ဖြစ်လာတော့မယ့် ကမ္ဘာ့ ရိက္ခာအကျပ်အတည်းရဲ့ လက်သည် (အဆက်)

နယ်သာလန်မှာ နိုက်ထရိတ်အသုံးပြုမှုကို ကန့်သတ်လိုက်သလိုမျိုး ကနေဒါအစိုးရကလည်း စတင်ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။ နိုက်ထရိတ်ကန့်သတ်တယ်ဆိုပေမယ့် အဲဒါက ဓါတ်မြေဩဇာ အသုံးပြုတဲ့ သမားရိုးကျ စိုက်ပျိုးမှုအားလုံးကို အကျုံးဝင်စေမှာဖြစ်လို့ ထိခိုက်မှုက အကြီးကြီးဖြစ်မှာပါ။ ကန့်သတ်တဲ့အကြောင်းရင်းကတော့ နယ်သာလန်တုန်းကလိုပဲ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြုလုပ်ခဲ့တဲ့ သဘောတူညီမှု၊​ အဲဒါရဲ့ တွန်းအားက ယူနိုက်တက်နတ်သင်းရဲ့ ၂၀၃၀အာဂျင်ဒါပဲ ဖြစ်ပါတယ်။

အင်မတန်ရိုးသားအေးဆေးတဲ့ နယ်သာလန်က လယ်သမားတွေလိုပဲ ကနေဒါကလယ်သမားတွေလည်း စတင်ဆန္ဒပြကုန်ကြပြီ ဖြစ်ပါတယ်။ ဓါတ်မြေဩဇာကနေ သဘာဝအော်ဂဲနစ်ကို ချက်ချင်းပြောင်းလို့ ရတာမဟုတ်တော့ အများစုက အလုပ်တွေ ရပ်ပစ်ရမယ့် အနေအထား ဖြစ်နေတာပါ။ လယ်သမားတွေ အလုပ်မဖြစ်တော့ရင် ကုန်ကားမောင်းသူတွေပါ ထိမှာဖြစ်လို့ ကုန်ကားသမားတွေပါ ဆန္ဒပြ နေကြပါတယ်။ အခုလို ကမ္ဘာနဲ့ အဝှမ်း ရိက္ခာရှားပါး (သို့) ဈေးတွေ ခေါင်ခိုက်နေချိန်မှာ ဓါတ်မြေဩဇာ ပိတ်ပင်မှုက စဥ်းစားစရာ ဖြစ်ပါတယ်။ အာဖရိကတချို့နေရာတွေမှာ အငတ်ဘေး စတင်နေပါပြီ။ ပုံမှန်အခြေအနေမှာ တနေရာငတ်ရင် နောက်တနေရာက ကူကြမြဲဖြစ်ပေမယ့် ကူနေကျသူတွေပါ ရှားပါးလာပြီဆိုရင်တော့ ပြဿနာ ကြီးလာပြီလို့ ဆိုနိုင်ပါတယ်။

၂၀၁၅မှာ ပြုလုပ်ခဲ့တဲ့ ယူအန်ရဲ့ ၂၀၃၀ ဆပ်စ်တိန်းနေဘဲလ် ဒီဗဲလုပ်မန့်အာဂျင်ဒါဟာ ကမ္ဘာ့နိုင်ငံများ တခုနဲ့တခု အပြန်အလှန်မှီခိုလာစေဖို့အတွက် ကြေငြာစာတမ်းဖြစ်တယ်လို့ အဲဒီအချိန်က ထွေတွင်းမှုးချုပ် ဘန်ကီမွန်းက ဆိုပါတယ်။ အဲဒီကြေငြာချက်က နိုင်ငံတွေတခုချင်းစီရဲ့ လွတ်လပ်ရေးကြေငြာစာတမ်းနဲ့ ကန့်လန့်ဖြစ်နေပါတယ်လို့ စာရေးဆရာနဲ့ ဂျာနယ်လစ် အဲလက်စ်နယူမန်က အဲပေါ့ခ်တိုင်းစ်က ဂျော်ရွှာဖိလစ်ကို ပြောသွားပါတယ်။ နိုင်ငံတွေရဲ့ လွတ်လပ်စွာ ဖြစ်တည်မှု၊ အချုပ်အချာအာဏာပိုင်မှုတို့က ပိုအရေးကြီးလား အပြန်အလှန်မှီခိုဖို့က ပိုအရေးကြီးသလားဆိုတာ စဥ်းစားစရာဖြစ်ပါတယ်။ လွတ်လပ်တဲ့နိုင်ငံတွေကလည်း အစထဲက တခြားနိုင်ငံတွေနဲ့ ကုန်သွယ်မှု အပြန်အလှန်ဆက်ဆံမှု ရှိနေတာပဲလေ၊ အဲဒါကိုယ်၌က အပြန်အလှန်မှီခိုမှုလို့ ပြောရင်လည်း ရနိုင်တာပါပဲ၊ ကွာတာက ဒီအာဂျင်ဒါမှာ အပြန်အလှန်မှီခိုမှုကို အသားပေးထားတာပါ။

၂၀၃၀ အာဂျင်ဒါမှာ ရည်မှန်းချက်ပန်းတိုင် ၁၇ချက်ရှိပြီး ဘက်ပေါင်းစုံက လူသားတွေဘဝ၊ အီကော်နော်မီရဲ့ အစိတ်အပိုင်းအားလုံး ပါဝင်နေပါတယ်။ ဓနဥစ္စာပြန်လည်ဝေမျှရေးက နိုင်ငံတခုချင်းစီ အတွင်းမှာ မဟုတ်တော့ပဲ နိုင်ငံအချင်းချင်းကြားမှာပါ ဝေမျှရမယ်လို့ ပါဝင်ပြီး လူသားတွေရဲ့ ကုန်ထုတ်လုပ်မှု၊ စားသုံးမှုပုံစံတွေကိုပါ ပြောင်းလဲပစ်ဖို့ အာဂျင်ဒါမှာ ပြောထားကြောင်း နယူမန်က မှတ်ချက်ပြုသွားပါတယ်။ ပန်းတိုင်နံပါတ် ၂ကတော့ အစားအသောက်နဲ့ အတိအကျ ပတ်သက်ပါတယ်။

၂၀၂၁ စက်တင်ဘာမှာ ယူအန်က ဖုဒ်ဆစ်စတမ်စ်ဆမ်းမစ်ကျင်းပခဲ့ပြီး သူတို့ရည်မှန်းချက် ၁၇ခုလုံး အောင်မြင်အောင် လုပ်ဖို့မှာ ဖုဒ်ဆစ်စတမ်တွေရဲ့ ညှိနှိုင်းနိုင်အားကို အသုံးပြုဖို့ လိုအပ်ကြောင်း အလေးအနက်ထား ဆွေးနွေးခဲ့ကြပါတယ်။ အလွယ်ပြောရင် အစားအသောက်ကို ထိန်းချုပ်မှုလက်တံတခုအနေနဲ့ သုံးဖို့ပါပဲ။ အဲဒီဆမ်းမစ်ရဲ့ ကြေငြာချက်မှာ နေရာတိုင်းနေရာတိုင်းက လူတဦးချင်စီတိုင်းဟာ ကမ္ဘာကြီးရဲ့ ထုတ်လုပ်မှုနဲ့ စားသုံးမှု၊ အစားအစာနဲ့ပတ်သက်တဲ့ တွေးခေါ်ပုံတွေ အားလုံးပြောင်းလဲပစ်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ကြရမယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအာဂျင်ဒါက ၁၉၇၀နှစ်တွေတုန်းက ယူအန်မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ၁၉၇၆ ဗန်ကူးဗားမှာလုပ်တဲ့ ကွန်ဖရန့််စ်မှာ အဖွဲ့ဝင်နိုင်ငံတွေလိုက်နာဖို့ အကြံပြုချက်တွေ ချမှတ်ခဲ့ပါတယ်။ အဲဒီကွန်ဖရန့်စ်ရဲ့ အစီရင်ခံစာထဲမှာ မြေဆိုတာဟာ ဈေးကွက်ရဲ့ အစိုးမရမှုနဲ့ တခြားဖိအားတွေ အမြဲရှိနိုင်နေတဲ့အတွက် ပုဂ္ဂလိကပိုင်ဆိုင်မှုဟာ မသင့်တော်ကြောင်း၊ ပုဂ္ဂလိကမြေယာပိုင်ဆိုင်မှုဟာ ဓနဥစ္စာတွေ တိုးပွားစုမိလာခြင်းရဲ့ အဓိကအကြောင်းဖြစ်လို့ လူမှုရေးမမျှတမှု ဆိုရှယ်အင်ဂျပ်စတစ်စ်ကို ဖြစ်စေတယ်လို့ ရေးထားကြောင်း နယူမန်က တင်ပြထားပါတယ်။

ယူအန်ရဲ့ စာသွားက ပုဂ္ဂလိကမြေယာပိုင်ဆိုင်မှုကို အဆုံးမှာ ဖျက်သိမ်းစေချင်ပုံရပါတယ်။ အာဖရိကမှာ ဖြစ်ခဲ့တာတွေရော၊ သီရိလင်္ကာမှာရော၊ နယ်သာလန်နဲ့ ကနေဒါမှာ အခုလုပ်လာတာတွေရောက လယ်သမားအငယ် အလတ်တွေကို လက်ရှိက လက်မဲ့ဖြစ်အောင် အဓိပ္ပါယ်မရှိတဲ့ ဥပဒေတွေနဲ့ ချုပ်ချယ်ပြီး ဒီအသက်မွေးမှုကို စွန့်ခွာအောင် စစ်ဆင်ရေး စနေသလိုပါပဲ။ ရှေ့လျောက် လာဦးမှာပါ၊ ယူအန်တို့ ဒဗလျူအီးအက်ဖ်တို့နဲ့ မကင်းနိုင်တဲ့ နိုင်ငံတွေ၊ ခေါင်းဆောင်က ကိုယ့်ပြည်သူအကျိုး ဦးထပ်မထားတဲ့ ခေါင်းဆောင်ရှိသမျှနိုင်ငံတွေ၊ ပျော့ညံတဲ့သူ ခေါင်းဆောင်တက်လုပ်နေတာတွေ အကုန်ပါသွားမှာပါ။ သီရိလင်္ကာက အစမ်းသပ်ခံလို ဖြစ်သွားပုံ​ ရပါတယ်။

တရုပ်ပြည်မှာလည်း လယ်သမားတွေကို မြို့ကြီးတွေဆီ မောင်းထုတ်နေပြီး အမေရိကန်မှာတော့ အက်စ်အီးစီက အဆိုပြုလိုက်တဲ့ ဥပဒေအသစ်က အသေးစားနဲ့ အလတ်စားလယ်သမားတွေကို ဒေဝါလီခံရမယ့် အခြေအနေဆီ မောင်းပို့နေပါတယ်။ ဒီနှစ်မတ်လမှာ အဆိုပြုခဲ့တဲ့ အက်စ်အီးစီရဲ့ စည်းမျဥ်းသစ်အရ စတော့ဈေးကွက်မှာ တင်ထားတဲ့ ကုမ္ပဏီတွေဟာ သူတို့ကြောင့် ကာဗွန်အီမစ်ရှင် ဘယ်လောက်ဖြစ်ပါတယ်ဆိုတာနဲ့ တခြား ဥတုပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ကိစ္စတွေကို တင်ပြဖို့ မလုပ်မနေရ သတ်မှတ်လိုက်တာပါ။ သူတို့တင်မက သူတို့နဲ့ ဆက်စပ်ကုမ္ပဏီတွေကပါ တင်ပြဖို့ လိုအပ်လာပါတယ်။

အဲဒီလိုကြပ်လိုက်တဲ့အတွက် ဘောင်ဝင်အောင် ရီပို့လုပ်ဖို့ တတ်ကျွမ်းသူတွေ ရှေ့နေတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုလာပြီဖြစ်ပါတယ်။ အငယ်စား အလတ်စားလယ်သမားတွေ အများစုက စိုက်ချိန်ပျိုးချိန်ရောက်မှ ချေးငွေနဲ့ မျိုးစေ့ဝယ်၊ မြေဩဇာဝယ်၊ ပိုးသတ်ဆေးဝယ်ပြီး ရိတ်သိမ်းရောင်းချပြီးမှ ငွေပေါ်ကြတာဖြစ်လို့ လုပ်ငန်းရှင်ကြီးတွေလို အပိုအကုန်အကျအတွက် တတ်နိုင်ဖို့ မလွယ်ပါဘူး။ တတ်နိုင်ဦးတော့ စားရိတ်စကတွေ အများကြီး တက်သွားမှာဖြစ်ပြီး အလုပ်ပိုရှုပ်လာမှာဖြစ်သလို အသုံးပြုထားတဲ့ အရင်းအမြစ်တွေနဲ့စာရင် ပြန်ရတဲ့နှုန်းကလည်း ကျဆင်းသွားမှာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအတွက် ခက်ခဲအောင် တမင်လုပ်ထားတဲ့ ခရောင်းလမ်းတခုပါပဲ။

ရီပါဘလစ်ကန်အမတ်တွေဖြစ်တဲ့ တင်မ်စကော့နဲ့ ဂျွန်ဟိုးဗန်တို့က အမတ်၃၀လောက်ကို ဦးဆောင်ပြီး အဲဒီအဆိုကို ပြောင်းပြန်လှန်ဖို့ လုပ်နေပါတယ်။ လူထုကို ကိုယ်စားမပြုတဲ့ ဗျူရိုကရက်တွေမှာ ဥပဒေပြုခွင့်အာဏာ မရှိသင့်တဲ့ သာဓကတခု ဖြစ်ပါတယ်။

အက်စ်အီးစီ အဆိုပြုထားတာ အတည်ဖြစ်သွားလို့ လယ်သမားလေးတွေ ဆက်မစိုက်နိုင်တော့ရင် ပြည်သူအတွက်ရော စားသောက်ကုန်စက်ရုံတွေကပါ လိုအပ်တဲ့ကုန်ကြမ်းတွေကို ပြည်ပက တင်သွင်းရပါတော့မယ်။​ အဲဒါဆိုရင် ပြည်တွင်းမှာပေါတဲ့ ရုပ်ကြွင်းလောင်စာကို ကန့်သတ်လိုက်လို့ ဖြစ်လာတဲ့ အကျိုးဆက်မျိုးပဲ ထပ်လာပါလိမ့်ဦးမယ်။ ဈေးတွေကတော့ ဘိုင်ဒန့်ပေါ်လစီကြောင့် လောင်စာရှား၊ အစိုးရမဆင်မခြင်သုံး/ငွေရိုက်ထုတ်တော့ ငွေဖောင်းပွ၊ ဆပ်ပလိုင်းချိန်းအကြပ်အတဲကို မဖြေရှင်းတော့ ပို့ခတွေက ဈေးကြီး၊ အဲဒါတွေကြောင့် အရင်ထက်အများကြီးတက်သွားတဲ့ အစားအစာဈေးတွေ မိုးထိအောင် တက်ဖို့ပဲ ရှိပါတော့တယ်။ တခြားအစားအစာတင်ပို့တဲ့နိုင်ငံတွေမှာ ဓါတ်မြေဩဇာ ဘန်းတာတွေ လာနေပြီဆိုတော့ အဲဒီအကျိုးဆက်က ဖြစ်လာမယ့်အကြပ်အတည်းကို ဘယ်လောက်တောင် ပိုဆိုးစေမယ်ဆိုတာ မှန်းဆကြည့်ထားဖို့တော့ လိုပါမယ်။

လောင်စာနဲ့ စိုက်ပျိုးရေးပဲ ကြပ်တာမဟုတ်ပါဘူး။ မွေးမြူရေးကဏ္ဍကိုလည်း ဂရင်းနယူးဒီးလ် သမားတွေက ဖျက်သိမ်းချင်နေကြတာပါ။ နွားလေလည်တာတွေက ပတ်ဝန်းကျင်လေထုကို ညစ်ညမ်းစေတယ်လို့ အကြောင်းပြကြပါတယ်။ အားလုံးကို အင်ဆက်ပိုးကောင်၊ ဗီဂန်အသားတု (သို့) ဓါတ်ခွဲခန်းက အသားတွေပဲ စားစေချင်ပုံရပါတယ်။ အခု ဥရောပနဲ့ အမေရိကမှာ ခေတ်စားအောင် တွန်းပေးနေတာက လူ့အသားတု/ဓါတ်ခွဲခန်းက လူ့အသားဖြစ်ပါတယ်။ လူ့အသားထုတ်လုပ်ဖို့ သွေးလှူဘဏ်တွေက ရက်လွန်သွားတဲ့ သွေးတွေထဲမှာ ကိုယ့်ရဲ့ ဆဲလ်တွေကို ပွားထားလိုက်ရင် ၃လလောက်ကြာတဲ့အခါ စားလောက်တဲ့ပမာဏ ဖြစ်လာပြီလို့ ဆိုပါတယ်။

ဘိုင်ဒန်တို့ကရော၊ ယူအန်ရော ဒဗလျူအီးအက်ဖ်ရော သူတို့ကို ချုပ်ထားတဲ့ စီလုတို့ရော ဒီလောက်အထိ ဖြစ်လာနိုင်တာ မသိလို့ ကြပ်နေတာမဟုတ်ပါဘူး။ လူသားတွေကို ထိန်းချုပ်ချင်လို့ မရှိမဖြစ်တွေကို စထိန်းချုပ်နေတာပါ။ လောင်စာရော၊ အစားအစာရောပေါ့။ အဲဒီနှစ်ခုကို လုံးဝ ထိန်းချုပ်လိုက်နိုင်ရင် လူသားတွေရဲ့ လွတ်လပ်ခွင့်တွေ လုံးဝ နိဋ္ဌိတံတော့မှာပါ။ ဘိုင်ဒန်အရင်က ပြောဖူးတာကိုပဲ ထပ်ပြောပါမယ်၊ သိပ်ကျပ်တည်းလာရင် အစိုးရက ဦးစီးပြီး “ဖြန့်ဝေ”ပေးမှာပါတဲ့။ ကျပ်တည်းအောင်လုပ်နေတာကလည်း သူတို့ပဲလေ။ ကျပ်တည်းလာရင် အဲဒါအကြောင်းပြပြီး သူတို့နဲ့ပေါင်းစားတဲ့ ဗျူရိုကရက်တွေလက်ထဲ အာဏာများများ ထည့်ပေးလိုက်တာပေါ့။ တမင် ကြပ်တည်းစေချင်လို့ လုပ်ခဲ့တဲ့ အက်ရှင်တိုင်းမှာ ပြေလည်သွားတယ်ဆိုတာ မရှိပါဘူး။ ရှိလဲ ခဏပါပဲ။

အဲဒါတွေကို ကာကွယ်ဖို့ နယူမန်က ပြည်သူတွေအနေနဲ့ အစိုးရက အစားအစာတွေကို မထိန်းချုပ်နိုင်အောင် လယ်သမားတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ရာသီထွက်သီးနှံ တပတ်ကို ဘယ်လောက်ဖိုး ဝယ်မယ်ဆိုပြီး သဘောတူညီချက်လုပ်ထားတာ ကောင်းမယ်လို့ ဆိုပါတယ်။ ဒါကတော့ လုပ်စရာရှိတာတွေထဲက တပိုင်းပေါ့လေ။ အဲဒီလို အစိုးရက ထိန်းချုပ်တဲ့ဖက်ကို တွန်းနေတဲ့ အစိုးရမျိုးကို ဖြုတ်ချပြီး လူထုအကျိုး ရှေ့ရှုတဲ့ အစိုးရမျိုးတက်လာဖို့ကလည်း လုပ်ကို လုပ်ရမှာပါ။

၂၀၂၁နှစ်ကုန်မှာ ရေးခဲ့တဲ့ လက်ရှိကွန်မြူနစ်ပန်းတိုင် ၁၉၆၃ထဲကလိုပါပဲ။ ယူအန်ကို အသုံးချပြီး ကမ္ဘာကို အာဏာရှင်စနစ်အောက် သွတ်သွင်းချင်ကြတာပါ။ အရင်က ပြည်တွင်းလက်ဝဲတွေက ဆိုဗီယက်တွေကို မျှော်ခဲ့ကြပေမယ့် အခုတော့ တရုပ်ရဲ့ တံစိုးလာဘဗျူဟာအောက်မှာ လက်ဝဲတွေရော ခြစားတွေပါ တညီတညွတ်တည်း ယိမ်းကနေကြတာ သတိပြုမိကြမယ်ထင်ပါတယ်။ တကယ်တော့ တရုပ်က ထိန်းချုပ်လို့တို့ ရုရှားက ထိန်းချုပ်လို့တို့ ဆိုတာထက် ပြည်တွင်းအာဏာငမ်းတွေက ပိုအခရာ ကျပါတယ်။ ပြည်တွင်းမှာ ခြစားတွေ အာဏာငမ်းဖမ်းတွေ ကမ္ဘာ့ရွာဗန်းပြပြီး တကမ္ဘာလုံးကို ကျွန်ပြုချင်သူတွေကို ပြည်သူ့အားနဲ့ နိုင်အောင် ထိန်းမယ်ဆိုရင် အချိန်မှီပါသေးတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: