ဇူလိုင် ၈ ရက် ၂၀၂၂

ကမ္ဘာပေါ်မှာ သေနတ်ထိန်းချုပ်မှု အတင်းကျပ်ဆုံးတိုင်းပြည်တခုဖြစ်ပြီး သေနတ် အတို အရှည်အပြင် ဆာမူရိုင်းဓါးတွေပါ ကိုင်ခွင့်မရှိသလောက်ဖြစ်တဲ့ ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်သက်တမ်းအရှည်ဆုံး ဖြစ်ခဲ့တဲ့ ရှင်ဇိုအာဘေးကို ဂျပန်လူလတ်ပိုင်း အလုပ်လက်မဲ့တဦးက တော်တော်ကောင်းတဲ့ နှစ်ပြောင်းပူး လက်လုပ် သေနတ်ရှည်နဲ့ ဝဲရင်အုံကို အနောက်ဖက်ကတချက်၊ ညာလည်ပင်းကိုတချက် အနောက်ကနေ အနီးကပ် ပစ်သတ်ခဲ့ပါတယ်။ ပစ်ခတ်တဲ့သူက ထွက်ပြေးဖို့ မကြိုးစားသလို နိုင်ငံရေးအာဃာတကြောင့် သတ်တာမဟုတ်ပဲ သူမုန်းတဲ့အဖွဲ့တခုမှာ ရှင်ဇိုအာဘေးပါနေတယ်အထင်နဲ့ သတ်လိုက်တာဖြစ်ပါတယ်။ ဘာအဖွဲ့ဆိုတာကို ပြောမထားသလို တကယ်ရှိတဲ့အဖွဲ့လည်း ဟုတ်ချင်မှ ဟုတ်မယ်လို့ သိရပါတယ်။ ရှင်ဇိုအာဘေးကို ကျောကဖောက်သွားတဲ့ကျည်က နှလုံးကိုထိသွားလို့ သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးသွားတာလို့ ဆိုပါတယ်။ သွေးပိုင့်ပေါင်း ၁၀၀လောက် သွင်းပေမယ့် ဘီပီပြန်မတက်လာတော့လို့ ပစ်ခတ်မှုအပြီး ၅နာရီခွဲအကြာမှာ သေဆုံးကြောင်း ကြေငြာလိုက်ပါတယ်။

ဂျန်၆ကိစ္စမှာ အဓိကကျတဲ့ သက်သေတဦးဖြစ်တဲ့ အရင်တရားရေးဌာနက ရှေ့နေ ကန်ကလူကိုစကီက သူ့ကို ဂျန်၆ကော်မီတီက စွပ်စွဲလိုက်တဲ့ ၂၀၂၀ရကပရလာဒ်ကို ပြောင်းပြန်လှန်ဖို့ လှုပ်ရှားနေသူ ဆိုတာဟာ ခေါင်းစဥ်ရော အသေးစိတ်အချက်တွေပါ မှားယွင်းနေကြောင်း အစစ်ခံသွားပါတယ်။ ကော်မီတီဝင် ထရမ့်မုန်းသူလဇ်ချေနီက ထရမ့်က ကလူကိုစကီကို ခန့်လိုက်တာဟာ ရကပရလာဒ်ကို ပြန်လှန်ဖို့ အိစ်မန်က ခန့်လိုက်တာလို့ စွပ်စွဲပါတယ်။ ကလူကိုစကီကို တရားရေးဌာနမှာ ခန့်လိုက်တာက ရကပကိစ္စတွေကို စစ်ဆေးဖို့ မတောင်းဆိုကြခင် ၇လထဲကဖြစ်လို့ ချေနီပြောတာက လိမ်တာပါလို့ ထရမ့်ရှေ့နေတဦးဖြစ်တဲ့ အိစ်မန်က ဆိုပါတယ်။ ဂျန်၆ကော်မီတီက ထရမ့်နောက်တခါ မပြိုင်နိုင်အောင် ကလိမ်စေ့ငြမ်းဆင်ပြီး ပြည်သူ့ဘဏ္ဍာနဲ့ အမှုလုပ် အပြစ်ရှာနေကြတာဖြစ်ပါတယ်။

အီလီနွိုင်းပြည်နယ် ရှီကာဂိုနားက ဟိုင်းလန်းဒ်ပါ့ခ်မှာ ပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ချီတက်ပွဲမှာ ပစ်ခတ်မှုဖြစ်ခဲ့လို့ အနည်းဆုံးလူ ၇ဦး သေဆုံးသွားခဲ့ပါတယ်။ ပစ်ခတ်သူဟာ လက်ဝဲစွန်း လူငယ်လေး တဦးဖြစ်ပြီး သူ့ဖခင်ကို မီဒီယာတွေက သေနတ်ကိုင်တာလိုလားတဲ့ ဂျီအိုပီတဦးအဖြစ် တသံထဲ ပုံဖော်နေကြပါတယ်။ တကယ်က သူ့ဖခင်က ဒီမိုကရက်အဖြစ်နဲ့ မြို့ဝန်ရွေးကောက်ပွဲ​ ဝင်ခဲ့ဖူးသူဖြစ်ပြီး သေနတ်ထိန်းချုပ်ဖို့ဖက်က အခိုင်အမာရပ်တည်သူဖြစ်နေတာပါ။ ဒါပေမဲ့ မရိုးသားတဲ့ မီဒီယာတွေက အမှန်ကို လစ်လျူရှုပြီး သေနတ်ထိန်းချုပ်ချင်တဲ့၊ ဂျီအိုပီကို ပြည်သူကမုန်းစေချင်တဲ့ အာဘော်ကိုပဲ မျက်စိမှိတ်တွန်းနေကြတာပါ။

ဟိုင်းလန်းဒ်ပါ့ခ်ဆိုတာ ရှီကာဂိုနားက လူကုံထံတွေနေတဲ့ မြို့လေးဖြစ်ပြီး ဟုမ်းအလုန်းအပါအဝင် နာမည်ကြီးရုပ်ရှင်တွေ ဇတ်အိမ်တည်ရာနေရာဖြစ်ပါတယ်။ အဲဒီမြို့မှာလည်း အေအာ၁၅တို့ အေကေ၄၇ တို့လိုသေနတ်တွေ အိမ်ပြင်မှာ မကိုင်ဖို့ တားမြစ်ထားတဲ့ကြားထဲက အဲဒါမျိုးသေနတ်ပဲ သုံးပြီး လူသတ်သွားတာပါ။ ဥပဒေထုတ်တိုင်းသာ အားလုံးလိုက်နာကြမယ်ဆိုရင် ရဲတွေ ထောင်တွေ တရားရုံးတွေ ဘာလို့ လိုတော့မှာလဲ။

ဂျီအိုပီကို ပြည်သူက မုန်းစေချင်တယ်ဆိုလို့ ဆိုရှယ်မီဒီယာတခွင်မှာ ဂရုအသစ်တွေ စပွန်ဆာ အကောင့်သစ်တွေအများကြီးနဲ့ ပါးပါးရော ထူထူရော အကြီးအကျယ် မှိုင်းတိုက်ဝါဒဖြန့်နေကြပါတယ်။ ပူးသတ်တွေလို ဖြစ်မယ်ထင်ပါတယ်။ လူကြားကောင်းတာလေးတွေ ပြောတော့ လူတွေက လိုက်ခ်လုပ်ကြ၊ ဖော်လိုလုပ်ကြနဲ့ ဒါပေမဲ့ အာဘော်က လက်ဝဲကို ဇောင်းပေးထားတာတွေပါ။ ကလေးတွေ လူငယ်တွေသုံးတဲ့ အက်ပ်တွေမှာလည်း အများကြီး ရှိနေမှာပါ။ သတိနဲ့မဖတ်ရင် (သို့) ကိုယ့်မူနဲ့ပတ်သက်တဲ့ သဘောတရားတွေ မကျေညက်ရင် လွယ်လွယ် ပါသွားနိုင်ပါတယ်။

ဆက်စပ်ပြောရရင် အီလွန်က တွဒ်တာကို မဝယ်ဖြစ်တော့ဘူးဆိုတာလည်း အဲဒီအကြောင်းတွေ အများကြီး ပါနိုင်ပါတယ်။ တွဒ်တာက အကောင့်အစစ်တွေ ဘယ်လောက် ဘော့အကောင့်တွေ ဘယ်လောက်ဆိုတာ သက်သေပြဖို့ တွန့်ဆုတ်နေသလို ဖဘနဲ့အပြိုင်ပဲ ကွန်ဆာဗေးတစ်အသံတွေကို ပက်ပက်စက်စက် နှိမ်နှင်းလာနေပါတယ်။ ဂျော်ဒန်ပီတာဆန်ရဲ့ သာမာန်စကားတခွန်းကို ပြန်ပြင်ခိုင်းပြီး မပြင်မချင်း အကောင့်ပြန်သုံးခွင့်မပေးဘူးလို့ လုပ်တာပါ။ ဘေဘီလုံဘီးကို လုပ်သလိုပါပဲ။ ဂျော်ဒန်ပီတာဆန်က အသေပဲခံမယ်၊ ငါမမှားတာ မပြင်ပေးနိုင်ဘူးဆိုတော့ ဘန်းချင်လို့ ထောင်ချောက်ဆင်တဲ့ သဘောပဲ ဖြစ်မှာပါ။ ရွေးကောက်ပွဲနှစ်မှာ သူတို့အခြေမလှနိုင်တာလည်း ထင်ရှားလာတော့ တွဒ်တာလို ကွန်ယက်ကို လက်ဝဲသမားတွေ လက်လွှတ်ဖို့ သိပ်ခက်ပါလိမ့်မယ်။  

အမေရိကန်ပြည်နယ်အစိုးရတွေက တရုပ်အစိုးရပိုင် စက်ရုံတွေက ထုတ်လုပ်ပြီး ဈေးသက်သာတဲ့ လီနိုဗိုနဲ့ လက်စ်မာ့ခ်အမှတ်တံဆိပ် ကွန်ပြူတာပစ္စည်းတွေကို သုံးစွဲနေကြတာက နိုင်ငံတော်လုံခြုံရေးကို အကြီးအကျယ်ထိပါးနေတယ်လို့ အင်တာနက်စီးပွားရေး၊ ပေါ်လစီနဲ့ လုံခြုံရေးပညာရှင် ရိုစ်လင် လေတန်က အဲပုခ်တိုင်းမ်စ်က ရိုမန်ဘောလ်မာကော့ဗ်နဲ့ ဆွေးနွေးထားပါတယ်။ တရုပ်လုပ်ကွန်ပြူတာ ပစ္စည်းတွေကို ဖက်ဒရယ်အဆင့်မှာ မသုံးဖို့ တားမြစ်ထားပေမယ့် ပြည်နယ်အစိုးရတွေက ဘယ်ဟာ အန္တရာယ်ရှိနိုင်တယ်၊ ဘယ်ဟာသုံးသင့်တယ်ဆိုပြီး ကိုးကားစရာ မရှိတဲ့အတွက် ဆိုင်ဘာကျူးကျော်မှ ုခံရဖို့ လွယ်ကူနေတာပါ။

ပြည်နယ်တွေမှာ ပြည်သူ့အချက်အလက် အများဆုံးလည်းပါဝင်ပြီး ပြည်ပ လွှမ်းမိုးချယ်လှယ်မှု အခံရနိုင်ဆုံးကတော့ ယာဥ်မောင်းလိုင်စင်တွေ အိုင်ဒီတွေနဲ့ ချိတ်ထားတဲ့ မဲပေးသူဒေတာတွေပဲ ဖြစ်ပါတယ်။ အဲဒီဒေတာတွေကို လီနိုဗိုနဲ့ လက်စ်မာ့ခ်တို့က အလွယ်တကူပဲ တရုပ်အစိုးရဆီ လွှဲပြောင်းပေးနိုင်နေတာပါ။ ဒေတာတွေတင်မက ကဗကကဆနဲ့ ကုသဆေးမှာပါတဲ့ အစိတ်အပိုင်းတွေနဲ့ စစ်ဆေးတဲ့ကစ်တွေ ကလည်း တရုပ်ကလာတာပဲဖြစ်လို့ လုံခြုံရေးအရ စိုးရိမ်စရာ ဖြစ်တယ်လို့ ရိုစ်လင်က ဆိုပါတယ်။

အစားအသောက်ဈေးတွေ ခေါင်ခိုက်နေတဲ့ အမေရိကန်မှာ မွေးမြူရေးသတ္တဝါတွေအတွက် ကျွေးစရာ အနှံတွေ ဝယ်လို့မရနေပဲ ရှိတဲ့လက်ကျန်တွေလည်း ပြတ်လပ်တော့မယ့်အနေအထား ဖြစ်နေတယ်လို့ အက်ဂ်ဝက်ဘ်ကို ကိုးကားပြီး ဝက်စတန်ဂျာနယ်မှာ ဖော်ပြထားပါတယ်။ အဲဒီအနေအထားက ဒီဆောင်းဦးမှာ ရထားပြဿနာတွေဖြစ်လာရင် ပိုဆိုးလိမ့်မယ်လို့ စိုးရိမ်နေကြပါတယ်။ အနှံပို့ဆောင်တဲ့ ရထားလိုင်းတွေမှာ ဝန်ထမ်းအင်အားက ကပ်ပိုးမစခင်ကထက် ၂၅ရာနှုန်း လျော့သွားပြီး ကပ်ကာလ အတွင်း လုပ်သားအင်အား ပိုလျော့လာတာဖြစ်ပါတယ်။ အဲဒါကြောင့် စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ မြေဩဇာ၊ မွေးမြူရေးအတွက် လိုအပ်တဲ့ တိရိစ္ဆာန်အစာ၊ စတာတွေမှာ ဝယ်ရခက်တာက တပိုင်း၊ ပို့ဆောင်ရေးခက်ခဲနေတာက တစ်ပူပေါ် နှစ်ပူဆင့်နေတာပါ။ ဘိုင်ဒန့်ပို့ဆောင်ရေးဝန်ကြီး ပိဘူဒဂျပ် ကတော့ ကြောင့်ကြမဲ့ ပုလွေမှုတ်လို့ ကောင်းတုန်းပါပဲ။

မွေးမြူရေးသတ္တဝါတွေ စားစရာမရှိလို့ သေကုန်ကြရင် အခုခေါင်ခိုက်နေတဲ့ အစားအစာဈေးတွေက အင်္ဂါဂြိုလ်ကို ရောက်သွားပါလိမ့်မယ်။ ယူကရိန်းကထွက်တဲ့ အနှံတွေကိုတော့ ရုရှားက သိမ်းပိုက်ပြီး အရှေ့အလယ်ပိုင်းက သူ့မဟာမိတ်တွေဆီ ပို့နေပါတယ်။  

ဘိုင်ဒန်အစိုးရအနေနဲ့ ခိုးဝင်တွေကို တာဝန်ရှိသူတွေက ဖမ်းဆီး၊ ချုပ်နှောင်၊ ပြန်ပို့ရမယ်ဆိုတဲ့ ဖက်ဒရယ်ဥပဒေတွေကို လစ်လျူရှုမထားရပါဘူးလို့ အယူခံရုံးက အဆုံးအဖြတ် ပေးလိုက်ပါတယ်။ ဘဒရဲ့ ပြည်ထဲရေးဝန်ကြီး မယောကာ့စ်က ဖယ်ရှားလို့ရတယ်ဆိုတာနဲ့တင် မဖယ်ရှားသင့်သလို လဝကကလည်း အပြစ်ပေးတာတခုထဲနဲ့ မဆုံးဖြတ်သင့်ဘူးလို့ ဆိုပါတယ်။ စကားတတ်တိုင်း လျှောက်ပြောနေပေမယ့် အဲဒီလူတွေအတွက် ကုန်ကျစရိတ်တွေ၊ နောက်ဆက်တွဲဆိုးကျိုးတွေကို ပြည်သူတွေကပဲ ခံကြရတာပါ။ မသိသေးတဲ့သူတွေကို ရှင်းပြရရင် တကယ်ခိုလှုံခွင့်လိုတဲ့သူက လိုအပ်တဲ့ အထောက်အထား ပြနိုင်ရင်၊​ပြည်တွင်းမှာ လိုအပ်နေတဲ့ လုပ်သားမျိုး စတာတွေဆိုရင် ခိုးဝင်စရာ မလိုအပ်ပါဘူး။ ဖမ်းတယ် ပြန်ပို့တယ်ဆိုတာလည်း ရာဇဝတ်မှု အကြိမ်ကြိမ်ကျူးလွန်သူ တွေကိုပါ။ သန်းဆယ်ဂဏန်းရှိတဲ့ တရားမဝင်တွေကို ဘယ်သူမှ ခြင်ထောင်လှန် လူမစစ်ပါဘူး။

ကယ်လီဖိုးနီးယားဟာ အမေရိကန်မှာ ကော်ပိုရိတ်ဒေတာချိုးဖောက်မှု အဆိုးဆုံးပြည်နယ်ဖြစ်ပြီး ဘီလီယံနဲ့ချီပြီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ ၂၀၁၇-၂၀၂၁အတွင်းမှာ ဆုံးရှုံးမှု ၈၁သန်းရှိခဲ့ပြီး ချိုးဖောက်မှု အကြိမ်ရေ ၇၀ရာနှုန်း ကျဆင်းသွားပေမယ့် ဆုံးရှုံးတဲ့ပမာဏက ၂၅၃ရာနှုန်း တက်လာပါတယ်။ ဆုံးရှုံးမှုအများဆုံးချိုးဖောက်မှု ၅ခုက အီးမေးလ်၊ ယုံကြည်မှု/အချစ်ရေး လိမ်လည်မှု၊ ရင်းနှီးမြှုပ်နှံမှုဒေတာ၊ အွန်လိုင်းရောင်းသူတွေ ပိုက်ဆံမရတာနဲ့ ဝယ်သူတွေ ပစ္စည်းမရတာ၊ အိမ်ငှားတာတွေ ဖြစ်ပါတယ်။ အက်ဖ်ဘီအိုင်က ကိုယ့်ကိုယ်ပြူတာ၊ နက်ဝေါ့ခ်၊ ကိုယ်ရေးအချက်အလက်တွေ လုံခြုံအောင် ဘယ်လိုထားသင့်တယ်ဆိုတဲ့ အကြံပြုချက်တွေ ပေးထားတယ်လို့ ဆိုပါတယ်။

ကယ်လီဖိုးနီးယားဂါဗာနာ နယူဆမ်က အင်ဆူလင်ဈေးတွေကြီးလို့ သူ့ပြည်နယ်မှာ ကိုယ်ပိုင်အင်ဆူလင် ထုတ်တော့မယ်လို့ ပြောသွားပါတယ်။ အဲဒီလိုထုတ်ဖို့အတွက် ဆေးဖော်စမ်းသပ်ဖို့ သန်း၅၀ လျာထားပြီး နောက်ထပ် သန်း၅၀က စက်ရုံဆောက်ဖို့နဲ့ ဆပ်ပလိုင်းချိန်းတည်ဆောက်ရာမှာ သုံးမယ်လို့ ဆိုပါတယ်။ ဂွင်ဖန်တယ်လို့ ဆိုရမလားပါပဲ။ ထရမ့်လက်ထက်ကတော့ ဆေးကုမ္ပဏီကြီးတွေနဲ့ အပြင်းအထန် ညှိပြီး ဈေးသက်သာအောင် လုပ်ပေးဖို့ စီစဥ်ခဲ့ပါတယ်။ အစိုးရအပြောင်းအလဲမှာ အဲဒီအစီအစဥ်လဲ ချောင်ထိုးခံရတဲ့ထဲ ပါသွားတယ်ထင်ပါရဲ့။ အစက စလုပ်တာနဲ့စာရင် ဆေးကုမ္ပဏီကြီးတွေနဲ့ ညှိလိုက်တာက အများကြီး တွက်ခြေကိုက်မှာပါ။ ကိုယ့်ပိုက်ဆံ မဟုတ်တော့လည်း တမျိုးပေါ့လေ။ ဟိုင်းစပိရထားလမ်း ဖောက်သလိုပဲ နှစ်တိုင်း ပိုထဲ့လိုက် မလောက်လိုက် တိုးပေးလိုက်နဲ့ နောက်ဆုံး ဘာမှ ဟုတ်တိပတ်တိ ဖြစ်မလာပေမယ့် မိသားစုအစဥ်အဆက် ချမ်းသာလာတာလည်းမဟုတ်၊ အစိုးရလစာ မဖြစ်စလောက်နဲ့ လူတွေ သူဌေးဖြစ်ကုန်ကြတာ နယူဆမ်တို့ ပလိုးစီတို့ ဘိုင်ဒန်တို့ ဟူစိန် ကာမလာ အကုန်လုံးပါပဲ။  

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: