တက္ကဆက်စ်ပြည်နယ် ဥဗောဒီမြို့ ရော့ဘ်စ်မူလတန်းကျောင်း ပစ်ခတ်မှုမှာ ရဲတွေကို အချိန်မီ ပစ်မိန့်မပေးခဲ့တဲ့ ကျောင်းခရိုင်ရဲအကြီးအကဲ ပီတာအရီဒွန်ဒိုကို ပစ်ခတ်မှုအပြီး တပတ်အကြာမှာ မြို့ကောင်စီဝင်အဖြစ် ရွေးချယ်ခဲ့ကြသလို ကျောင်းဘုတ်အဖွဲ့ကလည်း အဲဒီရဲမှာ အပြစ်မရှိဘူးလို့ သတ်မှတ်ပြီး ရာထူးတာဝန်တွေက ရပ်နားခြင်း မပြုခဲ့ပါဘူး။ အရီဒွန်ဒိုကို သတင်းထောက်တွေက ပစ်ခတ်မှုနဲ့ပတ်သက်တဲ့ သတင်းတွေ မေးမြန်းရာမှာ မဖြေချင်သလိုလို ဖြစ်နေခဲ့လို့ ထပ်လိုက်ကြတော့မှ လူတွေသေထားတာဆိုတော့ မိသားစုတွေ ပူဆွေးသောကရောက်နေချိန်မို့လို့ မစစ်ရသေးတာပါ၊ ပြီးရင်စစ်ပါမယ်လို့ အကြောင်းပြပါတယ်။
ပစ်ခတ်မှုဖြစ်တဲ့နေ့က အဲဒီလူက ပစ်မိန့်မပေးခဲ့တဲ့အတွက် သူ့အုပ်ချုပ်မှုအောက်ကမဟုတ်တဲ့ ဘော်ဒါပက်ထရိုက ဝင်ပစ်ခဲ့လို့ ၂၁ဦးနဲ့ ရပ်သွားခဲ့တာပါ။ ကျည် ၃၀၀ကျော် ဝယ်ထားတဲ့သူအတွက် ဆက်ပစ်ဦးမယ်ဆိုရင် အများကြီး ပိုဆိုးသွားနိုင်ပါသေးတယ်။ ပစ်ခတ်သူရာမို့စ်က အဖိုးအဖွားတွေအိမ် ဧည့်ခန်းမှာအိပ်ပြီး အဖွားက ဖုံးဘေလ်ကအစ ပေးနေရတာပါ။ အဖွားကို မျက်နှာကိုပစ်ပြီး အဖိုးကားကို ခိုးလာကာ အဖွားအလုပ်လုပ်တဲ့ကျောင်းကို လာပစ်တာဖြစ်ပါတယ်။ အလုပ်လုပ်တယ်ဆိုပေမယ့် သေနတ် ၃လက်နဲ့ ကျည် ၃၀၀ကျာ်ကို ဘယ်ကပိုက်ဆံနဲ့ ဝယ်သလဲဆိုတာကိုလည်း စုံစမ်းသင့်ပါတယ်။ မြို့ငယ်လေးဆိုတော့ စစ်မယ်ဆို ပေါ်ဖို့များပါတယ်။ မပေါ်ရင်တော့ သွေးရိုးသားရိုးလို့ ပြောဖို့ခက်ပါတယ်။
အမေရိကန်မှာ အစာရေစာပြတ်လပ်မှုနဲ့ ကြုံတွေ့မယ်လို့ ဟောကိန်းထုတ်နေကြတာနဲ့ တချိန်ထဲမှာပဲ အစားအစာထုတ်လုပ်တဲ့ စက်ရုံကြီးတွေ မီးထထလောင်နေတာ တိုက်ဆိုင်လွန်းတယ်လို့ပဲ ဆိုရမလားပါ။ အခုလည်း အာကန်းဆောက တနေ့ကို ကြက်ဥ ၃သန်းထုတ်လုပ်တဲ့ ကြက်ဥထုတ်လုပ်ရေးခြံတခုကကို မီးလောင်တာ ကြက်ပေါင်း သောင်းချီပြီး မီးထဲပါသွားတယ်လို့ သိရပါတယ်။ ထုံစံအတိုင်း ဖက်ချက်ကာတွေကတော့ ဒီမီးတွေက ဆက်စပ်မှု မရှိပါဘူး၊ ဖောင်းပလေးလဲ မတွေ့ပါဘူးလို့ ငြင်းပါတယ်။ သမိုင်းကို ကြည့်ရင်တော့ သူတို့ငြင်းပြီဆိုကထဲက မလုံလို့ပွင့်တယ်လို့ ယူလို့ရမှာပါ။ မုသားလက်ကိုင်ထားကြတဲ့ အစိုးရနဲ့ မီဒီယာပြောတာ ပြည်သူတွေ ယုံဖို့ ခက်သထက် ခက်လာတာတော့ အမှန်ပါပဲ။
ဘိုင်ဒန်အစိုးရက အခြေခံပညာကျောင်းတွေမှာ ဝင်ငွေနည်းသူတွေကို နေ့လည်စာအခမဲ့ကျွေးတဲ့ အစီအစဥ်အတွက် ချပေးမယ့်ဘတ်ဂျက်ကို လိင်တူ/ပြောင်း/ဘာလာလာစတဲ့ ကိစ္စတွေကို ကျောင်းတွေမှာ ပေးသင်မှ ချပေးမယ်လို့ အကြပ်ကိုင်ထားကြောင်း ကွန်ဆာဗေးတစ်အုပ်စုတခုဖြစ်တဲ့ ဖိုက်ဖော်စကူးလ်စ်က ဆိုပါတယ်။ ဖုဒ်အန်နျူထရီးရှင်းဆားဗစ်ကနေတဆင့် ချပေးတဲ့ ဖက်ဒရယ်ဘတ်ဂျက်ကို မချပေးခင်မှာ လက်ခံရယူမယ့်ကျောင်းက ဂျန်ဒါအိုင်ဒန်ဒတီ (သို့) လိင်စိတ်ညွှတ်မှုတွေအပေါ်မှာ ခွဲခြားမှုမရှိတဲ့ကျောင်းဖြစ်ရမယ်လို့ စီစစ်ခိုင်းနေတာပါ။ အပေါ်ယံရှပ်ကြည့်ရင် ဟုတ်သလိုထင်ရပေမယ့် ယောက်ကျားလေးက မိန်းကလေးအိမ်သာသွားတာ ခွင့်မပြုရင်လည်း ကျောင်းအနေနဲ့ ပိုက်ဆံရမှာမဟုတ်သလို ကလေးတွေ ခေါ်စေချင်တဲ့ ဟီ/ရှီ/သေစတဲ့ နာမ်စားမှားခေါ်မိရင်လည်း ပြဿနာအကြီးကြီး တက်သွားနိုင်တာပါ။ ခြစားမီဒီယာများကတော့ ဘဒထိခိုက်မယ့်သတင်း ဘာမှမတင်ကြတာဖြစ်လို့ သိပ်မသိကြတာပါ။
အမေရိကန်မှာ ဒီဇင်ဘာ ၂၀၂၀ကနေ ဒီနှစ် မေလလယ်အထိ ဟိုပိုးကကဆေးအလုံးပေါင်း ၈၂သန်းကျော် ပစ်လိုက်ရတယ်လို့ ဆိုပါတယ်။ အဲဒါဟာ စီဗီအက်စ်နဲ့ ဝေါလ်မတ်၊ ကော်စ်ကိုအပါအဝင် ဆေးထိုးပေးတဲ့ နေရာတွေကို ဖြန့်ဖြူးပေးတဲ့ ဆေးအားလုံးရဲ့ လေးပုံတပုံသာသာရှိတယ်လို့ သိရပါတယ်။ ကကဆေးတွေက ပိုပိုမိုမို ပို့တတ်ကြတဲ့အတွက် အလေအလွင့် ရှိတတ်ကြပေမယ့် ဖေဖေါ်ဝါရီမှာ မှန်းခဲ့တဲ့ အလုံး ၆၅သန်းထက် အများကြီးပိုနေလို့ သတင်းဖြစ်လာတာပါ။
လေလွင့်ရတဲ့ အကြောင်းရင်းတွေကတော့ ဆေးတွေက အများသုံးအတွက် ထုတ်ပိုးပို့လိုက်တာဖြစ်လို့ ၁နာရီအတွင်း သတ်မှတ်အလုံးရ မကုန်ရင် ကျန်တာ ပစ်လိုက်ရတာရယ်၊ အနည်းဆုံးမှာရတဲ့ ပမာဏက များလွန်းနေတာရယ်၊ စီဒီစီညွှန်ကြားချက်အရ ဆေးထိုးချင်တဲ့သူ အတွက် ဆေးရှိဖို့က ပဓါန၊ လေလွင့်တာတွေကို ထည့်မတွက်ခိုင်းတာရယ်ကြောင့် ဖြစ်ပါတယ်။ အစိုးရက အကုန်ခံပြီး အားလုံးကို ထိုးပေးတယ်ဆိုတော့ အကုန်လုံးက အစိုးရဦးစီးတဲ့ လုပ်ငန်းတွေထုံးစံအတိုင်း ကိုယ့်ပိုက်ဆံမဟုတ်ရင် မဟုတ်သလို သဘောထားကြတာကြောင့်လည်း အများကြီး ပါမှာပါ။ တလုံးတလုံး ဈေးက မနည်းဘူးဆိုတော့လည်း ခွင်တွေကြီးပါပဲ။ ဝေဖန်သူတွေကတော့ အဲဒီလိုလေလွင့်မယ့်အစား ကမ္ဘာတလွှားက လိုအပ်နေတဲ့သူတွေဆီကို ရောက်စေချင်ကြတာပါ။
ရိုးဗီဝိဒ် အဘောရှင်းစီရင်ထုံးကို ပြောင်းပြန်လှန်နိုင်တဲ့ အခြေအနေ ဖြစ်လာနေချိန်မှာ ကော်ပိုရေးရှင်းကြီးတွေက သူတို့ဝန်ထမ်းတွေကို ဘယ်လိုစီစဥ်ပေးမယ်ဆိုတာ ကြိုတင်ဆုံးဖြတ်နေကြရပါတယ်။ ရိုးဗီဝိဒ်ကို ပြန်လှန်လိုက်ရင် အနီပြည်နယ်တွေ အများစုမှာ ပြည်သူအများရဲ့ ဆန္ဒနဲ့အညီ ကိုယ်ဝန်ဖျက်ချတာကို တော်တော်ကြီး ကန့်သတ်လိုက်တော့မယ့် အနေအထားဖြစ်နေတဲ့အတွက် အဲဒီလိုဖြစ်လာခဲ့ရင် အမေဇုံတို့ တက်စ်လာတို့က သူတို့ဝန်ထမ်းတွေကို တခြားပြည်နယ်ကို ကိုယ်ဝန်သွားဖျက်ချဖို့ စားရိတ်ခံ ခွင့်ပြုမယ့်အကြောင်း ကြေငြာထားကြပါတယ်။
တပြည်လုံးမှာ ဆိုင်ပေါင်း ၅၀၀၀ကျော်ရှိပြီး ပုဂ္ဂလိကကဏ္ဍက လုပ်သားအင်အားစုစုပေါင်းရဲ့ ၁ % ခန့်ထားတဲ့ ဝေါလ်မတ်မှာ ဝန်ထမ်းအင်အား တဝက်လောက်ဖြစ်တဲ့ ၁.၆သန်းက အမျိုးသမီးတွေ ဖြစ်ကြတာပါ။ အဲဒီအမျိုးသမီးဝန်ထမ်းတွေရဲ့ ၃၀ရာနှုန်းက အနီပြည်နယ်တွေမှာဖြစ်လို့ ဝေါမတ်ရဲ့ အဆုံးအဖြတ်ဟာ အရေးတော်တော်ပါတယ်လို့ ဆိုရမှာပါ။ ဝေါလ်မတ်ရဲ့ အင်ဗက်စတာတဦးလည်းဖြစ် လှုပ်ရှားတက်ကြွသူလည်းဖြစ်တဲ့ ဂျူလီကာလစ်ရှ်ကိုယ်စား ကလင်းန်ယိလ်းဒ်အက်ဆက်မန်နေ့ချ်မန့်က ကိုယ်ဝန်ဖျက်ချချင်တဲ့ ဝန်ထမ်းတွေအတွက် အစီအစဥ် လုပ်ပေးစေချင်တာပါ။ အဲဒီအဆိုကို ရှယ်ယာရှင် ၁၂.၉ ရာနှုန်းကပဲ ထောက်ခံခဲ့တဲ့အတွက် အဆိုမအောင်မြင်ခဲ့ပါဘူး။ တခြား တပြည်လုံးအနှံ့ရှိတဲ့ ကော်ပိုရေးရှင်းကြီးတွေ၊ ဘဏ်တွေစတာတွေကလည်း ဆုံးဖြတ်ဖို့ ဖိအားတွေ ရနေပြီဖြစ်ပါတယ်။
အမေရိကန်မှာ ဆိုလာပြားပြတ်လပ်မှုဖြစ်နေတာကို သက်သာအောင်လို့ ဘိုင်ဒန်အစိုးရက အရှေ့တောင်အာရှက တင်သွင်းမယ့် ဆိုလာပြားတွေအပေါ် အနည်းဆုံး ၂နှစ် စည်းကြပ်ခွန် ပယ်ရှားပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် အတင်းအဓမ္မ ခိူင်းစေခံရတဲ့ လုပ်အားနဲ့ပဲဖြစ်ဖြစ် ဘာနဲ့ပဲဖြစ်ဖြစ် စီစစ်တော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ဘိုင်ဒန်အစိုးရက လူ့အခွင့်အရေး သိပ်လေးစားတယ်လို့ ထင်နေသေးသူများ သေချာလေ့လာပါနော်။
သမ္မတထရမ့်ရဲ့ အကြံပေးဟောင်း ပီတာနဗာရိုးကို ဖမ်းသွားတာက ကွန်ဂရက်စ်က ဂျန်၆ကိစ္စ စစ်တာကို သားပိုက်ကောင်ကော်မီတီလို့ ခေါ်ခဲ့ပြီး မရှိတဲ့အမှုတွေကို လုပ်ကြံစစ်ဆေးတာကို မလာနိုင်ဘူးလို့ ပြောခဲ့လို့လို့ ထင်ပါတယ်။ သူ့ကို ဖမ်းသွားတော့လည်း တရားရုံးအမိန့်မပါပဲ ကွန်ဂရက်စ်က ဆင့်ခေါ်တာကို မလာလို့ သံခြေကျင်းပါ ခတ်သွားတဲ့အပြင် သူ့ကို ထားတဲ့အချုပ်က သမ္မတရေဂင်ကို လုပ်ကြံခဲ့တဲ့ ဂျွန်ဟင်ကလေကို ချုပ်ထားခဲ့တဲ့ အချုပ်ဖြစ်နေတာက တိုက်ဆိုင်တာထက် အများကြီး ပိုပါတယ်။ ပီတာနဗားရိုးက သူ့အမှုကို ပိုက်ဆံကုန်ခံပြီး ရှေ့နေငှားမှာမဟုတ်ပဲ သူ့ဖာသာသူ ခုခံကာကွယ်သွားမယ်လို့ ဆိုပါတယ်။ နဗာရိုးက ၂၀၁၁လောက်ထဲက တရုပ်ရဲ့ အန္တရာယ်တွေကို မြင်ထားသူပီပီ တရုပ်အန္တရာယ်နဲ့ ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ စာအုပ်တွေ ရေးနေခဲ့တာပါ။ သူ့ကို ယုံကြည် အားပေးကြသူများအနေနဲ့ သူ့စာအုပ်များကိုသာ ဝယ်ယူအားပေးကြဖို့ တိုက်တွန်းသွားပြီး အဲဒီပိုက်ဆံတွေနဲ့ ပြန်ခုခံသွားမှာလို့ ဆိုပါတယ်။ ခြစားတွေမဟုတ်တော့လည်း မချမ်းသာတဲ့အပြင် ဝိုင်းဖုံးဖိတဲ့အနေနဲ့ ကူ/ဖာပေးမယ့်သူ မရှိကြတာ သဘာဝပါပဲ။ တတ်နိုင်သူများ အားပေးလိုက်ကြပါဦး။
ဒီနေ့လည်း ဇန်၆ကိစ္စနဲ့ပဲ ပရောက်ဒ်ဘွိုင်းက လူတွေကို စုန်းယိုးပြီး ဖမ်းပြန်ပါပြီ။ သမိုင်းတလျောက်ကို သေချာကြည့်ရင် သူတို့စွပ်စွဲနေသလို ပရောက်ဒ်ဘွိုင်းစ်က လူဖြူကြီးစိုးရေးလက်ယာစွန်းအဖွဲ့ မဟုတ်ပဲ လူမျိုးစုံပါဝင်ပြီး ကွီးယားတွေ လိင်ပြောင်းတွေနဲ့ မတူပဲ ကျားကျားလျားလျားနေပြီး လက်နက်ကိုင်ကာ အရေးကြုံလာရင် ကာကွယ်ပေးသင့်သူတွေကို ကာကွယ်ပေးကြပါတယ်။ ပရောက်ဒ်ဘွိုင်းစ်လုပ်လို့ ဘယ်သူမှ မသေ ဒဏ်ရာမရ ပိုင်ဆိုင်မှုမပျက်စီးပေမယ့် ဘီအယ်လ်အမ်ကြောင့် လူတွေ သေ၊ ဒဏ်ရာရ၊ ဥစ္စာပျက်စီးတွေ ဖြစ်ကြတာ သာဓကပေါင်း မနည်းမနောပါ။ ယုံချင်တာယုံပစ်လိုက်လို့ အမှားက အမှန်ဖြစ်မသွားဘူးလို့ ပြောချင်တာပါ။
ကယ်လီဖိုးနီးယားပြည်သူတွေက တခဲနက် မဲပေးအတည်ပြုထားတဲ့ သရီးစထရိုက်သတ်မှတ်ချက်ကို အယ်လ်အေဒီအေ ဂျော့ဂျ်ဂက်စ်ကွန်က မသိကျိုူကျွံပြုပြီး ၃ကြိမ် ကျူးလွန်ပြီးတဲ့ ရာဇဝတ်သား တွေကို ပြင်းပြင်းထန်ထန်အရေးယူဖို့ ရှောင်လွှဲနေတာကို လစ်ဘရယ်ကျလှပါတယ်ဆိုတဲ့ ကယ်လီဖိုးနီးယန်းတွေကိုယ်တိုင် မခံနိုင်ကြတော့ပါဘူး။ အယ်လ်အေနဲ့ ဆန်ဖရန်က ဒီအေတွေအနာဂတ်က ဝိုးတဝါးဖြစ်လာနေပါတယ်။ အယူခံတရားရုံတခုးကလည်း ဂက်စ်ကွန်အနေနဲ့ အရင် ၂ကြိမ်နဲ့အထက် ကျူးလွန်ပြီးဖြစ်တဲ့ ရာဇဝတ်သားတွေကို သတ်မှတ်ထားတဲ့ ထောင် ၂၅-တသက် အပြစ်မပေးပဲ ငြင်းဆိုလို့ မရဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂက်စ်ကွန်ကို တရားစွဲခဲ့တာက ဒဗျူတီဒီအေများအဖွဲ့က ဖြစ်ပါတယ်။
ဒစ္စနေက ကလပ်စစ်ရုပ်ရှင်တခုဖြစ်တဲ့ ပနိုကရိုကို ပြန်ရိုက်တဲ့ ရုပ်ရှင်မှာ အရင်ကလို အပြာရောင်နတ်သမီးလေးနေရာမှာ ရွေရောင်ဆံပင်နဲ့ လူဖြူအမျိုးသမီးအစား ကတုံးပြောင်နီးပါးဆံပင်နဲ့ လူမည်း ကွီးယားအမျိုးသမီးနဲ့ အစားထိုးထားတာကို တွေ့လိုက်ရတဲ့ ကြည့်ရှုသူတွေက သူတို့ ချစ်ခင်စွဲလမ်းခဲ့ကြတဲ့ ဒစ္စနေရုပ်ရှင်တွေ လက်ဝဲ ဝုခ်အာဂျင်ဒါတွေဘက်ကို ပြောင်းသွားတာ မယုံနိုင်လောက်အောင် ဖြစ်နေကြပါတယ်။၊ တလောက မြင်လိုက်မိတဲ့ ဇတ်လမ်းတွဲတခုမှာလည်း ဗြိတိန်က တော်ဝင်မိသားစုလို ဇတ်လမ်းဆင်ရိုက်ထားတာမှာ တော်ဝင်မိသားစုကို ပေါ်လတစ်ကယ်လီကော်ရက်ဖြစ်အောင် လူမျိုးစုံထည့်ထားပြီး ဘုရင်မကြီးကိုတော့ လူမည်းလုပ်ထားတာပါ။ လူမည်းမို့ တော်ဝင်မဖြစ်ရဘူးလို့ မဆိုလိုပါဘူး၊ သဘာဝကျဖို့တော့ လိုပါတယ်။ မူလန်တို့ ပိုကာဟွန်တာတို့ကို လူဖြူ/လူမည်းနဲ့ ရိုက်လို့ မသင့်တော်သလိုပါပဲ။