သီရိလင်္ကာပြီးတော့ ဘယ်နိုင်ငံတွေ ဒေဝါလီခံဖို့ နီးပြီလဲ

တရုပ်ရဲ့ ကြီးမား၊ အကုန်အကျများပြီး တွက်ခြေမကိုက်တဲ့ စီမံကိန်းတွေကို လက်ခံခဲ့ကြတဲ့ နိုင်ငံတွေ တဖြည်းဖြည်းနဲ့ မရှုနိုင်မကယ်နိုင် ဖြစ်လာကြပါပြီ။ အရင်က နိုင်ငံခြားကုမ္ပဏီတွေရဲ့ စီမံကိန်းတွေက နှစ် ၃၀ စာချုပ်ကြတာများပြီး တွက်ခြေကိုက်ခဲ့ကြပါတယ်။ တရုပ်က နောက်ပိုင်းမှာ စီမံကိန်း အကြီးကြီးတွေ အဆိုပြုပြီး အနှစ် ၉၉နှစ် စီမံကိန်းတွေ လုပ်လာကြပါတယ်။ အဲဒီလိုစီမံကိန်းတွေ အများစုကလဲ သူတို့ရဲ့ ခါးပတ်လမ်းစီမံကိန်းအတွက် ဆောက်တာပါ။ ခါးပတ်လမ်းကြီး အကောင်အထည်ပေါ်လာရင် ဘယ်လောက်တောင် ပိုက်ဆံရမယ်၊ အလုပ်အကိုင်တွေ ပေါမယ် စတာတွေနဲ့ ဆွဲဆောင်ကြလို့ ကျသွားတာတွေ ရှိသလို စီမံကိန်းကြီးလေ အဆင့်ဆင့်ဝိုက်ပြီး စောရသူဌေး အမြန်ဆုံးဖြစ်နိုင်လို့ လက်ခံပေးကြတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။

လာဘ်မစားဘဲ ပြည်သူကို အလေးထားတဲ့ အစိုးရတွေမှာသာ တရုပ်နဲ့ အကျေအလည်ညှိနှိုင်းပြီး တိုင်းပြည်/ပြည်သူ နစ်နာနိုင်တဲ့ အချက်တွေကို ဖော်ထုတ်တားဆီးပြီး တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်မယ့် အချက်တွေကို မပါမဖြစ် လုပ်ပေးကြဖို့ လုပ်ဆောင်နိုင်ကြတာပါ။ ခြစားမှုရှိတဲ့တိုင်းပြည်တွေ မှာတော့ အကျင့်ပျက်ခေါင်းဆောင်တွေ/ အရာရှိတွေက ကိုယ်ရမယ့်ဝေစုကို ပိုအလေးထားကြလို့ ပြည်သူ/တိုင်းပြည်အတွက် ဘယ်လောက်ထိခိုက်တယ်ဆိုတာက ဦးစားပေး မဟုတ်တော့ပါဘူး။ တခါလာဘ်ယူထားပြီးရင် အဖော်ခံရမှာစိုးတဲ့ အားနည်းချက်ရှိသွားပြီဆိုတော့ တဖက်စောင်းနင်းကြီး စာချုပ်ရင်တောင် ပြန်ပြောနိုင်တဲ့ အခြေအနေ မရှိတော့ပါဘူး။ အဲဒီလိုကွာတာကို ၂၀၁၇မတိုင်ခင်နဲ့ ၂၀၁၇နောက်ပိုင်း မြန်မာပြည်နဲ့ အမေရိကန်မှာ အထင်အရှား တွေ့နိုင်ပါတယ်။

သီရိလင်္ကာဒေဝါလီခံလိုက်ရပြီးတဲ့နောက် အလားတူ အဖြစ်မျိုးတွေ ၉နိုင်ငံမှာ မကြာမီ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ လာအို၊ မြန်မာ၊ တူရကီ၊ လက်ဘနွန်၊ ဇင်ဘာဘွေ၊ အီဂျစ်နဲ့ အာဂျင်တီးနားနိုင်ငံတွေ ဖြစ်ပါတယ်။

လာအိုရဲ့ အမြန်ရထားစနစ်တည်ဆောက်တာက ၅.၉ဘီလီယံ ကုန်ကျခဲ့ပြီး အကြွေးမဆပ်နိုင်ခဲ့ရင် လာအိုရဲ့ ပိုတက်ရှ်၊ ဘောက်ဆိုဒ် စတဲ့ သဘာဝ တွင်းထွက်တွေ သူတို့ကို ပေးရမယ်လို့ စာချုပ် ထားတာပါ။ ၂၀၂၁-၂၀၂၅အတွင်း လာအိုက သူ့ပြည်တွင်းတနှစ်ဝင်ငွေရဲ့ တဝက်ကို အဲဒီစီမံကိန်းအတွက် တရုပ်ကို ဆပ်ရမှာပါ။ ၂၀၂၁မှာ သဘာဝတွင်းထွက် တန်ချိန် ၅သန်းကို တရုပ်ဆီကအကြွေးနဲ့ ဖောက်တဲ့ရထားလမ်းကနေ တရုပ်ပြည်ကို ပို့ပြီး အကြွေးဆပ်ခဲ့ရပါတယ်။ လာအိုထုတ်ကုန် တွေကို အဝယ်ဆုံးနိုင်ငံကလည်း တရုပ်ပါပဲ။ အခုလို တရုပ်ပြည်စီးပွားကြပ်နေတဲ့အခါမျိုးမှာ သွင်းကုန်လျော့ချလိုက်ရင် ပိုနာမယ့်သဘောဖြစ်နေပါတယ်။

ပါကစ္စတန်မှာလည်း တရုပ်အပေါ် တင်နေတဲ့ အကြွေးတွေထဲမှာ ၁.၅၉ဘီလီယံက ပေးဖို့ နောက်ကျနေတဲ့အတွက် တရုပ်က ဓါတ်အားပေးစက်ရုံတွေ ပိတ်ပစ်နေပါတယ်။ အဲဒါကြောင့် ပါကစ္စတန်ကလူတွေလည်း မီးအလှည့်ကျဖြတ်တာတွေနဲ့ ရင်ဆိုင်နေရတာပါ။ ပါကစ္စတန်ကလူတွေက တရုပ်တွေကို စိတ်နာလွန်းလို့ ကရာချိက တရုပ်နိင်ငံသားတွေကို ဗုံးခွဲတာတွေအထိတောင် လုပ်နေပါတယ်။ သမ္မတက တရုပ်ကို ချွေးသိပ်ထားတဲ့အတွက် ၂.၃ဘီလီယံ ချေးငွေထပ်ရတယ် လို့တော့ ဆိုပါတယ်။ ကြွေးမဆပ်နိုင်တဲ့နိုင်ငံကို ထပ်ချေးပေးတယ်ဆိုတာက တော်ရုံပေးဆပ်မှုနဲ့ ရမှာမဟုတ်တဲ့အတွက် ဘယ်လောက်တောင် လိုက်လျောလိုက်ရသလဲဆိုတာ သိချင်မိပါတယ်။

တရုပ်ကြွေးယူခဲ့တဲ့နိုင်ငံတွေက လုပ်ကြံကပ်ပိုးကြောင့် စီးပွားရေးတွေ၊ ခရီးသွားနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ အကြီးအကျယ်ထိခိုက်ခဲ့တဲ့အပြင် ယူကရိန်းစစ်စပြီး ခါးပတ်လမ်းအစီအမံကလည်း လမ်းပျောက်< လောင်စာ၊ အစားအစာစတဲ့ လူလုပ်အကြပ်အတည်းတွေ ရှိနေတဲ့အတွက် ကြွေးဆပ်နိုင်ဖို့အလားအလာက သိပ်မရှိနေပါဘူး။ ကနေ့အထိ ခါးပတ်လမ်းစီမံကိန်းထဲပါလို့ ချမ်းသာသွားတဲ့နိုင်ငံမရှိပဲ ကြွေးတွေ ဒုက္ခတွေ ပိနေတဲ့ နိုင်ငံတွေချည့် ဖြစ်နေတာပါ။

တရုပ်နဲ့ စီမံကိန်းတွေ စာချုပ်မချုပ်ခင် risk တွေကို ထည့်တွက်ဖို့က အရေးကြီးပေမယ့် အဲဒါကလည်း အစိုးရနဲ့ အရာရှိထိပ်ပိုင်းအဆင့်ဆင့်ကလူတွေရဲ့ အရည်အချင်းနဲ့ ကိုယ်ကျင့်တရားပေါ်မှာ မူတည်နေတာပါ။ မြန်မာပြည်မှာ ဘောင်းဘီဝတ်တွေနဲ့ အရေခွံလဲတွေ အုပ်ချုပ်နေခဲ့တုန်းက တရုပ်နဲ့ချုပ်ခဲ့တဲ့ စာချုပ်တွေ ခုထိတောင် ချမပြနိုင်သေးတာတွေ ရှိနေပါသေးတယ်။

ကမ္ဘာပေါ်က နိုင်ငံတိုင်းက ကိုယ့်တိုင်းပြည်/ကိုယ့်ပြည်သူပြည်သားအကျိုးကို ဦးထိပ်ထားမယ့် အဂတိကင်းတဲ့ ခေါင်းဆောင်တွေကိုသာ ရွေးတင်ထားမယ်ဆိုရင် စီစီပီက ကမ္ဘာ့ချစ်တီး ငပွကြီးဖြစ်လာဖို့ မလွယ်ပါဘူး။ ခြစားတွေ ပျော့ညံ့သူတွေ တရုပ်ကြောက်တွေကို တင်ထားရင်တော့ ဒီလိုအဖြစ်မျိုးတွေက ရှိနေမှာပါပဲ။ ကမ္ဘာကြီး အေးချမ်းသာယာဖို့ နိုင်ငံတွေ တခုချင်းစီရဲ့ လွတ်လပ်ခွင့်နဲ့ အချုပ်အခြာအာဏာကို လေးစားပြီး ငရဲခွေးကြီးကို ထိန်းထားနိုင်တဲ့ အင်အားကြီးနိုင်ငံနဲ့ ခေါင်းဆောင်တော့ ရှိရပါမယ်။​ အားလုံးက ဆက်စပ်နေပါတယ်။ ကြည့်တတ်ရင် မြင်ပါလိမ့်မယ်။

(နိုင်ငံစာရင်းနဲ့ ဒေတာတွေအတွက် ချိုင်းနားအင်ဆိုက်စ်ချန်နယ်ကို ကိုးကားပါတယ်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: