၂၀၂၂ ဇူလိုင် ၁၂ရက်နေ့ ညနေမှာ ဆရာဦးသာနိုးဆုံးသွားတယ်လို့ သိရပါတယ်။ ဆရာ့ရဲ့ အင်္ဂလိပ်စာသင်တန်းကို ၁၀တန်းအောင်ပြီးတုန်းက စတက်ဖြစ်တာပါ။ ဆရာက ချည်သားရှပ်အင်္ကျီအဖြူလက်ရှည်နဲ့ ရခိုင်လုံချည်ကို အမြဲဝတ်တတ်သူဖြစ်ပြီး ပိုး ဖဲ တွေနဲ့စာရင် သူကတော့ cotton ချည်သားလေးတွေပဲ ကြိုက်ကြောင်း ပြောလေ့ရှိတာ မှတ်မိပါတယ်။
ဆရာ့ဆီမှာ စတက်တုန်းက တခြားသင်တန်းတွေနဲ့ မတူတာတခု သတိထားမိပါတယ်။ ကျူရှင်ကျောင်းတွေ တွေ့ဖူးသလောက်က စာသင်ခန်းထဲမဝင်ခင် ကျောင်းလခပေးတဲ့ စာအုပ်ရောင်းတဲ့ စားပွဲတွေကို ဖြတ်လာရပါတယ်။ မှတ်မိသလောက် ဆရာ့စာသင်ခန်းမှာတော့ ကျောင်းလခ ပေးရမယ့်ရက်ဆို တကူးတက သွားရတဲ့ အခန်းဒေါင့်က ဆရာ့ဆီပဲ တိုက်ရိုက်သွားပေးကြပြီး ဆရာကလည်း သေချာစာရင်းနဲ့ မှတ်နေတာမျိုးမဟုတ်သလို မော့တောင် မကြည့်ပါဘူး။ နောက်တော့မှ ဆရာကတော်က ဘေးက ပံ့ပိုးပေးတဲ့အတွက် ဆရာက ငွေမကိုင် စာရွက်မဝေတော့ပဲ စာသင်တာ အမှတ်ခြစ်တာသက်သက်ပဲ လုပ်ပါတော့တယ်။ အဲဒီမှာ နားလည်လိုက်တာက ဆရာက စာသင်ချင်လို့ကို သင်နေတာလို့ပါ။
အဲဒီတုန်းက ဆရာက မြေဖြူနဲ့သင်တုန်းပါ။ မြေဖြူမှုန့်ကြောက်လို့ အလယ်ရှေ့ဆုံးတန်းကို ရှောင်ထိုင် ဖြစ်ပါတယ်။ ဒါပေမယ့် စာအုပ်ထပ်လို့လွယ်အောင်နဲ့ အမှတ်ခြစ်ပြီး ချက်ချင်းပြန်ယူလို့ရအောင် ဆရာ့စားပွဲရှေ့ ဒုတိယတန်းလောက်မှာ ထိုင်လေ့ရှိပါတယ်။ တခါတော့ အနောက်ဖက်က ကျောင်းသားများ စာသင်ချိန်စကားပြောနေကြလို့ ဆရာဒေါပွပြီး ဆူလိုက်တာ တခါကြုံဖူးပါတယ်။ အဲဒီနောက်ပိုင်း ဆရာစာသင်တုန်း ဘယ်သူမှ စကားမပြောကြတော့တာ သတိထားမိပါတယ်။
ဆရာပြောခဲ့တာတွေထဲမှာ သူက စကားပြောမသင်ချင်ဘူး၊ လူတွေက ရှက်သလို ကြောက်သလိုနဲ့ စကားပြောဖို့ တွန့်နေကြတော့ စကားပြောသင်ရတာ အဆင်မပြေဘူးဆိုတာမျိုး ပါပါတယ်။ ဆရာသင်တဲ့ထဲမှာ ခုထိ မှတ်မိနေတာတခုက မြန်မာရဲ့ အစနဲ့ပတ်သက်တဲ့ ဆောင်းပါးတပုဒ်အကြောင်း သင်တာဖြစ်ပါတယ်။ အဲဒီထဲမှာ မြန်မာဆိုတာ တရုပ်ပြည် ကန်စုဆိုတဲ့ နယ်ဖက်က မြင်းစီးသိပ်ကျွမ်းတဲ့ မြန်းလူမျိုးတွေကနေ တောင်ဖက်ကို ရွှေ့ပြောင်းအခြေချလာတာလို့ ဖတ်လိုက်ရပါတယ်။
နောက်အမှတ်တရတခုက ကျမနာမည်ပါ၊ ဥမ္မာကို Omma နဲ့ ပေါင်းပေးခဲ့တာပါ။ အဲဒီလိုပေါင်းတော့ ဒီကလူတိုင်း နာမည်မှန်ခေါ်တတ်တာ တွေ့ရပါတယ်။ မြန်မာတွေပေါင်းလေ့ရှိသလို Ohနဲ့စတာတွေက မြန်မာမဟုတ်သူတွေ အသံထွက်ဖို့ ခက်ကြပါတယ်။
ဆရာ့ဆီမှာ တက်ခဲ့တာ နှစ်အကြာကြီးမဟုတ်ပေမယ့် ဆရာက အင်္ဂလိပ်စာသင်ရင်းနဲ့ ဗဟုသုတလေးတွေ အတွေးအခေါ်လေးတွေပါ ကျွဲကူးရေပါ သင်သွားတာကို သတိထားမိပါတယ်။ စာသင်တာလည်း ဝတ်ကျေတန်းကျေမဟုတ်ပဲ ဟက်ဟက်ပက်ပက် အားရပါးရ သင်တတ်တာ ဆရာ့ပုံစံပါပဲ။ နောက်ပိုင်း ကျောင်း ၃နှစ်ပိတ်ချိန်မှာ အဘိဓမ္မာဘက်လှည့်သွားထဲက ဆရာ့သင်တန်းတွေဆီ မရောက်ဖြစ်တော့တာပါ။
ဆရာ့ကို အကြမ်းဖျဥ်း ကဗျာဆရာ၊ စာရေးဆရာ၊ အင်္ဂလိပ်စာဆရာ၊ လက်ဝဲသမားလို့ပဲ သိထားခဲ့တာပါ။ ဆရာ့ကို လက်ဝဲသမားလို့ပဲ သိထားတော့ ခုထိ လက်ဝဲဝါဒ ဆုပ်ကိုင်ထားသေးလား ဆိုတာကိုတော့ သိချင်နေခဲ့ပါတယ်။ မကြာသေးမီကမှ ဆရာရဲ့ ကာလီနတ်သမီးသို့တမ်းခြင်းအကြောင်း ရေးထားတာကို ဖတ်လိုက်ရတော့ ဆရာ လက်ဝဲအယူကို စွန့်လွှတ်ခဲ့တာ ၁၉၈၄ထဲကဆိုတာ သိလာရပါတယ်။
ဆရာနိုးက နွမ်းပါးသူတွေကို စာနာတတ်တဲ့ ဟိုခေတ်က စာရေးဆရာတွေတော်တော်များများအတိုင်း မာ့က်စ်ဝါဒကို နှစ်သက်ယုံကြည်ခဲ့တာ အထင်အရှားပါပဲ။ ဒါပေမယ့် ပတ်ဝန်းကျင်အပေါ် သဘာဝအပေါ် ကမ္ဘာ့ဖြစ်ရပ်တွေအပေါ် လေ့လာမှု မလျှော့တဲ့အတွက် သူနဲ့ ခွဲမရခဲ့တဲ့ စနစ်တခုရဲ့ ဆိုးကျိုးတွေကို သိမြင်လက်ခံလာပြီးတဲ့နောက် သူသိပ်ချစ်ခဲ့တဲ့ စနစ်ကို ကွာရှင်းပစ်နိုင်ခဲ့ပါတယ်။ ဒီလိုလုပ်ဖို့ဆိုတာ အရှိကို အထင်နဲ့ မဖုံးကွယ်ပဲ အရှိအတိုင်းမြင်ဖို့၊ အမှန်ကို အတ္တနဲ့ မဖိမိအောင်၊ မာနနဲ့ တင်းမခံဖြစ်အောင် သတိထားနိုင်ဖို့ လိုပါတယ်။ တော်ရုံလူ လုပ်နိုင်ခဲတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒါကိုကြည့်ရင် ဆရာနိုးက စာပေအလှကို ခံစားတတ်သလောက် ခံစားချက်နဲ့ ခံယူချက်ကို မရောထွေးအောင် ထိန်းနိုင်ခဲ့သူအဖြစ် ပိုမို လေးစားကြည်ညိုမိပါတယ်။
အမေရိကန်မှာလည်း နာမည်ကြီးစာရေးဆရာလဲဖြစ် နိုင်ငံရေးနဲ့ စီးပွားရေးပညာရှင်လဲဖြစ်တဲ့ ဒေါက်တာ သောမတ်စ်ဆိုးလ်ကလည်း ငယ်ငယ်က ရဲရဲတောက်မာ့က်စ်ဝါဒီတဦးပါ။ သူကို မာ့က်စ်ဝါဒီကို ဘာကြောင့်စွန့်လွှတ်လိုက်တာလဲလို့ မေးရင် သူက အမှန်တရား Facts တွေကြောင့်ပါလို့ ပြန်ဖြေပါတယ်။ သင်ခန်းစာက အရည်အချင်းရော နှလုံးသားပါ တကယ်ပြည့်ဝသူတွေက ဘယ်ဟာကိုမှ တရားသေဆုပ်ကိုင်မထားပဲ မကောင်းဘူးလို့ သိလိုက်တာနဲ့ လွှတ်ချဖို့ ဝန်မလေးသူတွေဖြစ်တယ်ဆိုတာပါ။
ဆရာရေးခဲ့တဲ့ ဆောင်းပါးတွေထဲက မြန်မာစာ ဆင်းရဲကြပုံများကို ဖတ်မိလိုက်တော့ မရည်ရွယ်ပဲ မြန်မာလိုစာတွေ ရေးဖြစ်နေတဲ့ ကျမစာတွေတွေ့ရင် ဆရာ စိတ်များပျက်သွားမလားလို့ တွေးမိပါတယ်။ ကျမက မြန်မာပြည်မှာမွေး မြန်မာပြည်မှာကြီးပေမယ့် ၁၀တန်းအောင်ပြီးထဲက အင်္ဂလိပ်လိုပြောသင်တဲ့ မေဂျာနဲ့ ဘွဲ့လွန်ပဲ တက်ဖြစ်ခဲ့တာဖြစ်ပြီး ဝတ္ထုဖတ်/ရုပ်ရှင်ကြည့်လေ့မရှိပဲ ကမ္ဘာ့အရေးပဲ အဖတ်များသူ ဖြစ်တဲ့အလျောက် မြန်မာစာပေနဲ့ သိပ်မနီးစပ်ခဲ့ပါဘူး။ ခုတော့လဲ မြန်မာလို ရေးဖြစ်နေပြီဆိုတော့ အသုံးအနှုန်းနဲ့ စာလုံးပေါင်းကို အဆင်ပြေအောင် ပိုဂရုစိုက်ဖို့ ဆရာ့ဆောင်းပါးက သတိပေးနေပါပြီ။ ဆရာ့စိတ်ဓါတ်ကို ချစ်လို့ရော မြန်မာတယောက်ဖြစ်လို့ရော ပိုဂရုပြုပါမယ်ဆရာ။ ဆရာနိုး ဘဝသစ်မှာ စိတ်သစ် ခန္ဓာသစ်နဲ့ ပိုခံ့ငြားလှပတဲ့ သမိုင်းသစ်တွေ အားရပါးရ ချထားနိုင်ပါစေ။