၂၀၁၇တုန်းက စီစီပီက ဒီစီမှာ သန်း၁၀၀ကုန်ကျမယ့် တရုပ်ပန်းခြံ လှလှလေးတခု ဆောက်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ အဆိုပါပန်းခြံမှာ လှပခန့်ညားတဲ့ ဗိမ္မာန်တွေ၊ မဏ္ဍပ်တွေအပြင် ပေ၇၀မြင့်တဲ့ စေတီဖြူတဆူ ပါဝင်မှာဖြစ်လို့ ဒီစီအုပ်ချုပ်သူတွေက တိုးရစ်တွေ ထောင်နဲ့ချီတိုးလာမယ့်အရေးကို တွေးပြီး ဝမ်းပမ်းတသာ လက်ခံဖို့ တာစူနေခဲ့ကြပါတယ်။ အက်ဖ်ဘီအိုင်က ပန်းခြံပရောဂျက် အဆိုပြုချက်ကို သေချာကြည့်တော့မှ စေတီတည်မယ့်နေရာက ကာပီတိုနဲ့ နှစ်မိုင်ပဲ ဝေးပြီး ဒီစီရဲ့ အမြင့်ဆုံးနေရာတွေထဲက တခုမှာ ဖြစ်နေတော့ အမေရိကန်တွေရဲ့ စစ်ရေး၊ အုပ်ချုပ်ရေး စတဲ့ ဆစ်ဂ်နယ်လ်တွေ ထောက်လှမ်းဖမ်းယူနိုင်ဖို့ အကောင်းဆုံးနေရာဖြစ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။
တရုပ်အရာရှိတွေက အဲဒီစေတီကို တည်ဆောက်မယ့် ပစ္စည်းတွေကို သံတမန်ကင်းလွတ်ခွင့်နဲ့ အစစ်အဆေးမရှိ ဝင်လာတဲ့ ပစ္စည်းတွေကို အသုံးပြုပြီး ဆောက်လုပ်ချင်တာ တွေ့ရှိခဲ့တဲ့အတွက် အက်ဖ်ဘီအိုင်က ကန့်ကွက်ခဲ့ကြောင်း စီအန်အန်သတင်းမှာ ဖော်ပြထားပါတယ်။ ဟွားဝေကတော့ သူတို့စက်တွေက ကာကွယ်ရေးဌာနရဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ကြားဖြတ်ဖမ်းယူနိုင်တယ် ဆိုတာကို ထုံးစံအတိုင်း ငြင်းဆိုထားပါတယ်။
အက်ဖ်ဘီအိုင်ရဲ့ ရပ်တည်ချက်က ထရမ့်ရုရှားစွဲချက်အတုမှာရော၊ ဟန်းတားကိစ္စမှာရော၊ ဂျန်၆ကိစ္စမှာပါ မေးခွန်းထုတ်စရာဖြစ်နေခဲ့ပေမယ့် ဒီကိစ္စကိုမှ ကန့်ကွက်ခဲ့တယ်ဆိုတာ သိပ်ထင်ရှားလွန်းလို့ဖြစ်ရင်ဖြစ် မဟုတ်ရင် ထရမ့်လက်ထက်မှာဆိုတော့ ဟွားဝေနဲ့ တရုပ်လှုပ်ရှားမှု တွေကို စောင့်ကြည့်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ တရုပ်က ဘာတွေလုပ်ချင်တယ်၊ ဘာလုပ်နိုင်တယ် ဆိုတာ ကလေးတောင်သိနိုင်နေပေမယ့် ဒီစီဒီမိုကရက်တွေက ပေးဆောက်စေချင်တာဆိုတော့ အဲဒါက အ တာဆိုတာထက် တရုပ်ကို မလွန်ဆန်နိုင်တဲ့ အားနည်းချက်ရှိနေပြီလို့ပဲ ယူဆရမှာပါ။
ယူပန်းသွား/ဆေးတက္ကသိုလ်က သုတေသီတွေက အေစီအီး၂ဆိုတဲ့ အပင်ကရတဲ့ ပရိုတိင်းတမျိုးဟာ ဆားစ်ကိုဗီ၂ပိုးတွေကို သူ့ပရိုတိင်းနဲ့ ပေါင်းပစ်ပေးတဲ့အတွက် ခန္ဓာကိုယ်ထဲ ပိုးအများကြီး မရောက်အောင် ကာကွယ်ပေးကြောင်း တွေ့ရှိခဲ့ပါတယ်။ အဲဒီဓါတ်ကို ပီကေထဲထည့်ဝါးရင် ပိုးအများစုက ပီကေထဲက အေစီအီး၂ဓါတ်နဲ့ ကပ်ပါသွားတဲ့အတွက် ပိုးပြန့်နှံ့မှုကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။ တခြားပိုးတွေနဲ့ စမ်းသပ်ကြည့်တာလည်း ပိုးကောင်ရေ သိသိသာသာ လျော့ကျတဲ့ အတွက် မျိုးကွဲတွေ တခြားဗိုင်းရပ်စ်တွေအတွက်လည်း အထောက်အကူပြုမယ်လို့ ဆိုပါတယ်။ အကောင်းဆုံးကတော့ အဲဒီအေစီအီး၂အကြောင်းကို သုတေသန စလုပ်ခဲ့တာက ကပ်ပိုးမတိုင်ခင် ထဲကဖြစ်ပြီး ထုတ်လုပ်ဖို့ ငွေကုန်ကြေးကျမများတဲ့အပြင် ထုတ်လုပ်ရတဲ့အဆင့်တွေလည်း မများဘူးလို့ သိရပါတယ်။
ဘိုင်ဒန်အစိုးရက အမေရိကန်တွေကို သတ်ဖြတ်ဖို့ အကြံနဲ့ လက်နက်မှောင်ခိုခဲ့ပြီး အကြမ်းဖက်အဖွဲ့ တခုကို ထောက်ပံ့ပေးခဲ့မှု စတာတွေနဲ့ အမေရိကန်မှာ ၂၀၁၁ကတည်းက ထောင် အနှစ် ၂၅ ပြစ်ဒဏ်ကျခံနေရတဲ့ ရုရှားစစ်ဖက်အရာရှိဟောင်း လက်နက်ကုန်သည် ဗစ်တာဘောက်ကို ရုရှားနိုင်ငံမှာ မူးယစ်ဆေး သယ်ဆောင်/သုံးစွဲမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဒဗလျူအန်ဘီအေအသင်းက ဘရစ်တနေဂရင်နာနဲ့ သူလျှိုမှုနဲ့ ထောင်ဒဏ် ၁၆နှစ် ကျခံနေရတဲ့ ပေါလ်ဝှီလန်တို့ကို လဲလှယ်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။ ဘောက်ကို သေမင်းတမန်ကုန်သည်အနေနဲ့ လူသိများပါတယ်။ ရုရှားဖက်ကတော့ ဘောက်ကို လွှတ်ပေးဖို့ကလွဲလို့ ဘာညှိနှိုင်းမှုကိုမှ လက်မခံဘူးလို့ ဆိုပါတယ်။
ဘလင်ကန်က အဆိုပါကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး ပြောကြားတဲ့ထဲမှာ ဘရစ်တနေက မှားယွင်းအဖမ်းခံရတာလို့ ဆိုပါတယ်။ သူမဆေးသုံးတာ အမှန်တကယ်လည်း ထင်ရှားနေသလို သူမကိုယ်တိုင်လည်း ဝန်ခံထားပြီးလျက်က မှားယွင်းလို့ သုံးတာက ဘလင်ကန်တို့ဘက်က မရိုးသားတာ ပျော့ညံ့တာကို ပြတာပါပဲ။ ဝှီလန်ကတော့ တကယ်အပြစ်ရှိတာဖြစ်နိုင်သလို အာဏာရှင်နိုင်ငံတွေ လုပ်လေ့ရှိတဲ့အတိုင်း သူ့လူကိုယ့်လူ လှဲလှယ်လို့ရအောင် ဖမ်းထားတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘောက်လို တိုင်းပြည်အတွက် အန္တရာယ်ရှိသူကို ညှိနှိုင်းဆွေးနွေးမှုတိုင်းမှာ ကိုယ့်ဖက်ကချည့် အလိုက်ပေးနေရတဲ့ ဘိုင်ဒန်အစိုးရက လွှတ်ပေးဖို့ ကမ်းလှမ်းတာကိုတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။
နှစ်ဖက်လေသံကို ကြည့်ရင် ဘယ်သူက အထက်စီးမှာ ရောက်နေတယ်ဆိုတာ အလွယ်တကူ ခန့်မှန်းနိုင်မှာပါ။ တခြား အကြောင်းထူးမရှိပဲ ရန်သူကို သွားအောက်ကျို့ဖို့ဆိုတာ တော်ရုံ အားနည်းချက်နဲ့တော့ ဖြစ်မှာ မဟုတ်ပါဘူး။ အရင်အပတ်က သတင်းတပုဒ်မှာ ဟန်းတားနဲ့ တွဲလုပ်နေတဲ့ တရုပ်ကုမ္ပဏီကို အမေရိကန်ရဲ့ ဗျူဟာမြောက်အရံရေနံတွေ ရောင်းချဖို့ ဘိုင်ဒန်အစိုးရက ခွင့်ပြုခဲ့တာကို ဂျီအိုပီအောက်လွှတ်တော်အမတ်တွေက ဖြေရှင်းချက်တောင်းနေကြပါတယ်။ ဟန်းတားဟာ အရင်ကလည်း ရုရှားခရိုနီဆီက ဒေါ်လာ ၃.၅သန်း ရယူခဲ့ဖူးသလို ယူကရိန်းရုရှားစစ်ကို စေ့စပ်ဖြန်ဖြေဖို့အတွက် ဘိုင်ဒန်က ဟန်းတားကို အထူးသံတမန်အဖြစ် ဒီနှစ် ဖေဖေါ်ဝါရီက ခန့်အပ်ခဲ့ပါတယ်။ ဆင်အကောင်လိုက်တွေ့တာတောင် ဆင်ခြေရာလိုက်ရှာနေကြပုံပါပဲ။
ကပ်ပိုးဟာ ဓခွဲခန်းကလာတာပါလို့ အများလက်ခံထားကြပြီးချိန်မှာတောင် ဖောက်ချီက သဘာဝက ဖြစ်မှာပါလို့ လေသံပြန်ပစ်နေတဲ့အပေါ် စီဒီစီဒါရိုက်တာဟောင်း ရောဘတ်ရဒ်ဖီးလ်ဒ်က သဘောမတူကြောင်း ဖောက်စ်နယူးစ်ကို ဖွင့်ဟသွားပါတယ်။ ရဒ်ဖီးလ်ဒ်က အရင်ဖြစ်ခဲ့တဲ့ ဆားစ်တို့ မားစ်တို့နဲ့ ခုကပ်ပိုးကို ယှဥ်ပြီး သဘာဝကလာတာဆိုရင် သဘာဝကျကျ အဆင့်ဆင့် ပြောင်းလဲ ဖြစ်တည်မှုတွေ ရှိလာမှာဖြစ်ပြီး မျိုးမတူတဲ့ လူကိုကူးဖို့ အချိန်ယူမှာဖြစ်သလို လူတွေကို ကူးပြီဆိုရင်လည်း ကူးစက်နှုန်း များများနဲ့ မြန်မြန်ကူးဖို့ ဖြစ်နိုင်ခြေ နည်းတယ်လို့ ဆိုပါတယ်။ သဘာဝက ဆိုတဲ့အယူအဆကလည်း ဘာအထောက်အထားမှ မရှိပေမယ့် ဓခွဲခန်းကလာတယ်ဆိုတာ ဖြစ်နိုင်တဲ့အကြောင်းတွေ အများကြီး ရှိနေတာကိုလည်း စဥ်းစားရမှာပါ။
နောက်သတင်းတပုဒ်မှာလည်း အက်ဖ်ဒီအေက ထိပ်တန်းအရာရှိတချို့က ဘိုင်ဒန်အစိုးရရဲ့ ဘုစ်တာထိုးဖို့ တိုင်းမ်လိုင်းတာဟာ ဘာကျိုးကြောင်းဆီလျော်မှုမှ မရှိကြောင်း တွေ့ရှိထားလို့ စိုးရိမ်မကင်းဖြစ်နေကြတယ်လို့ စာမျက်နှာပေါင်း ၁၁၂ ရှိတဲ့ အက်ဖ်ဒီအေရဲ့ မှတ်တမ်းတွေက ပြသနေကြောင်း တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့က ဖော်ထုတ်တင်ဆက်လိုက်ပါတယ်။ ကျန်းမာရေးဝကဌာနရဲ့ မှတ်တမ်းတွေထဲမှာ ဂိတ်စ်က စီစီပီအစိုးရနဲ့ အနီးကပ်ပူးပေါင်းပြီး တရုပ်ထုတ်ဆေးတွေကို တရုပ်ပြည်ပြင်ပမှာ ရောင်းနိုင်ဖို့နဲ့ တရုပ်ဩဇာ မြှင့်တင်နိုင်ဖို့ နိုင်ငံတကာအကြံပေးလို အရေးကြီးရာထူးတွေမှာ တရုပ်ကိုယ်စားလှယ်တွေ ခန့်ထားသွားဖို့တွေလည်း ပါဝင်ပါတယ်။
နယူးယောက်ဂါဗာနာ ကေသီဟိုကူလ်က အဆိုပြုထားတဲ့ ပို့ဆောင်ရေးမှာ အဓိကကျတဲ့ မန်ဟက်တန်က ပန်စတေရှင်နဲ့ အနီးပတ်ဝန်းကျင်ကို overhaul လုပ်ဖို့ Public Authorities Control Board အဖွဲ့ဝင် ၃ဦးစလုံးက အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ အဲဒီ ၃ဦးကို ဟိုကူလ်နဲ့ ပြည်နယ်အထက်လွှတ်တော် လူများစုခေါင်းဆောင်၊ ပြည်နယ်အောက်လွှတ်တော်စပီကာတို့က ခန့်ထားတာ ဖြစ်ပါတယ်။ အဆုံးသတ်အတည်ပြုချက်ရဖို့ကိုတော့ PACB နဲ့ MTA Capital Program တို့က မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ဟိုကူလ်ရဲ့ ပလန်အရ ပန်စတေရှင်ကို ပြန်ပြင်ဖို့ ဗော်နေဒိုရီယဲလ်တီထရပ်စ်က အဓိကငွေထုတ်ပေးသူ အနေနဲ့ ပါဝင်နေပြီး ပြည်သူ့အခွန်နဲ့ မဟုတ်ပဲ ငွေချေးပြီး ပြုပြင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဗော်နေဒိုကို ဦးဆောင်နေတဲ့ စတီဗင်ရော့သ်က ဟိုကူလ်ကို ၇သောင်းနီးပါး ကမ်ပိန်းအလှူငွေထည့်ခဲ့တာ လပိုင်းပဲ ရှိပါသေးတယ်။ ပြုပြင်နေစဥ်အတွင်း မြို့ရဲ့ နစ်နာသွားတဲ့ ဝင်ငွေ ၅ဘီလီယံကို ပြည်နယ်က ပြန်ပေးဖို့ ဟိုကူလ်နဲ့ အဲရစ်အဒမ်စ်တို့ သဘောတူထားကြပါတယ်။ အားလုံးက တပါတီထဲကလူတွေ ဖြစ်ပြီး အပြန်အလှန်ထောက်တာမျိုး မရှိကြတော့လည်း ဘာတင်ဒါမှ ခေါ်စရာမလိုပဲ အေးဆေးပါပဲ။ ပန်စတေရှင်နဲ့ အနီးတဝိုက်ကို ပြန်ပြင်ဖို့ ၇ဘီလီယံနဲ့အထက် ကုန်ကျမယ်လို့ ခန့်မှန်းကြပြီး ဝေဖန်သူတွေက အသေးစိတ်မသိရပဲ အတည်မပြုဖို့ သတိပေးနေကြပါတယ်။
ပတ်ဝန်းကျင်၊ လူမှုရေးနဲ့ အုပ်ချုပ်မှုဆိုတဲ့ ပရိုဂရက်ဆစ်လက်ဝဲတွေဇောင်းပေးထားတဲ့ အစီအစဥ်အရ ကုမ္ပဏီတွေရဲ့ အီးအက်စ်ဂျီအမှတ်ကို စောင့်ကြည့်အမှတ်ပေးရတဲ့ လက်ဝဲကင်ပေတိုင်တွေဟာ ရေနံထုတ်တာ မကောင်းဘူးလို့ အသံကောင်းဟစ်နေပေမယ့် သူတို့ကိုယ်၌က ရေနံကုမ္ပဏီစတော့ တွေကို တိတ်တိတ်လေးဝယ်ပြီး ရင်းနှီးမြှုပ်နှံနေကြတယ်လို့ ဇီးရိုးဟက်ချ်က တင်ပြထားပါတယ်။ သူတို့အကြောင်းပြတာက ရေနံစတော့တွေက ဟော့ဖြစ်နေပြီး ရေနံကုမ္ပဏီတွေကလည်း ပိုသန့်ရှင်းတဲ့ စွမ်းအင်အဖြစ် ပြောင်းလဲနေကြပြီလို့ ဆိုပါတယ်။ အ သူ ခံကြေးပါပဲ။
ဂျန်၆ကိစ္စနဲ့ တနှစ်နီးပါးအချုပ်ခံနေရတဲ့ အသက် ၂၈နှစ်ရှိ တန်နက်စီက ရဲဝန်ထမ်းဟောင်း ရော်နယ်ကိုလ်တန်မက်ကဘီးကို သူ့အမှုကို စီရင်ချက်ချမယ့် ဖက်ဒရယ်တရားသူကြီးက အကြမ်းဖက်လို့ တံဆိပ်ကပ်ထားတာပါ။ မက်ကဘီးဟာ ဂျန်၆ဖြစ်စဥ်မှာ လူပိတဲ့အပြင် ရဲတွေရဲ့ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့တဲ့ ရိုစန်းဘွိုင်လန်ကို ကယ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး ပြည်နယ်တရားသူကြီးက ဖြစ်စဥ်ကဗီဒီယိုတွေ ကြည့်ရှုပြီးနောက် မက်ကဘီးဟာ အများပြည်သူအတွက် အန္တရာယ်မရှိသည့်အတွက် အာမခံနဲ့ အမှုကြားနာချိန်အထိ လွှတ်ပေးခဲ့ပါတယ်။
ဒါပေမယ့် အဲဒီလိုဆုံးဖြတ်တဲ့နေ့မှာပဲ အစိုးရရှေ့နေက အရေးပေါ်အယူခံ တင်သွင်းခဲ့ပြီး အဲဒီအယူခံမှာ ဖက်ဒရယ်တရားသူကြီး ဆူလီဗန်က မက်ကဘီးရှရဖ်ဆိုတဲ့တံဆိပ်တပ်ထားတာအပါအဝင် ပြည်နယ်တရားရုံးက ဗီဒီယိုတွေကိုပဲ ကြည့်ပြီး အမှုမစစ်မချင်း ချုပ်နှောင်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီဗီဒီယိုတွေမှာ အသံမပါပါဘူး။ နောက်တော့ ဗီဒီယိုကျွမ်းကျင်တဲ့ စုံထောက်က အသံဖိုင်ပါ ပူးတွဲကြည့်တဲ့အခါမှာ တရားသူကြီး/အစိုးရရှေ့နေစွဲချက်နဲ့ လုံးဝ ကွဲလွဲနေတာ တွေ့ရပါတယ်။ တရားသူကြီးက စွပ်စွဲခဲ့တဲ့ မက်ကဘီးတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ရဲကို အသံဖိုင်ပါတဲ့ ဘော်ဒီကမ်မှာ မက်ကဖီးက အကာအကွယ်ပေးခဲ့တာကို မြင်တွေ့ခဲ့ရတဲ့အတွက် ၁၁လကျော် အချုပ်ခံအပြီးမှာ ပြန်လွှတ်လိုက်ရပါတယ်။ ဂျန်၆ကိစ္စမှာ အာမခံရသင့်လျက်နဲ့ မပေးပဲ အဓမ္မချုပ်ထားတာတွေ အများကြီးပါ။ တချို့ဆို ၁၈လရှိပြီဖြစ်သလို တဦးတည်း သီးသန့်ချုပ်ထားတာတွေလည်း ရှိပါတယ်။
အများပြည်သူအတွက် အမှန်တကယ် အန္တရာယ်ရှိတဲ့ ကြမ်းတမ်းလူသတ်ခိုးဆိုးတွေကိုတော့ အကြောင်းမရှိ အကြောင်းရှာ ပြန်လွှတ်ကြတဲ့ အမွှေစိန့်လူတွေ ခြစားတွေက ဘာရာဇဝတ်မှုမှ မကျူးလွန်သူတွေ ဆိုးသွမ်းရာဇဝင်မရှိသူတွေကို အာမခံမပေးပဲ နှစ်ရှည်လများ အပြင်းထန်ဆုံး ချုပ်နှောင်ထားတာက ရိုးသားမှုရှိ/မရှိ စဥ်းစားသင့်ပါတယ်။ မတရားမှုဟာ နေရာတိုင်းမှာ ပုံစံမျိုးစုံနဲ့ ရှိနေတာပါ။ ကိုယ့်လူတွေအာဏာရဖို့ ဘာလုပ်လုပ်မှန်တယ်ဆိုတဲ့ လူစားမျိုးတွေ ရှိနေသ၍ ကမ္ဘာကြီး အေးချမ်းမှာ မဟုတ်ပါဘူး။