ဗုဒ္ဓဟူးနေ့က ကွန်ဂရက်စ်အဆောက်အဦထဲမှာ နောက်အမွှေစိန်တဦးဖြစ်တဲ့ ဘေလ်ဂိတ်စ်ကို တွေ့ရပြီး ကြာသပတေးနေ့မှာတော့ တင်မ်ကွတ်ခ်ကို တွေ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါတက်ခ်သူဌေးများကို ဝါရှင်တန်မှာ တွေ့ရတဲ့အချိန်က ကွန်ဂရက်စ်က အန်တီထရပ်စ်ဥပဒေကို တင်သွင်းဖို့ ကြိုးစားနေချိန် ဖြစ်လို့ တက်ခ်လော်ဘီတွေ ခြေချင်းလိမ်နေချိန် ဖြစ်နေတာပါ။ ဒီနှစ်ကြားဖြတ်ရွေးကောက်ပွဲကလည်း သိပ်မလိုတော့ဘူးဆိုတော့ ကွန်ဂရက်စ်က ကြိုးစားနေတဲ့ အမေရိကန်အင်နိုဗေးရှင်းအန်ချိုက်စ် အွန်လိုင်းဥပဒေအတွက် ပြင်ဆင်ဖို့ အချိန်အများကြီး မကျန်တော့ပါဘူး။
ဒီနှစ် ပထမ ၃လမှာတင် ပန်းသီး၊ အမေဇုံ၊ ဂူဂယ်လ်နဲ့ ဖဘတို့က လော်ဘီဖိုး ၁၆.၇သန်း သုံးထားပြီးဖြစ်တယ်လို့ ဘလူမ်းဘတ်မှာ ဖော်ပြထားပါတယ်။ အဲဒီလော်ဘီတွေရော အမတ်တွေရောပေါင်းပြီး ရီပါဘလစ်ကန်အများစုမဖြစ်လာခင် သူတို့အသာရမယ့် ဥပဒေတွေ ကြိုပြဌာန်းထားဖို့ မောင်းတင်နေကြပုံပါပဲ။ အန်တီထရပ်စ်လို့ ခေါင်စဥ်ပေးထားပြီး ရည်ရွယ်ချက်က တက်ခ်ကုမ္ပဏီကြီးတွေကို ပြိုင်ဖက်တွေထက် သူတို့ကိုယ်သူတို့ ဖေဗာပေးထားတာကို တားမြစ်ဖို့လို့ ဆိုပေမယ့် တကယ်တမ်းဘာတွေ ပါမယ်ဆိုတာတော့ လော်ဘီဖိုးအကုန်ခံထားတာနဲ့ ချိန်ကြည့်ရင် သိနိုင်မှာပါ။ ဘယ်နွားမှ အဲဒီလောက်အကုန်ခံပြီး ကိုယ့်ကိုချည်မယ့်ကြိုး မကျစ်ပေးပါဘူး။ ထုံးစံအတိုင်း နာမည်လှလှပေးထားတဲ့ အတွင်းပုတ်ဥပဒေတွေပဲ ဖြစ်ဖို့များပါတယ်။ အဲဒီလိုဟာတွေကိုလည်း တက်သုတ်ရိုက်တင်ကြပြီး ရက်နည်းနည်းပဲ ကြိုပေးကြတဲ့အတွက် ရှည်လျားရှုပ်ထွေးများပြားလှတဲ့ စာမျက်နှာတွေကိုလည်း အမတ်တွေ သေချာဖတ်ချင်ရင်တောင် ဖြစ်နိုင်ဖို့ မလွယ်ပါဘူး။
