ဇူလိုင် ၂၄ ရက် ၂၀၂၂

အမေရိကန်မှာ ၃လပတ် နှစ်ခုဆက်တိုက် ဂျီဒီပီ ကျဆင်းခဲ့တာဖြစ်လို့ ပုံမှန်အဓိပ္ပါယ် ဖွင့်ဆိုချက်အရ စီးပွားရေးဆုတ်ယုတ်မှု ရီဆက်ရှင်ကာလထဲ ရောက်နေပြီလို့ ပြောလို့ ရပါတယ်။ ငွေဖောင်းပွမှုနှုန်းက ၉.၁ရာနှုန်းဖြစ်ၿပီး ဘိုင်ဒန်အစိုးရက ကုစားဖို့ ဘာမှပြင်ဆင်နေတာ မရှိတဲ့အပြင် ဒီမိုကရက်ဦးစီးတဲ့ လွှတ်တော်က ကန်ဂါးရူးခုံရုံးလိုမျိုးဖွဲ့ပြီး ထရမ့်လူတွေကိုပဲ အပြစ်ကြီးကြီးချဖို့ လုံးပမ်းနေပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်အကြောင်းပြပြီး အစိုးရအသုံးစားရိတ်တွေချည့် လှိမ့်တောင်းနေခဲ့တာကြောင့်  သတင်းကောင်းမြင်ရဖို့က ဝေးနေသေးတယ်လို့ ဆိုရမှာပါ။

ဒါပေမဲ့ အိမ်ဖြူက ရီဆက်ရှင်နဲ့ပတ်သက်ပြီး လုံးဝ အလုပ်မလုပ်တာတော့ မဟုတ်ပါဘူး။ အိမ်ဖြူဝက်ဘ်စာမျက်နှာမှာ “ ရီဆက်ရှင်ရဲ့ လက်ရှိအဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ တရားဝင်လည်းမဟုတ်၊ စီးပွားရေးကြီးတခုလုံးကို တပတ်လည်အောင် ပညာရှင်တွေ သုံးသပ်ထားတာလည်း မဟုတ်တဲ့အတွက် လုပ်အားဈေးကွက်၊ ပြည်သူနဲ့ လုပ်ငန်းတွေရဲ့ အသုံး၊ ကုန်ထုတ်လုပ်မှု၊ ဝင်ငွေ စတာတွေအပေါ်မှာ ခြုံငုံသုံးသပ်ရပါမယ်၊ အဲဒီဒေတာတွေအရ ပထမကွာတားမှာ ဂျီဒီပီကျပြီး​ ဒုတိယကွာတားမှာပါ ဆက်ကျလို့ ဒါဟာ ရီဆက်ရှင်ဖြစ်နေပြီလို့ ပြောရင် ဒါဟာ မဖြစ်နိုင်ပါဘူး” လို့ ရေးထားပါတယ်။

ရီဆက်ရှင်ဖြစ်/မဖြစ်က အမျိုးသားစီးပွားရေးသုတေသနဗျူရိုက အထက်မှာပြောခဲ့တဲ့ ဒေတာတွေကို ကြည့်ရှုပြီး ဆုံးဖြတ်ရမှာဖြစ်လို့ အဲဒီအဖွဲ့က ခုအနေအထားကို ရီဆက်ရှင်လို့ သတ်မှတ်မယ်ဆိုရင် ငါအံ့ဩမိမှာပါလို့ ဘဏ္ဍာရေးဝန် ဂျက်နက်ယဲလန်က ဆိုပါတယ်။ ထောက်စရာရှိတာက အဲဒီအဖွဲ့က ၂၀၀၈တုန်းကလည်း ရီဆက်ရှင်စဖြစ်ပြီး တနှစ်ကြာမှ ကြေငြာခဲ့တာပါ။

အဓိပ္ပါယ်ဖွင့်ဆိုချက်လေး ပြောင်းပစ်လိုက်တာနဲ့ အီကော်နော်မီကြီး ထောင်တက်ပြီး ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေ အကျပ်အတည်းတွေ ယူပစ်သလို ပျောက်သွားမယ်လို့ ထင်တာတော့ မဖြစ်နိုင်ပါဘူး။ ဘိုင်ဒန့်လက်ထက်မှာ အဖက်ဖက်က ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကို သနပ်ခါးလူး ဖုံးဖိထားဖို့နဲ့ သူတို့နောက်လိုက် မီနီယံလေးများအတွက် ခံငြင်းစရာ တကွက်ချပေးထားတာလောက်ပဲ ဖြစ်မှာပါ။

အဓိပ္ပါယ်ဖွင့်ဆိုချက် ပြောင်းပြစ်တာ ရီဆက်ရှင်တင် မဟုတ်ပါဘူး။ မိန်းမဆိုတဲ့ အဓိပ္ပါယ်မှာလည်း ယောက်ကျားလို့ အိုင်ဒန်တီဖိုင်းသတ်မှတ်တာရဲ့ ပြောင်းပြန်လို့ ဖြည့်ပါတယ်။ လိုချင်တာမရရင် စည်းမျဥ်းပြောင်းပစ်တတ်တဲ့ လူညစ်တွေရဲ့ သဘာဝကို ထင်ရှားစေတာပါပဲ။ ဆုလည်းလိုချင်၊ ယောက်က်ျားချင်းပြိုင်နိုင်တဲ့ အဖြစ်ကလည်း မရှိတော့ လိင်ပြောင်းဆိုပြီး မိန်းမထဲ​ဝင်ပြိုင်တဲ့သူတွေနဲ့ ပုံစံတူပါတယ်။ နောက်ပုံစံတူတာတခုက လက်ရှိခြေ/ဥနဲ့ လက်ရှိအစိုးရရဲ့ အဖက်ဖက်စွမ်းဆောင်ရည်နဲ့ ရိုးရိုးသားသားယှဥ်ပြိုင် အနိုင်ရဖို့ မလွယ်တဲ့အခါမှာ ခြေ/ဥကို လိုသလို အဓိပ္ပါယ်ဖွင့်ဆိုဖို့အတွက် ဇောင်းပေးလာကြတာ ဖြစ်ပါတယ်။ အဲဒါတွေ အားလုံးက ဦးတည်ချက်တခုထဲကိုပဲ သွားနေတာဖြစ်ပြီး သဘာဝကျတဲ့ သွားသင့်/ဖြစ်သင့်တဲ့ လက်ရှိပြည်သူတွေလက်ခံထားတဲ့ ခြေ./ဥတို့ ယုံကြည်ချက်တို့နဲ့ မကိုက်နေတာ အလွယ်တကူ သိနိုင်ကြမှာပါ။

ဘိုင်ဒန်လက်ထက်မှာ နယ်စပ်ကို တမင်ဖွင့်ထားခဲ့တော့ တရားဝင်ကိန်းဂဏန်းတွေကတင် ၂သန်းကျော် ဝင်ခဲ့ပြီး အများစုက တရားမဝင် အစစ်အဆေးမရှိ ဝင်လာတဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီအတွက် ပြည်သူ ခံရမယ့် စရိတ်၊ ရာဇဝတ်မှု၊ ပညာရေး၊ မူးယစ်ဆေး စတဲ့ ပြဿနာတွေအတွက် ပြင်ဆင်ထားတာ မရှိတော့ ဖွံ့ဖြိုးပြီးနိုင်ငံလို နေနိုင်တဲ့ လူနေမှုအရည်အသွေးက ကျဆင်းလာတော့မှာ အမှန်ပါပဲ။ ကပ်ပိုး မတိုင်ခင်ထဲက ဝန်ပိနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်က ကပ်ပိုးကာလမှာ ပိုဆိုးလာပြီး သန်းချီတဲ့ တရားမဝင်တွေကိုပါ ပေါင်းထဲ့လိုက်ရင် ပြည်သူရမယ့် ကျန်းမာရေး စောင့်ရှောက်မှုက တတိယကမ္ဘာ နိုင်ငံတွေလိုများ ဖြစ်သွားမှာလား စိုးရိမ်ရပါတယ်။ မဖြစ်သေးသ၍တော့ အားလုံး ကောင်းတာပါပဲ၊ ကိုယ်တိုင်ကြုံလာမှ ဆဲစရာပစ်မှတ် လိုက်ရှာနေစရာ မလိုအောင် ကြိုပြောထားတာပါ။

အဲဒီလောက် ခိုးဝင်တွေ ပေါနေချိန်မှာ ဘိုင်ဒန်အစိုးရ ဘာလုပ်သလဲဆိုတော့ အွန်လိုင်းကနေ အဆိုင်လမ်လျှောက်လို့ရတဲ့ စနစ်ကို စတင်လိုက်ပါတယ်။ အဲဒီလို ဂယ်ပေါက်ဖန်တီးပေးလိုက်တဲ့ အတွက် ဘယ်နိုင်ငံခြားသားမဆို တောင်ဖက်ကပဲဖြစ်ဖြစ် လေကြောင်းက လာတာပဲဖြစ်ဖြစ် ဘယ်လိုပဲရောက်လာရောက်လာ သူတို့ရဲ့ ဖုံး/ကွန်ပြူတာကနေ အဆိုင်လမ်လျောက်လို့ ရတော့မှာ ဖြစ်ပါတယ်။ ဒီတိုင်းဆိုရင် လူဝင်မှုဌာနကြီးတခုလုံးပါ ဖျက်သိမ်းလိုက်လို့ ရနေပါပြီ။ ပြီးခဲ့တဲ့ ၄လမှာ အနည်းဆုံး တလကို လူ ၂သိန်း တောင်ဖက်ကနေ ဝင်နေတာကို နည်းတယ်လို့ ထင်နေပုံပါပဲ။

ဟူးကလည်း မျောက်ကျောက်ကို အကြောင်းပြပြီး အရေးပေါ်အခြေအနေ ကြေငြာပါတယ်။ အဲဒီရောဂါက လိင်တူဆက်ဆံတဲ့ ယောက်ျားတွေဖြစ်ပြီး အဲဒီထဲမှာမှ အကြမ်းပတမ်း ဆက်ဆံကြသူ တွေမှာသာ ဖြစ်တာဆိုတော့ ကမ္ဘာ့လူဦးရေရဲ့ ရာနှုန်းအနည်းငယ်လေးသာ ဖြစ်တဲ့အပြင် အနေအထိုင် သတိထား ဆင်ခြင်ရင် ကူးစရာ အခွင့်အလမ်း နည်းပါးပါတယ်။ သေဆုံးနှုန်းကလည်း စိုးရိမ် လောက်စရာမဟုတ်တော့ အခုလို အတင်းတွန်းနေတာက နောက်ထပ် ကကဆရောင်းရဖို့ ခွင်ဖန်တာ ဖြစ်နိုင်တယ်လို့ပဲ သုံးသပ်ကြပါတယ်။ ရကပအတွက် ကြိုပြင်ထားတာလည်း ဖြစ်နိုင်တာပေါ့လေ။ ကကဆက လက်ရှိမှာ အများကြီး မရှိသေးပေမယ့် ရှေ့လတွေမှာ အများကြီး ရနိုင်မယ်လို့ ဆိုပါတယ်။

အယ်လ်အေက အမွှေစိန်ကျောထောက်နောက်ခံပေးထားတဲ့ ဒီအေ ဂက်စ်ကွန်က အသက် ၁၇နှစ်မှာ ဓါးပြတိုက်လူသတ်ခဲ့တဲ့ လူဆိုးဂိုဏ်းဝင် ကာချူးကို တရားရုံးက လူကြီးအဖြစ်တရားစီရင်ခဲ့ပြီး အနှစ် ၅၀ထောင်ချခဲ့တာကို ၆နှစ်နဲ့ မနှစ်က လွှတ်ပေးခဲ့ပါတယ်။ ကာချူးက အသက်ပြည့်လို့ ကလေးထောင်ကနေ လူကြီးထောင်ကို အပြောင်းမှာ လိုအပ်တဲ့အထောက်အထား စာရွက်စာတမ်း ပေးဖို့ ဂက်စ်ကွန်ရဲ့ လက်ထောက်က အကြိမ်ကြိမ် ငြင်းဆန်ခဲ့တဲ့အတွက် အဆုံးမှာ စာရွက်စာတမ်း မပြည့်စုံတဲ့အတွက် လွှတ်ပေးလိုက်ရတာဖြစ်ပါတယ်။ အခုမှ သတင်းတက်လာတာကတော့ ကာချူးက လွှတ်ပေးခံရပြီး ၈လအကြာမှာ သေနတ်၊ မူးယစ်ဆေးတွေနဲ့အတူ ယာဥ်တိုက်မှုဖြစ်ခဲ့ချိန်မှာ ရဲက ဖမ်းမိခဲ့လို့ ဖြစ်ပါတယ်။

နယူးယောက်ဂါဗာနာရာထူးအတွက် ဝင်ပြိုင်မယ့် လက်ရှိနယူးယောက်က ရီပါဘလစ်ကန် လွှတ်တော် အမတ် လီဇယ်လ်ဒင်ဟာ ကြာသပတေးနေ့မှာ မဲဆွယ်ဟောပြောနေတုန်း လီထက် ထွားကြိုင်းတဲ့ လက်နက်အချွန်နဲ့ လူတဦးက စင်ပေါ်တက်လာပြီး လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ လီက အဲဒီလူရဲ့ လက်နက်ကိုင်ထားတဲ့ လက်ကို မလွှတ်တမ်းဆုပ်ထားခဲ့ပြီး ဘေးလူတွေက ဝင်ကူကြတဲ့အတွက် အသက်ဘေးက လွတ်သွားခဲ့ပါတယ်။ လုပ်ကြံတဲ့သူကို နယူးယောက်ရဲက ဖမ်းပေမယ့် ဒီအေက အိုင်ဒီ၊ လက်ဗွေ၊ စစ်ချက် ဘာမှမယူပဲ နေ့ချင်း ပြန်လွှတ်ပေးခဲ့ပါတယ်။ အများဝိုင်းအော်ကြတော့မှ အဖ်ဘအနဲ့ ရဲက အဲဒီလူအိမ်မှာ သွားဖမ်းခဲ့ပါတယ်။ ခုထိ စစ်သမျှမှာတော့ လုပ်ကြံတဲ့ စစ်ပြန်ယာကူဘိုနစ်စ်က လီကို ဘယ်သူမှန်းတောင် မသိပါဘူးတဲ့။ သူလည်း ပြန်လွတ်လာဦးမှာပါပဲ။

 လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အမတ်ကို လုပ်ကြံတဲ့သူကို လွှတ်ပေးလိုက်တဲ့ တနေ့ထဲမှာပဲ တကယ်အမှန်အကန် အပြန်အလှန် မေးခွန်းထုတ်လို့ရတဲ့ တရားရုံးမဟုတ်တဲ့ လွှတ်တော်ရဲ့ အယောင်ဆောင် ကန်ဂါရူးကုတ်က ထရမ့်အကြံပေး စတိဘန်နန်ကို ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။ တကယ်ဆိုရင် အစိုးရအဖွဲ့ဝင်ဖြစ်ခဲ့သူအနေနဲ့ ကင်းလွတ်ခွင့် ရှိသလို ပြန်လှန်စစ်မေး တင်ပြခွင့် ပြုရင်လည်း မဟုတ်မမှန်စွဲချက်တွေကို ချေလို့ ရနိုင်ပါတယ်။

ဂျန်၆နဲ့ ပတ်သက်တယ်ဆိုတဲ့ စွဲချက်နဲ့ အချုပ်ခံနေရသူ ပင်ဆယ်လ်ဗေးနီးယားက ရေနံတွင်း တက်ခ်နစ်ရှန် မာ့ခ်အောင့်စ်ဟာ ပြစ်ဒဏ်ချမှတ်ဖို့ စောင့်ဆိုင်းနေစဥ်မှာပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။ ဒီမိုကရက်တွေက ရာဇဝတ်သားတွေကို စာနာသလောက် ဂျန်၆နဲ့ ပတ်သက်သူတွေကို ဆိုးရွားလွန်းတဲ့ အခြေအနေတွေမှာ ထားရှိတယ်လို့ သိရပါတယ်။ အောင့်စ်ရဲ့ အပြစ်ကတော့ ပလုံစီတို့ အကြံနဲ့ လူကျွံဘောထောင်ဖမ်းထားတဲ့ ကာပီတိုထဲကို အစောင့်မရှိတော့ ဝင်သွားမိတာပါ။ အထဲမှာ ဓါတ်ပုံရိုက်ပြီး ပြန်ထွက်လာကြတာပါ။ ပြစ်မှုထင်ရှားရင်တောင် ထောင် ၆လနဲ့ ဒဏ်ငွေ ၅၀၀၀ ပဲဆောင်ရမှာဖြစ်လို့ သွေးရိုးသားရိုးဆိုရင် အသက်နဲ့ လဲစရာ အကြောင်းမရှိဘူးလို့ ဆိုနိုင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: