်းအင်ကဏ္ဍလည်း ပါဦးမှာပါ။ လက်ရှိအနေအထားမှာ လေ/နေကရတဲ့ စွမ်းအင်က အမေရိကန်တွေသုံးတဲ့ စွမ်းအင်စုစုပေါင်းရဲ့ ၂၀ရာနှုန်းထက် မပိုပါဘူး။ အဲဒါကို မဲဆွယ်ကာလမှာတုန်းက အလျင်စလို မပြောင်းပါဘူး၊ သင့်တော်တဲ့ အချိန်ကျမှ ပြောင်းမှာပါလို့ လိမ်ခဲ့တဲ့ ဘိုင်ဒန်က အိမ်ဖြူရောက်တာနဲ့ ဖောင်တိန်တချောင်းနဲ့ အကုန်ပြောင်းပစ်လိုက်တော့ တချို့နေရာတွေမှာ တပတ်တခါ နှစ်ခါ မီးပျက်နေတာ ပုံမှန်လို ဖြစ်လာနေပါပြီ။ နွေမှာ မီတာခ ဓါတ်ဆီ/ဒီဇယ်ဈေးက အမြင့်ဆုံးဖြစ်မှာဖြစ်သလို မလုံလောက်မှုတွေကြောင့် မီးမှောင်ကျတာတွေလည်း အများကြီး လာဦးမှာပါ။

အဲဒါတွေအတွက် ဘိုင်ဒန်အစိုးရရဲ့ ပလန်က ဘာလဲဆိုတော့ ဘိုင်ဒန်အရင်ပြောဖူးသလိုပဲ အဲဒီလိုဖြစ်လာရင် အစိုးရက အစားအစာတွေ ဝေငှတာမျိုး၊ အစားအစာကူပွန်တွေ ဝေတာမျိုးတွေ လုပ်ပေးမှာပါ။ ပြဿနာက အဲဒီလိုလုပ်ဖို့ အစိုးရအာဏာ အစိုးရဌာနတွေရဲ့ ထိန်းချုပ်မှု ကြီးသထက် ကြီးလာတော့မယ်လေ။ ဒီယုန်မြင်လို့ ဒီခြုံထွင်တယ်ပဲပြောပြော အစိုးရအာဏာကြီးဖို့၊ အစိုးရက မယောင်တဲ့နေရာတွေ ဆီလိုက်လူးပြိး ပြည်သူတွေ မရှုနိုင်မကယ်နိုင်ဖြစ်လာတော့မှ မစိုးမပို့လေးပေးပြီး ကယ်တင်ရှင်ကြီးလုပ်ပြရင် ကြွေတဲ့ဝမ်းဘောတွေကလည်း ကြွေကြဦးမှာပါပဲ။ ကလေးနို့မှုန့်ကိစ္စကြည့်ပါလား။ အစထဲက မဖြစ်အောင်တားလို့ရသားနဲ့ ဖြစ်လာအောင် စောင့်၊ ဖြစ်လာတော့မှ ဥရောပကို အစိုးရလေယာဥ်လေး လွှတ်ပြီး ပြည်သူ့ဘဏ္ဍာနဲ့ ပစ္စည်းတွေ ဝယ်၊ ပြီးတော့ တွေ့လား၊ ငါတို့ကမှ ပြည်သူအတွက်လုပ်တ၊ ဟိုရီပါဘလစ်ကန်ကောင်တွေ ဘာလုပ်ပေးလဲ ပြောဇမ်းဆိုပြီး ဂုဏ်ဆာပါလေရောလား။

ဘိုင်ဒန့်ဘဏ္ဍာရေးဝန်ကြီး ဂျက်နက်ယဲလင်က မနှစ်တုန်းက ငွေဖောင်းပွမှုဟာ ယာယီပါ၊ ခဏနေ ကောင်းသွားမှာပါလို့ ပြောခဲ့တာကို အခု သတင်းထောက်တွေက ပြန်ထောက်တော့မှ အဲဒီတုန်းက ဒီလောက်အထိ ဖြစ်လာလိမ့်မယ်လို့ သူနားမလည်ခဲ့လို့ပါ၊ ခုတော့ သိပါပြီလို့ ဝန်ခံပါတယ်။​ ဝန်ခံတယ်ဆိုတာက ပြဿနာပြေလည်အောင် အဖြေရှာမယ်ဆိုတာနဲ့ တထပ်တည်းမကျဘူး ဆိုတာတော့ သတိပြုကြဖို့ လိုပါတယ်။ ငွေဖောင်းပွမှုက ဘယ်လောက်ဆိုးလဲဆိုတော့ ဗဟိုဘဏ်ကတောင် အရင် တခါတက်တမတ်ကို အခု အချိန်တိုအတွင်းမှာ ငါးမူး အကြိမ်ကြိမ်တိုးဖို့ စီစဥ်နေကြပါပြီ။ ခက်တာက အရှက်ရော တာဝန်ယူမှု တာဝန်ခံမှုရော လုံးလုံးမရှိကြတော့ ကိုယ်မလုပ်တတ်လို့ ပြည်နာရင် ထွက်ပေးမယ်ဆိုတာမျိုးလည်း မရှိပြန်ပါဘူး။

ဘိုင်ဒန့်ပြန်ဝန်အသစ်ကလည်း ပြောစမှတ်ပြုလောက်အောင် စိတ်ပျက်စရာ အပြည့်ပါပဲ။ ဘာလာလာ ဖျင်လှန်ငြင်းတဲ့အဆင့်ထက် ဘာမှ မပိုပါဘူး။ သူ့တာဝန်က ဘိုင်ဒန်နဲ့ ဒီမိုကရက်တွေကို ကာကွယ်ပေးဖို့လို့ပဲ မှတ်ယူဟန်တူပါတယ်။ ဆီဈေးတက်တာ ပူတင်ကြောင့်၊ ငွေဖောင်းပွတာက ကော်ပိုရေးရှင်းကြီးတွေကြောင့်လို့ အသေမှတ်ထားပုံပါ။ လူမည်း၊ အင်မိဂရန့်၊ လိင်တူချစ်သူဆိုတာကို ပထမနေရာထားရွေးထားတော့လည်း ဒါမျိုးပဲ ရမှာပေါ့။ သူနဲ့ယှဥ်တော့ ဆံနီမက တော်နေပြန်ရော။

ဘိုင်ဒန်က ပြီးခဲ့တဲ့နှစ်တွေမှာ ကိုရင်သီယန်အဖြစ် သတ်မှတ်ထားတဲ့ တက္ကသိုလ် ကောလိပ်တွေမှာ တက်ခဲ့တဲ့ ကျောင်းသားတွေရဲ့ ဖက်ဒရယ်အစိုးရဆီက ချေးထားတဲ့ အကြွေး ၅.၈ဘီလီယံကို လျော်ပစ်မယ်လို့ ကြေငြာလိုက်ပါတယ်။ ထုံးစံအတိုင်းပါပဲ။ တိုင်းပြည်မှာ ပြဿနာပေါင်း သောင်းခြောက်ထောင်ဖြစ်နေတာကို မဖြေရှင်းပဲ မဲရချင်ဇောနဲ့ ဒီမိုကရက်တွေ အမျှော်လင့်ထားဆုံးဖြစ်တဲ့ လောကအကြောင်း ဘဝအကြောင်း မသိသေးသူ လူငယ်လေးတွေကို အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်တာပါ။

အရင်ကြွေးတင်လို့ အလုပ်နှစ်ခုလုပ်ပြီး ကျေအောင် ဆပ်ခဲ့သူတွေ၊ ဝင်ငွေနည်းပေမယ့် သူတို့သတ်မှတ်တဲ့ တက္ကသိုလ် မတက်ခဲ့သူတွေအတွက် တရားမျှတမှုက ဘယ်မှာလဲဆိုတာ ထည့်စဥ်းစားဖို့ ခေါင်းလဲ ရှိပုံမရပါဘူး။ ဘာပဲဖြစ်ဖြစ် အခွန်အခတွေ တက်ရင်တက်၊ ငွေပိုရိုက်ထုတ်လို့ ငွေဖောင်းပွနှုန်း ဒီထက်တက်ရင်တက်၊ နှစ်မျိုးလုံးတက်ဖို့ကတော့ ပိုများပါတယ်။ တက်လဲ တက်နေတာပဲလေ။ တက္ကသိုလ်မတက်ပဲ အလုပ်ထွက်လုပ်နေတဲ့ လူတွေဆောင်တဲ့ အခွန်နဲ့ တက္ကသိုလ်တက်ပြီး သုံးစားမရတဲ့ ဂျန်ဒါအကြောင်းတွေ ဘယ်စွန်းစတလွဲအတွေးအခေါ်တွေ သင်လာတဲ့လူတွေရဲ့ အကြွေးကို ဆပ်ပေးရမယ်ဆိုတော့ ဘလူးကော်လာတွေကတော့ အကြီးအကျယ်​ ဒေါပွနေလေရဲ့။

နယူးယောက်မြို့မှာ မြေအောက်ရထား Subway မှာ အစုအပြုံလိုက် အပစ်ခံရတာကို အကြောင်းပြုပြီး မြို့ဝန် အဲရစ်အဒမ်စ်က ဆပ်ဘ်ဝေးတွေမှာ သေနတ်သယ်လာလို့မရအောင် ဒီတက်တာတွေ ထားရှိချင်တဲ့ သူ့အကြံကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။ အပေါ်ယံရှပ်ကြည့်ရင်တော့ ကောင်းမလိုထင်ရပေမယ့် အဲဒီအကြံမှာ ဟာကွက်တွေ အများကြီး ရှိနေပါတယ်။ ဆပ်ဘ်ဝေးတွေမှာ ပြဿနာရှာကြတဲ့သူတွေက သေနတ်နဲ့ ရှာတာထက် လူတွန်းချ၊ ဓါးနဲ့ထိုး ဗုံးခွဲ စသဖြင့် လုပ်မယ်ဆို လုပ်လို့ရတာတွေက အများကြီးပါ။ သေနတ်ဒီတက်တာ ထားရင်တောင် ဆပ်ဘ်ဝေးတခုကို ဝင်ပေါက် ၄ခုလောက် ရှိတတ်ကြပြီး အဲဒီဒီတက်တာတွေမှာလည်း သေနတ်တွေ့ခဲ့ရင် သိမ်းဖို့ (သို့) ပေးမဝင်ဖို့ ရဲအစောင့်က ထားရဦးမှာဆိုရင် ဘယ်လိုမှ လက်တွေ့မကျနိုင်တာ သိနိုင်ပါတယ်။

ပြည်သူ့အခွန်ဘဏ္ဍာတွေ အများကြီး ကုန်မှာက ပြည်သူအတွက် အကျိုးမရှိပေမယ့် ဇီးသီးဗန်းသမားများအတွက်တော့ အကျိုးအကြီးကြီး ရှိနိုင်ပါတယ်။ နဂိုက နည်းနေတဲ့ ရဲအင်အားကို အဲဒီလို အပေါက်စောင့်ဖို့ ခွဲပေးရရင် ဟိုဖက်မှာ အကျိုးရှိ/မရှိတော့ မသိ၊ ကျန်တဲ့ဖက် အကျိုးယုတ်မှာတော့ အသေအချာပါပဲ။ နယူးယောက်မြို့ဝန်က နေ့ကလေးထိန်းကျောင်းမှာထားကြတဲ့ ၂နှစ်နဲ့ ၄နှစ်ကြား ကလေးတွေကို နှာခေါင်းစည်းမဝတ်မနေရ လုပ်ထားတာကိုလည်း ပြည်သူတွေက မကျေနပ်ကြပါဘူး။ ဘယ်လိုသိပ္ပံပညာနဲ့ ချိန်ကြည့်ကြည့် အကျိုးမရှိတဲ့အပြင် လူမျက်နှာထား၊ နှူတ်ခမ်းလှုပ်တာတွေကနေ လေ့လာသင်ယူရတဲ့ အရွယ်တွေအတွက် အများကြီး အကျိုးယုတ်မှာပါ။ ဘယ်သူ ဘာဖြစ်ဖြစ် ဒီမိုကရက်တက်ရင် သေပျော်ပါပြီဆိုတဲ့ သူတွေနဲ့တော့လည်း ခက်ပါတယ်။

တွမ်ခရုစ်ရဲ့ ရုပ်ရှင်အသစ်ဟာ အခုဟောလီဝုဒ်နဲ့ မီဒီယာတွေ၊ ကောပိုရိတ်လောကကသူတွေ အသားပေးနေတဲ့ အမေရိကန်ကို နှပ်ပစ်တဲ့ လက်ဝဲအာဂျင်ဒါမဟုတ်ပဲ ပါရာမောင့်ပစ်ချာစ်က အရင်ကအတိုင်း အံ့ဩအားကျစရာ အမေရိကန်တွေရဲ့ စွမ်းပကားကို ပြသခဲ့တာဖြစ်လို့ တရုပ်ဖက်က ရင်းနှီးမြှုပ်နှံသူဖြစ်တဲ့ တန်းဆင့်ကုမ္ပဏီက စီစီပီစိတ်ကွက်မှာ စိုးတဲ့အတွက် ဒီဇတ်ကားထဲမှာ ရင်းနှီးမြှုပ်နှံထားတာကို ပြန်ထုတ်သွားတဲ့အပြင် တရုပ်ပြည်ကလည်း သူ့ပြည်တွင်းဈေးကွက်မှာ ပြသခွင့် မပေးခဲ့ပါဘူး။ တော့ပ်ဂန်’မေးဗရစ်က မီမိုရီရယ်ဒေးမှာပြတဲ့ ကားတွေထဲမှာ အအောင်မြင်ဆုံးသမိုင်း ဝင်သွားပြီး တွမ်ခရုစ်သမိုင်းမှာလည်း ပြည်တွင်းမှာတင် သန်း ၁၀၀ကျော် ဝင်ငွေစံချိန် ချိုးသွားခဲ့ပါတယ်။ ကြည့်ရှုသူတွေကလည်း အေပလပ်စ် ရိတ်တင်ပေးခဲ့ကြတာ ၂၀၂၂ထဲမှာ ပထမဆုံးဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: