ဇွန် ၂၅ ရက် ၂၀၂၂

မနေ့က ရိုးဗီဝိဒ် ကိုယ်ဝန်ဖျက်ချမှုဖြတ်ထုံးကို ပြောင်းပြန်လှန်ပေးလိုက်ပြီးနောက် ထင်ရှားတဲ့ ဒီမိုကရက်တွေရော မထင်မရှားတွေရော အမျိုးသမီးငယ်လေးတွေပါမကျန် သွေးဆူပေါက်ကွဲသံတွေ ညံသွားပါတယ်။ ပြည်တွင်းလုံခြုံရေး ဒီအိတ်ချ်အက်စ်က ကက်သလစ်ဘုရားကျောင်းတွေကို ဒေါပွနေတဲ့ ဆန္ဒပြသူတွေ မနေ့ညကစပြီး ရန်လာရှာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ သတိပေးလိုက်ပါတယ်။ တကယ်ဆို ပြည်သူကို လက်နက်မကိုင်စေချင်တဲ့ အစိုးရက ဖက်ဒရယ်၊ စတိတ်၊ ကောင်တီ၊ စီးတီးစတဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်က ရဲတွေနဲ့ လုံခြုံရေးစီစဥ်သင့်ပါတယ်။

ထင်ရှားသူတွေထဲမှာ ဟူစိန်အိုက တွဒ်တာကနေ ယောင်းမအကြီးစားနဲ့ မွှေပါတယ် – “ပြည်နယ်တွေမှာ ရွေးစရာမရှိအောင် ကိုယ်ဝန်ဖျက်ချတာကန့်သတ်တဲ့ ဥပဒေတွေထုတ်နေပြီ၊ သင်တုန့်ပြန်ချင်တယ် ဆိုရင် ဒီအဖွဲ့ ဒီအဖွဲ့တွေနဲ့ ဆက်သွယ်ပါ၊ အဲဒီလိုအဖွဲ့အများကြီးက ဟိုနှစ်ပေါင်းများစွာထဲက သတိပေးနေခဲ့တာ၊ ရှေ့ကို ဆက်ဖိုက်ဖို့လည်း ရှေ့တန်းက ဦးဆောင်သွားမှာ၊ သူတို့နဲ့ပေါင်း ကိုယ့်ဒေသမှာကိုယ်လှုပ်ရှား၊ ဗော်လန်တီယာလုပ်၊ အိမ်တံခါးတွေလိုက်ခေါက်ပြီး မင်းယုံကြည်တဲ့ (မင်းကြိုက်တဲ့ရွေးချယ်ခွင့်ကို ကာကွယ်ပေးမယ့်) ကိုယ်စားလှယ်အတွက် မဲဆွယ်၊ နိုဝင်ဘာ ၈ရက်(သို့) မတိုင်ခင်မှာ မဲပေး၊ ရွေးကောက်ပွဲတိုင်းမှာလည်း မဲပေး၊ ငါတို့အင်အားတောင့်မှ ငါတို့လိုချင်တာ ဖြစ်အောင်လုပ်နိုင်မယ်”လို့ ရေးပါတယ်။ အဓိကက ဘိုင်ဒန်ရဲ့ လူထုထောက်ခံမှု ကျဆင်းနေတော့ ဒီမိုကရက်တွေ အားထားရတဲ့ လူငယ်လေးတွေ မဲပေးဖို့ စိတ်မဝင်စားနေကြတာကို သွေးနွေးအောင် နွှေးပေးနေတာပါပဲ။ အမုန်း/ဒေါသနဲ့ သွေးဆူအောင်လုပ်ရ သွေးခွဲရတာက လွယ်တယ်လေ။

ဒီမိုကရက်တွေ မီဒီယာတွေက ဆူပရင်းကုတ်ဆုံးဖြတ်ချက်ကို အခွင့်ကောင်းယူပြီး ကွန်ဆာဗေးတစ် တွေကို မုန်းတီးအောင် ဘယ်လိုပဲ မီးပင့်ပေမယ့် လက်ဝဲစွန်းတွေရဲ့ အမျက်က ဟူစိန်အိုနဲ့ ရုသ်ဘေဒါ ဂင်းစ်ဘတ်တို့ပေါ် ကျရောက်သွားပါတယ်။ ဟူစိန်အို တက်ခါစက အသက်ကြီးပြီး ကျန်းမာရေး မကောင်းတော့တဲ့ တရားသူကြီးရုသ်ကို ဟူစိန်အိုက နားစေချင်လို့ စကားခေါ်ပေမယ့် ရုသ်က မနားခဲ့ပဲ ထရမ့်လက်ထက်ကျမှ သေဆုံးခဲ့လို့ သူ့နေရာကို ကွန်ဆာဗေးတစ်တရားသူကြီး အေမီကိုနေဘာရက်ကို ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ရုသ်က တခြားလစ်ဗြဲတရားသူကြီးတွေလိုပဲ ကိုယ်ဝန်ဖျက်ချတာ အားပေးပါတယ်။ ဟူစိန်အိုက ရုသ်ကို ရအောင်နားမချခဲ့တာအပြင် သူ့ပထမသက်တမ်းမှာ အိမ်ဖြူရော လွှတ်တော် ၂ရပ်လုံးမှာပါ ဒီမိုကရက်တွေ အပြတ်အသတ် အင်အားကောင်းနေချိန်ဖြစ်လျက်သားနဲ့ ရိုးဗီဝိဒ်ကို ဥပဒေအဖြစ် မပြဌာန်းနိုင်ခဲ့တာကို ဒေါပွနေကြတာဖြစ်ပါတယ်။

ရိုးဗီဝိဒ်ဆိုတာကို သိပ်မသိသေးသူတွေအတွက် အကျဥ်းရေးပြရရင် ၁၉၇၃တုန်းက အိမ်ထောင်မရှိသူ ကိုယ်ဝန်သည်​ နော်မာ မက်ကောဗီ (အမည်လွှဲ ဂျိန်းရိုး)နဲ့ တက္ကဆက်စ်ပြည်နယ် ဒါးလပ်စ်ကောင်တီက ခရိုင်အစိုးရရှေ့နေ ဟင်နရီဝိဒ်တို့ရဲ့ အမှုပါ။ ဂျိန်းရိုးရဲ့ ကိုယ်ဝန်ကို ဖျက်ချဖို့မှာ တက္ကဆက်စ်ဥပဒေအရ တရားမဝင်တာကြောင့် တရားဝင်ဖျက်ချခွင့်ရအောင် အဘောရှင်းသမားတွေ လှုပ်ရှားကြတာ ဖြစ်ပါတယ်။ ဂျိန်းရိုးက မဖျက်ချဖြစ်ခဲ့ပဲ ကလေးမွေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို အကြောင်းပြုပြီး ဖြစ်ခဲ့တဲ့အမှုက ဆက်တက်ခဲ့ပါတယ်။

ရိုးဗီဝိဒ်အမှုမှာ ထည့်သွင်းစဥ်းစားကြတာတွေက ကက်သလစ်အများစုက မျိုးအောင်ချိန်ကစလို့ အသက်ရှိတယ်လို့ သတ်မှတ်ကြတာ၊ ဂျူးအများစုက မွေးပြီးမှ အသက်ရှိတယ်လို့ ယူဆတာ၊ ဆရာဝန်တွေက အယူအမျိုးမျိုးရှိကြပေမယ့် အများစုက မမွေးခင်ထဲက အသက်ရှိတယ်ဆိုတဲ့ အယူအဆတွေအပေါ်မှာ အခြေခံတာပါ။ ဗိုက်ထဲက ကလေးကိုလည်း အသက်မရှိဘူးလို့ သတ်မှတ်သ၍ အခြေခံဥပဒေပါ အခွင့်အရေးတွေနဲ့ အကျုံးမဝင်ဘူးလို့ အဲဒီအချိန်က တရားရုံးက ယူဆပါတယ်။

မမွေးခင်ဆိုတာကို ၁၂ပတ် ၃ခုနဲ့ တိုင်းတာပြီး ပထမ၃လမှာ ပြည်နယ်တွေက ကိုယ်ဝန်ဖျက်ချချင်သူကို လိုင်စင်ရဆရာဝန်တဦးဦးနဲ့ စိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ ပြုလုပ်စေဖို့လို့ သတ်မှတ်ပေးတာကလွဲပြီး ဘာမှ ကန့်သတ်ခွင့် မရှိဘူးလို့ ဆုံးဖြတ်ပါတယ်။ ဒုတိယ ၃လပတ်မှာ ကိုယ်ဝန်သည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်နေရင် ပြည်နယ်တွေမှာ ကိုယ်ဝန်ဖျက်ချတာနဲ့ ပတ်သက်ပြီး ဥပဒေ ပြဌာန်းခွင့် ရှိကောင်း ရှိနိုင်တယ်လို့ ဆုံးဖြတ်ပေးထားပါတယ်။ တတိယ ၃လပတ်မှာတော့ လူဖြစ်လာနိုင်တဲ့သန္ဓေသားကို ကာကွယ်ဖို့က ပရိုက်ဗေစီထက် အရေးကြီး တာကြောင့် ကိုယ်ဝန်ဆောင်ရဲ့ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ ကိစ္စကလွဲလို့ ဖျက်ချတာကို တားမြစ်လို့ ရတယ်လို့ ဆုံးဖြတ်ပေးပါတယ်။

အဲဒီလို သတ်မှတ်ကြတဲ့ထဲမှာ ကိုယ်ဝန်သည်ရဲ့ ကျန်းမာရေးဆိုတာကို ကိုယ်၊ စိတ်ကျန်းမာရေးအပြင် ငွေကြေးဝန်ထုတ်ဝန်ပိုးနဲ့ လူမှုရေးနာမည်ဆိုးထွက်မှုတွေကြောင့် ဖြစ်ရတဲ့ စိတ်ဖိစီးမှုတွေကိုပါ အသိအမှတ်ပြုထားတာကြောင့် ကိုယ်ဝန် ၆လအထိ ဖျက်ချခွင့်ရှိသလို ဖြစ်နေတာပါ။ အခု အဲဒီဖြတ်ထုံးကို အဆုံးသတ်လိုက်တဲ့အတွက် တချို့တွေ မှိုင်းတိုက်နေသလို ကိုယ်ဝန်ဖျက်ချခွင့် အလိုလို ရပ်သွားမှာတော့ မဟုတ်ပဲ ပြည်နယ်တွေက ပြည်နယ်သူ/သားတွေ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကတဆင့် ဆုံးဖြတ်ပေးရတော့မှာပါ။ အနီပြည်နယ်တော်တော်များများမှာတော့ ချွင်းချက်အနည်းငယ်ကလွဲလို့ ကိုယ်ဝန်ဖျက်ချတာကို တားမြစ်သွားမယ်လို့ မျှော်မှန်းထားကြပါတယ်။

ကော်ပိုရေးရှင်းကြီးတချို့က သူတို့ဝန်ထမ်းတွေ တခြားပြည်နယ်မှာ သွားပြီး ကိုယ်ဝန်ဖျက်ချမယ်ဆိုရင် ခရီးစားရိတ်ခံမယ်လို့ ကြေငြာကြပါတယ်။ အခုလို ကိုယ်ဝန်တားနည်းမျိုးစုံလဲ ဈေးချိုချို ပေါပေါများများ ရှိနေပြီး ဗိုက်ထဲကကလေး လှုပ်ရှားတုန့်ပြန်တာတွေကိုလည်း အာလ်ထရာဆောင်းနဲ့ ကြည့်နိုင် သိနိုင်နေတဲ့ခေတ်မှာ ကိုယ်ဝန်ဖျက်ချတာကို အားပေးတာက တာဝန်ယူမှု တာဝန်ခံမှု မရှိတာကို အားပေးတာနဲ့ တူတူပါပဲ။ ဒါပေမယ့်လဲ အီးအက်စ်ဂျီအမှတ်တက်ဖို့အတွက် လက်ဝဲလမ်းစဥ်တွေကို လိုက်ယောင်ပေးဖို့ လုပ်ကြတာအပြင် အများယောင်တိုင်း လိုက်မယောင်ရင် ထိုးလာကြမယ့် လက်ညှိုးတွေ မျက်စောင်းတွေ အမနာပတွေကို ခံနိုင်ရည်မရှိကြတာလည်း ပါမှာပါ။

မနေ့က ဆူပရင်းမ်ကုတ်က ဆုံးဖြတ်ပေးလိုက်တာက ရိုးဗီဝိဒ်နဲ့ အလားတူတဲ့  ဒေါ့ဘ်စ်ဗီဂျက်ဆင်-အမျိုးသမီးကျန်းမာရေးအဖွဲ့အမှုကို ဆုံးဖြတ်ပေးရင်းနဲ့ ရိုးဗီဝိဒ်ကိုပါ မဲခွဲလိုက်တာ ဖြစ်ပါတယ်။ အဲဒီအမှုက ကိုယ်ဝန် ၁၅ပတ်အထက်ကို ဖျက်ချခွင့် ပိတ်ပင်ထားတဲ့ မစ်စစ်စစ်ပီဥပဒေအပေါ်မှာ အဆုံးအဖြတ်ပေးတာပါ။ အဲဒီဥပဒေကို အောက်ရုံးက ရပ်စဲလိုက်တဲ့အတွက် ဆူပရင်းမ်ကုတ်ကို တက်လာတာဖြစ်ပါတယ်။ အဆိုပါ မစ်စစ်စစ်ပီဥပဒေကို ၆-၃နဲ့ ဆက်လက်အတည်ပြုလိုက်ပြီး ရိုးဗီဝိဒ်ကိုတော့ ၅-၄နဲ့ ပြန်လှန်လိုက်တာပါ။ လျော့သွားတဲ့တယောက်ကတော့ ဗေဒင်မေးစရာမလိုပဲ ဂျွန်ရောဘတ်စ်မှန်း သိနိုင်ပါတယ်။   

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: