ပတ်ဝန်းကျင်ရေးရာတက်ကြွလှုပ်ရှားသူတွေက ဘိုင်ဒန်အစိုးရကို ပြည်တွင်းမှာ ရေနံဆက်တူးခွင့်ပေးနေလို့ဆိုပြီး တရားစွဲလိုက်ပါတယ်။ ဘိုင်ဒန့်စာကို တုန့်ပြန်တဲ့ ရှက်ဗရွန်က ပြည်တွင်းမှာ ရေနံတွင်းအသစ် မတူးရတော့တာ နှစ်ပေါင်း ၃၀ကျော်ပြီ၊ ဒီပုံစံအတိုင်းဆို နောက်လည်း အသစ်တူးခွင့်ပေးတော့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ရှိတဲ့တွင်းတွေကိုလည်း လုပ်ရကိုင်ရခက် စားရိတ်တက်အောင် ကြိုးနီတွေ ချုပ်ချယ်စည်းမျဥ်းတွေ ပိုလုပ်၊ ပိုက်လိုင်းတွေနဲ့ မြန်ကောင်းသက်သာ ပို့နိုင်မယ့် အစီအစဥ်တွေကို ဖျက်ပစ်နေတာတောင် ပတ်ဝန်းကျင်သမားတွေ မကျေနပ်သေးတော့ တဖက်လက်က ခြောက်ပြလိုက် နောက်တဖက်က ကြောက်ဟန်ဆောင် လိုက်လျောလိုက်နဲ့ သူတို့ဇတ်နဲ့ သူတို့တော့ ဟုတ်နေတာပါပဲ။ ပြည်သူတွေမှာသာ မျက်ဖြူဆိုက်နေတာ။
စံချိန်တင် ငွေဖောင်းပွမှုကို ချိန်ညှိဖို့ ဖက်ဒရယ်ရီဆာဗ်က ဘဏ်တိုးနှုန်းကို တကြိမ်ထဲမှာ သုံးမတ်တိုးလိုက်တဲ့နောက် ချေးငွေနဲ့ လည်ပတ်နေရတဲ့ အမေရိကန်လုပ်ငန်းရှင်တွေ ပြည်သူတွေ အခက်ကြီးကြုံလာရတဲ့အပြင် အတိုးနှုန်းမြင့်လာရင် ဖြစ်လေ့ရှိတဲ့အတိုင်း စတော့မားကက်က ဒိုင်ဗင်ထိုးဆင်းတော့တာပါပဲ။ အမေရိကန်တွေရဲ့ နေ့စဥ်ဘဝမှာ ခရက်ဒစ်ကဒ်ကြွေးကစလို့ ကားကြွေး၊ အိမ်ကြွေး၊ လုပ်ငန်းကြွေးတွေအထိ ရှိနေကြတာကြောင့် အတိုးနှုန်းအရှင်သမားတွေနဲ့ နှုန်းအသစ် ကြွေးအသစ်ယူရမယ့်သူတွေအတွက် အိပ်မက်ဆိုးတခုလို ဖြစ်နေတာပါ။ အဲဒီတက်လာတဲ့ စားရိတ်တွေက စားသုံးသူတွေရဲ့ ပိုက်ဆံအိတ်လေးတွေ ကျုံ့သွားစေမယ့်အပြင် လုပ်ငန်းရှင်တွေကလည်း လုပ်ငန်းဆက်လည်ပတ်နိုင်ဖို့အတွက် တက်လာတဲ့စားရိတ်တွေကို ကာမိဖို့ ဈေးမြှင့်ရမယ့်အခြေအနေဖြစ်နေတော့ ပြည်သူတွေက ဈေးကြီးပေးသုံးရင်သုံး မသုံးနိုင်ရင် ပြတ်လပ်တာနဲ့ ရင်ဆိုင်ရဝောာ့မှာပါ။ စတော့မားကက်ကျတော့ အရွယ်ရှိသေးရင် အစိုးရကောင်းတက်လာဖို့ မျှော်လင့်ချက်ရှိသေးပေမယ့် စတော့မားကက်ကိုမှီနေရတဲ့ ပင်စင်စားတွေအတွက်က ဘေးကြပ်နံကြပ်ပါပဲ။ ဘယ်သူတက်တက် တက်တဲ့အစိုးရ တို့အစိုးရဆိုတာ ကတော့ ဟိုအတန်းထဲကအတွေးပါ။
ဘာဖြစ်လို့ အဲဒီဖက်ကဟာတွေ အခုလိုမြောင်းထဲဆင်းနေကြတာလဲလို့တွေးရင် မူမရှိတာက အဓိက လာပါတယ်။ ဒီမိုကရက်တွေမှာ ခိုင်ခိုင်မာမာမူ လုံးဝမရှိပါဘူး။ ကလင်တန်ခေတ်မပြောနဲ့ အိုဘားမားမဲဆွယ်တုန်းကတောင် အိမ်ထောင်ပြုတယ်ဆိုတာ ကျားနဲ့ မကြားက ကိစ္စ၊ နယ်စပ်လုံခြုံမှု ဆိုတာ နိုင်ငံအတွက် အရမ်းအရေးကြီးတယ်လို့ ပြောခဲ့ကြတုန်းကလည်း ထောက်ခံကြတဲ့သူတွေက အခု မိန်းမဆိုတာ ဘာလဲဆိုတာတောင် မပြောနိုင်တော့တဲ့ခေတ်၊ အိမ်ထောင်ပြုတာလည်း ကျား+မ ထက် အင်ကလူးရှင်းအနေနဲ့ ဘာလာလာဆိုတဲ့ခေတ်၊ နယ်ခြားမလိုဘူးလို့ ပြောင်းပြောတဲ့ခေတ် ရောက်တော့လည်း အဲဒီအတိုင်း ယောယိမ်းလိုက်ကြတော့တာပါပဲ။
ဒီလိုပြောလို့ ရီပါဘလစ်ကန်တိုင်းက မူရှိတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ မူမရှိတဲ့လူလည်း အုတ်ရောရော ကျောက်ရောရော ပါမှာပါပဲ။ အရေးကြီးတာက အများစုက မူရှိဖို့လိုပါတယ်။ ဘယ်ပါတီကပဲဖြစ်ဖြစ် မူရှိတဲ့သူက အစိုးရက မူဘောင်ထဲက တိမ်းသွားရင် တန်းသိပါတယ်။ တိမ်းတဲ့ဖက်ကို ပါမသွားပါဘူး။ ပြည့်မိခင်ပြောခဲ့တဲ့ ပြည်သူက အစိုးရကို ထိန်းကျောင်းရမယ်ဆိုတာ အဲဒီသဘောပါ။
ဒီမိုကရက်တွေချည့် နှစ်ပေါင်း ၁၅၀ကျော် ဆက်တိုက်နိုင်လာတဲ့ တက္ကဆက်စ်က မက္ကဆီကန်တွေ ၈၅ရာနှုန်းလောက်ရှိတဲ့ မြို့လေးမှာ မက္ကဆီကိုဖွားအမျိုးသမီးငယ်က ပထမဦးဆုံးနိုင်တဲ့ ရီပါဘလစ်ကန် ဖြစ်လာပါတယ်။ ဒီမိုကရက်တွေတွေးကြသလိုမျိုး သူတို့က အရောင်ရှိသူတွေကို မစဥ်းစားတတ်သူတွေ၊ သူတို့ဘာလုပ်လုပ် ထောက်ခံမယ့်သူတွေလို့ ထင်ထားကြပေမယ့် မက္ကဆီကန်တော်တော်များများဟာ လက်တွေ့ကျပြီး ကိုယ်ပိုင်အလုပ်လုပ်သူတွေ များတာကြောင့် အစိုးရမကောင်းရင် အရင်ဆုံး ခံစားကြရသူတွေ ဖြစ်ကြပါတယ်။ မေယာဖလော်ရက်စ်က အသက် ၆နှစ်မှာ အမေရိကန်ကို မိသားစုနဲ့အတူ တရားဝင် ပြောင်းရွှေ့ဝင်ရောက်လာတာဖြစ်ပြီး သူမက ကွန်ဆာဗေးတစ်တန်ဖိုးတွေဖြစ်တဲ့ ကိုးကွယ်ယုံကြည်မှု၊ မိသားစု၊ အလုပ်ကြိုးစားမှုတို့ကို လက်ကိုင်ထားတယ်လို့ ဆိုပါတယ်။
ဘိုင်ဒန်အစိုးရက ဘယ်စွန်းအာဂျင်ဒါတွေကို အရှိန်အဟုန်နဲ့ တွန်းလာနေပြီး ကြိုးကိုင်နေတဲ့ တက်ခ်ကြီးများကလည်း ဆန်ဆာတွေ တိုးလုပ်လာနေချိန်မှာ မကြာသေးမီက ဖွဲ့ပြီးရပ်တံ့လိုက်တဲ့ ဒစ်အင်ဖော်မေးရှင်းဂါးဗားနန့်စ်ဘုတ်နေရာမှာ တပ်စ်ဖို့စ်အသစ်တခု စတင်ဖွဲ့စည်းလိုက်ပါတယ်။ အွန်လိုင်းဟာရက်စ်မန့်နဲ့ အဘြုစ်ကို ကိုင်တွယ်ဖို့ဆိုတဲ့ အဲဒီအဖွဲ့ကို ဦးစီးမှာက နီနာဂျန်ကိုဝဇ်ထက် ဆိုးတဲ့ ကာမလာကြီးဖြစ်ပြီး ဘိုင်ဒန်ရဲ့ ဝန်တွေဖြစ်တဲ့ ရှေ့နေချုပ်မဲရစ်ဂါလန်၊ နိုင်ငံခြားဝန် တိုနီဘလင်ကန်၊ ကျန်းမာနဲ့လူမှုဝန်ကြီး ဟာဗေးဘာစဲရာ၊ ပြည်တွင်းလုံခြုံရေးဝန် မာယောကာစ်တို့ ပါဝင်ပါတယ်။
ဒီဂျီဘီနဲ့ မတူတာက ဒီကလောင်းတွေအဖွဲ့က မိန်းမ၊ ကြီးကောင်ဝင်စမိန်းကလေးများနဲ့ အယ်လ်ဂျီဘီတီပလပ်ပလပ်စတဲ့ ဂျန်ဒါပေါ်မှာ၊ အရောင်၊ လူမျိုး၊ ဘာသာပေါ်မှာတိုက်ခိုက်သူတွေကို ပစ်မှတ်ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ကာမလာကြီးကို နယ်စပ်ကိုင်ခိုင်းတာ မသွားတာကို ပြောတော့ ကမ္ဘာမှာ ငါမရောက်ဖူးသေးတဲ့နေရာတွေ အပုံကြီးလို့ပြောတဲ့ဟီလာမက အခုလို သူတို့အာဂျင်ဒါနဲ့ကိုက်တာကိုတော့ ကြိုးစားပမ်းစား လုပ်ပြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အပေါက်အလမ်းတဲ့/မတဲ့နဲ့ ခုတ်ရာရှရာတွေလွဲတာကတော့ နောက်တပိုင်းပေါ့။
ကပ်ပိုးကကဆေးကို ပြင်းပြင်းထန်ထန် ဝေဖန်နေသူထဲက ထင်ရှားတဲ့ ဒေါက်တာဆီမုန်းဂိုလ်းကို ဇန်၆မှာ ကာပီတိုအဆောက်အဦထဲ ဝင်ရောက်မှုနဲ့ ထောင်ရက် ၆၀၊ ဒဏ်ငွေ ၉၅၀၀နဲ့ တနှစ်စောင့်ကြည့်ခံရမယ်လို့ ဆိုပါတယ်။ သူမက ဖောက်ဝင်တာမဟုတ်ပေမယ့် အစောင့်မရှိ လူတွေ ဥဒဟို ဝင်ထွက်နေကြတဲ့အချိန်မှာ အမှတ်တမဲ့ဝင်သွားလိုက်တာဖြစ်ပါတယ်။ သူမကတော့ ဝင်ခဲ့တဲ့အတွက် အပြစ်ရှိကြောင်း ဝန်ခံသွားပါတယ်။ ဝန်မခံရင် ဒီထက်ပြင်းတဲ့ပြစ်ဒဏ်နဲ့ ကြုံရနိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အက်ပ်စတိန်းရဲ့ လက်စွဲ ဂျစ်ရှ်လင်မက်ဆွဲလ်ဟာ အမှုရင်ဆိုင်နေရချိန်က တယောက်ခန်းမှာသီးသန့် နေခဲ့ရပေမယ့် ပြစ်ဒဏ်ချအပြီးမှာ သာမာန်ထောင်သားလို နေရတဲ့အတွက် ဒုက္ခမျိုးစုံနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။ ကံအားလျှော်စွာပဲ ပြောရမလား အဆင်သင့်လိုက်လေလို့ ပြောရမလား သူမကို (ကြေးစား)လုပ်ကြံဖို့ ခြိမ်းခြောက်သူက စာပို့ထားတယ်လို့ ဆိုတဲ့အတွက် သူမရှေ့နေက ထောင် အနှစ် ၂၀ကနေ ထောင် ၄နှစ် ၃လသာချဖို့ အသနားခံထားပါတယ်။ ခြိမ်းခြောက်သူထောင်ကျက ဂျစ်ရှ်လင်ကို သတ်ရင် သူရမယ့်ပိုက်ဆံက သူနောက်အနှစ် ၂၀ထပ်ကျရင်တောင် တန်တယ်လို့ ဆိုပါတယ်။ အဆိုပါခြိမ်းခြောက်သူကိုတော့ သီးသန့်တနေရာကို ပြောင်းထားလိုက်ပြီဖြစ်ပါတယ်။ အဲဒီလိုသာ ခြိမ်းခြောက်လို့ ထောင်ဒဏ်လျော့ပေးကြေးဆို တော်တော်ကောင်းတဲ့ ဂွင် ဖြစ်မှာပါပဲ။
ဝီကီလိခ်ဖောင်ဒါဖြစ်တဲ့ အော်ဇီက ဂျူလီယန်အဆန့်ချ်ကို ယူကေပြည်ထဲရေးဝန်ကြီး ပရီတီပတဲလ်က အမေရိကန်ကို လွှဲပြောင်းပေးဖို့ လက်မှတ်ထိုးထုတ်ပြန်လိုက်ပါတယ်။ ဒီမိုကရေစီစနစ်မှာ လူတွေက ကိုယ်ယုံကြည်တာကို ပြော/ရေး/ဖော်ထုတ်ခွင့်ရှိသလို အများပြည်သူနဲ့ ပတ်သက်နေတဲ့ ကိစ္စတွေမှာ ချွတ်ချော်နေတာမျိုးတွေရှိရင်လည်း ဖော်ထုတ်တင်ပြခွင့်ရှိပြီး၊ တင်ပြသူဂျာနယ်လစ်ဟာလည်း လုပ်ကြံလီဆယ်ပြီး တင်ပြတာမဟုတ်ခဲ့ရင် ဥပဒေရဲ့ အကာအကွယ်ကို ရသင့်တာဖြစ်ပါတယ်။ ဝီကီလိခ်က နိုင်ငံတကာက အရှုပ်ထုတ်တွေ ဖြစ်ရပ်တွေကို ဖော်ထုတ်ခဲ့တာဖြစ်လို့ နိုင်ငံ အဆန့်ချ်ကို အလိုရှိနေတဲ့နိုင်ငံတွေ မနည်းပါဘူး။ ၂၀၁၆ ရွေးကောက်ပွဲမတိုင်ခင်မှာ ဒီမိုကရက်ပါတီရဲ့ အီးမေးလ်တွေကို ဖောက်ချခဲ့ပြီး အီရတ်စစ်ပွဲ၊ အမေရိကန်သံတမန် ကြေးနန်းစာ ၂သိန်းခွဲ စသဖြင့်တို့ကို ဖောက်ချခဲ့တဲ့အတွက် ဒီပြန်ရောက်လာရင် မသက်သာလောက်ဘူးလို့ တွက်လို့ရပါတယ်။