ဇန်၆ကိစ္စက ဒီနှစ်ရွေးကောက်ပွဲမှာ သူတို့ရှုံးပြီး ၂နှစ်ကြာရင် ၄၅ပြန်လာနိုင်တာကို ကြိုကာဖို့ ခုမှ တစခန်းထပြီး စုန်းယိုးနေကြတာဖြစ်ပါတယ်။ တကယ်အမှုဆင်မယ်ဆိုရင် အပြစ်အရှိဆုံးသူက ဆေးဆိုးပန်းရိုက်မျက်နှာနဲ့ ဘွားတော်ကြီးပါ။ အဲဒီနေ့က လူတွေအများကြီးလာမှာသိလို့ ထရမ့်က နေရှင်နယ်ဂါဒ်တွေ ချထားပေးဖို့တောင်းတာကို ဘွားတော်ရဲ့တပည့်ကျော် ဗိုလ်ချုပ်ကြီးမီလီက မြုံနေခဲ့သလို ကာပီတိုမှာ (သူတို့ထောင်ချောက်ထဲ) လူတွေဝင်မလာရင် ဇတ်မနာမှာစိုးတော့ အစောင့်တွေကို တိတ်တိတ်လေး ပြန်ရုပ်သွားတာ ထရမ့်ကြောင့်မဟုတ်တာ အသေအချာပါပဲ။
အဲဒီနေ့ကသေတဲ့ ၄ဦးလုံးကလည်း ထရမ့်ထောက်ခံသူတွေဖြစ်ပြီး ဘာအန္တရာယ်မှမပေးတဲ့ လက်နက်မဲ့ ဝင်လာသူ လေတပ်ထွက် အက်ရှ်လေဘက်ဘစ်ကို ဝမ်နင်မပေးပဲ ပစ်သတ်ခဲ့တဲ့ရဲကို စစ်ဆေး အပြစ်ပေးဖို့ဝေးလို့ ဒီစီကဒီအေက အမှုတောင် မဖွင့်ခဲ့တဲ့အပြင် သက်သေတွေပါ ဖျောက်ဖျက်ထားတယ်လို့ တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့က တွေ့ရှိထားပါတယ်။ နောက်သေဆုံးသူ ဘွိုင်လန်ကိုတော့ ဆေးလွန်သေတယ်လို့ လွယ်လွယ်ပြောပေမယ့် ဗီဒီယိုတွေထဲမှာ အလေးချိန်များပြီး လူအုပ်ထဲလဲကျသွားတဲ့ သူမကို ကာပီတိုရဲတွေကန်ကျောက်ရိုက်နှက်ခဲ့ကြတာ တွေ့ရမှာပါ။ နောက်နှစ်ဦးက နှလုံးရောဂါဆိုထားပေမယ့် ဗီဒီယိုတွေ ထွက်လာရင် တကယ်ဘာဖြစ်ခဲ့တယ်ဆိုတာ ပြောင်းချင် ပြောင်းသွားနိုင်ပါသေးတယ်။
ခုထိ အထောက်အထားတွေ့သမျှက သူတို့လူတွေက ကျူးလွန်တာတွေချည့်ပေမယ့် ဆွဲစိခံရတာတွေက ဒီဖက်ကလူတွေချည့် ဖြစ်နေတာကြောင့် သားပိုက်ကောင်ကော်မီတီလို့ ခေါ်ကြတာပါ။ ဆွဲစိခံရသူတွေက ထရမ့်အားထားရတဲ့ လက်ရုံးတွေ ပညာရှင်တွေချည့် ဖြစ်နေတာက ထရမ့်နားမှာ ဘယ်သူမှ မကပ်ချင်တော့အောင် ညစ်ပြ ချောက်ပြနေတာပဲဖြစ်ပါတယ်။ ဟူစိန်ခေတ်က အစိုးရအဖွဲ့ဝင်ဟောင်းတွေကို စစ်ချင်ရင်တောင် ကင်းလွတ်ခွင့်နဲ့ ဘယ်လိုမှ မဖြစ်နိုင်ခဲ့ပေမယ့်
ပီတာနဗာရိုဆို ဇန်၆ကိစ္စနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ သူတောင် ဒီစီမှာ မရှိသလို ဘာမှ ပတ်သက်ခဲ့တာလည်းမဟုတ်ပဲ ထလရကို တချိန်လုံး မင်းတို့မေးချင်တာရှိရင်ပြော၊ ငါလာမယ်လို့ တချိန်လုံး လှမ်းဆက်သွယ်နေတဲ့ကြားက အသက် ၇၂အရွယ် ပိန်ပိန်ပါးပါး ပါမောက္ခဟောင်း၊ သမ္မတအကြံပေးဟောင်း အဖိုးလေးကို လေဆိပ်မှာ ထလရ ၅ကောင်က လူသတ်ကောင်ဖမ်းသလို ကြမ်းကြမ်းတမ်းတမ်းဖမ်းခဲ့ပြီး လူပုံအလယ်မှာ လက်ထိတ် ခြေကျင်းတွေခတ်၊ ဌာနမှာတကိုယ်လုံးကို ရှာဖွေပုံစံနဲ့စစ်ခဲ့ပါတယ်။ ပီတာနဗာရိုရဲ့အပြစ်ကတော့ သူတို့ကို လုံးဝမကြောက်ပဲ ဝေဖန်နေတာပါ။ အာဏာရှင်တွေထုံးစံအတိုင်း သူတို့ကို မကြောက်တဲ့သူကို သူတို့က အသေကြောက်ပါတယ်။
တိုင်းပြည်မှာ ပြည်သူတွေအခက်အခဲဖြစ်နေတာတွေ အများကြီးရှိပြီး နောက်ပိုဆိုးလာစရာသာရှိတဲ့ အနေအထားမှာ ပြည်သူအတွက် ဘာတခုမှ လုပ်မနေပဲ ပြည်သူအပ်နှင်းထားတဲ့ အခွင့်အာဏာ လုပ်ပိုင်ခွင့် ဘတ်ဂျက် အချိန်တွေကို နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ ဘယ်သူ ဘယ်ပါတီဝင်မဆို ယူထားတဲ့ရာထူးနဲ့ ထိုက်တန်မှုမရှိဘူးလို့ပဲ ပြောရမှာပါ။
ဖီလာဒဲလ်ဖီးယားက ဒီမိုကရက်အမတ်ဟောင်း မိုက်ကယ်အော့ဇီမိုင်ယာစ်က ၁၉၈၀မှာ အက်ဖ်ဘီအိုင်က အာရပ်စကန်ဒယ်လို့ခေါ်တဲ့ စတင်းစစ်ဆင်ရေးလုပ်ရာမှာ လာဘ်ယူနေတဲ့ဗီဒီယိုနဲ့ တွေ့ခဲ့လို့ ရာထူးကနှုတ်ထွက်ပေးခဲ့ရတဲ့အပြင် ထောင်နန်းစံခဲ့ရပါတယ်။ အခုထပ်မံထွက်လာတဲ့ အထောက်အထားတွေအရ မိုင်းယားစ်ဟာ ၂၀၁၄-၂၀၁၈အတွင်း ပန်ဆယ်လ်ဗေးနီးယားက တချို့ဒီမိုကရက်ကန်ဒီဒိတ်တွေကို အသာရစေမယ့် ဘဲလော့စတပ်ဖင်း လုပ်ခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။ သူတယောက်ထဲ ကျူးလွန်တာတော့ မဟုတ်ပါဘူး၊ ရွေးကောက်ပွဲဘုတ်လည်း ကြံရာပါ ပါနေတာဖြစ်ပါတယ်။ မိုင်ယားစ်က ဖီလာဒဲလ်ဖီးယားတောင်ပိုင်း ၃၆ ဒဗီရှင် ၃၉ရပ်ကွက်က ရွေးကောက်ပွဲ တရားသူကြီး ဒိုမီနစ် ဒီမြူရိုကို အထက်ပါ ၄နှစ်အတွင်း အကြိမ်ကြိမ် လာဘ်ထိုးခဲ့တယ်လို့ အစစ်ခံပါတယ်။
ဘဲလော့စတပ်ဖင်းဆိုတာက မဲပေးနိုင်တဲ့လူဦးရေထက် မဲပိုများနေတာပါ။ အတူတွေ၊ အပွားတွေ၊ မရှိတော့တဲ့သူတွေကို ထည့်ထားတာမျိုးပါ။ အဲဒါမျိုး ၂၀၂၀မှာလည်း အများကြီးဖြစ်နေလို့ ဘဒမဲတွေ အဆမတန်ဖောင်းပွနေတာပါ။ မိုင်ယာ့စ်က ကန်းဒီဒိတ်တွေဆီကနေ တိုင်ပင်ခအနေနဲ့ ငွေလက်ခံရယူပြီး အဲဒီငွေထဲကတချို့ကို တရားသူကြီးကို လာဘ်ထိုးကာ မဲတွေပွားကာ မနိုင်မချင်း ထည့်နေခဲ့တာပါ။ ရွေးကောက်ပွဲနေ့တွေမှာတော့ ဒီမြူရိုက အဲဒီမဲပွားတွေကို မဲအစစ်တွေထဲ ထည့်ပေါင်းပြီး ဟုတ်မှန်ကြောင်း လက်မှတ်ထိုးပေးရတာပါ။
ဒီမြူရိုမတိုင်ခင်က အီလက်ရှင်ဂျပ်ဂျ်ဖြစ်တဲ့ မေရီဘီရန်ကိုလည်း မိုင်ယားစ်က လာဘ်ထိုးခဲ့တာပါပဲ။ ဘီရန်ကတော့ အီလက်ရှင်ဘုတ်မှာ သူနဲ့နီးစပ်သူတွေချည့်ပဲ ခန့်ထားခဲ့ခြင်းဖြင့် အပုပ်နံ့မပျံ့အောင် ထိန်းချုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲနေ့တွေမှာ ဘီရင်က မိုင်ယားစ်ကို ဘယ်နှစ်ဦးမဲလာပေးတယ်ဆိုတာ ဖုံးဆက်သတင်းပေးပြီး သူတို့လိုချင်တဲ့သူ နိုင်ခြေရှိရင် နဲနဲပဲပွား၊ ပိုတာတွေကို နိုင်ဖို့လိုနေသေးသူတွေဆီ ပို့နဲ့ ကလဖန်ထိုးခဲ့ကြတာပါ။ ဒီအမှုနဲ့ မိုင်ယားစ်က ထောင်အနှစ် ၂၀အထိ ကျနိုင်ပါတယ်။ တကယ်အဲလောက်ကျပါ့မလားဆိုတာကတော့ တရားသူကြီးရဲ့ ကိုယ်ကျင့်သိက္ခာပေါ် မူတည်မှာပါ။
လား ၂ ထောင် မှတ်တမ်းရုပ်ရှင်မှန်ကန်ကြောင်း ပြနေတဲ့ နောက်တမှုကတော့ အီရီဇိုးနားပြည်နယ် ဆန်လူးဝစ်မြို့က မြို့ဝန်ဟောင်းနဲ့ ဂက်စ်ဒန်မူလတန်းကျောင်းခရိုင်ဘုတ်အဖွဲ့ဝင် ဂူလားမီနား ဖြူယမ်းတေးစ်ဖြစ်ပြီး ပြစ်ဒဏ်သက်သာအောင်လို့ အစိုးရရှေ့နေနဲ့ ညှိနှိုင်းကာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ သူမက ဆန်လူးဝစ်မှာ မဲမှောင်ခိုမှုနဲ့ စွဲချက်တင်ခံရပြီး မေ ၁၂တုန်းက ရုံးချိန်းရှိခဲ့ပါတယ်။ အဲဒီတုန်းက သူမက အပြစ်မရှိဘူးလို့ ရပ်တည်ခဲ့တာပါ။
လား ၂ ထောင် မှတ်တမ်းရုပ်ရှင်ထွက်လာပြီး ဝန်ခံတဲ့သူတွေနဲ့ အင်တာဗျူးတွေ တွေ့လာပြီးနောက်မှ သူတို့လုပ်နေတာတွေ ဖော်နိုင်နေတာ သိသွားတဲ့အပြင် ဆက်လိမ်နေရင်အပြစ်ပိုကြီးမှာကြောင့် အစိုးရရှေ့နေနဲ့ ညှိနှိုင်းလိုက်ပုံရပါတယ်။ ဒီမိုကရက် အမှုဆောင်တဦးဖြစ်တဲ့ သူမဟာ ၂၀၂၀ရွေးကောက်ပွဲအတွက် ပထမဆုံး အပြစ်ရှိကြောင်း ဝန်ခံသူဖြစ်ပါတယ်။ မဲပြဿနာက ယုံတမ်းမဟုတ်ဘူးဆိုတာ ထင်ရှားလာရင် ပြည်သူ တဦးချင်းစီတိုင်းကို လေးစားတဲ့အနေနဲ့ မသမာလုပ်လို့မရအောင် စီစဥ်ကြဖို့ အရေးကြီးပါတယ်။
အမေရိကန်နဲ့ ကမ္ဘာ့နေရာတော်တော်များများမှာ စွမ်းအင်တွေရှားပါး ဈေးကြီးနေရတဲ့ကြားထဲ တက္ကဆက်စ်ပြည်နယ် ဟူစတန်တောင်ဖက် ကွင်တားနားကျွန်းပေါ်က ကမ္ဘာ့အကြီးဆုံး သဘာဝဓါတ်ငွေ့ရည်စက်ရုံတခုမှာ အကြောင်းမသိရတဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့အတွက် အနည်းဆုံး နောက် ၃ပတ်လောက် စက်လည်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ အဲဒီစက်ရုံက ဗြိတိန်နဲ့ တခြားဥရောပဒေသတွေကို အဓိက စွမ်းအင်တင်ပို့နေတာဖြစ်တဲ့အပြင် ရုရှားထံက လောင်စာမဝယ်ဖို့ ကြိုးစားနေချိန်ဖြစ်လို့ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေအတွက် အခက်ပိုတွေ့နိုင်ပါတယ်။
တကယ်တမ်းက အမေရိကန်မှာ လောင်စာဈေးကြီးတာရယ် ငွေဖောင်းပွတာရယ် အထွေထွေကုန်ဈေးနှုန်းကြီးတာရယ်က ထရမ့်လက်ထက်ကနဲ့စာရင် အများကြီး ခုန်တက်သွားလို့ အော်နေကြတာဖြစ်ပေမယ့် ဥရောပမှာတော့ အခုလိုဈေးတွေဖြစ်နေတာ ကြာခဲ့ပါပြီ။ အမေရိကန်ပျှမ်းမှဓါတ်ဆီဈေးက ၅ဒေါ်လာနီးပြီး ကယ်လီဖိုးနီးယားမှာ ဓါတ်ဆီတဂါလံကို ၇ဒေါ်လာလောက်ဖြစ်နေချိန်မှာ ပါရီက ဓါတ်ဆီဈေးက တဂါလံကို ၈-၉ဒေါ်လာလောက် ရှိနေတာပါ။ လက်ဝဲယိမ်းတာ ကြာပြီဖြစ်လို့ အလုပ်လုပ်ဖို့ထက် ခံစားခွင့်ကို ဦးစားပေးရှေ့တန်းတင်ကြတဲ့အတွက် လုပ်အားခတွေကလည်း မိုးပျံနေတာပါပဲ။ လူတွေမဆင်မခြင် သွင်းကြတဲ့ အတွက် အစိုးရကုန်ကျစရိတ်များလှတာကို ကာမိဖို့နဲ့ အစစဈေးကြီးတဲ့တိုင်းပြည်မှာ ကုန်ထုတ်လုပ်ဖို့ ယှဥ်ပြိုင်စွမ်းရည်နိမ့်လာတဲ့အတွက် အကျိုးဆက်တခုမဖြစ် ငွေဖောင်းပွမှုက လိုက်လာသလို အခွန်အခတွေကလည်း အမေရိကန်ထက် အများကြီး ပိုပါတယ်။ အဲဒါကြောင့် အမေရိကန်နဲ့ယှဥ်ရင် ဥရောပမှာ အစစ ဈေးကြီးလွန်းလှပါတယ်။ အဲဒီလိုမဖြစ်အောင် သင်ခန်းစာယူစေချင်တာပါ။