ဆန်ဖရန်က မျက်နှာသစ်မင်းသားလေး

အနုပညာလောကမှာ နာမည်ကြီးတွေရဲ့ သား၊ သမီးတွေကို မိဘတွေက ပွဲထုတ်တတ်ကြသလိုပဲ နိုင်ငံရေးနယ်ပယ်မှာလည်း တချို့က သားသမီးတွေကို အကြောင်းမျိုးစုံနဲ့ ထုတ်သုံးတတ်ကြပါတယ်။ ထရမ့်လက်ထက်က သမီးနဲ့ သားမက်တို့ အိမ်ဖြူမှာ တရားဝင်အိမ်ဖြူအကြံပေးဝန်ထမ်းတွေအဖြစ် ထမ်းရွက်ခဲ့ကြတာ အများအမြင်ပါပဲ။ ကလင်တန်၊ ဘုရှ် ၄၃၊ အိုဘမလက်ထက်မှာ ကလေးတွေက ကျောင်းနေစဥ်အရွယ်တွေဖြစ်ကြလို့ မပါဝင်ခဲ့ကြပေမယ့် ဘိုင်ကြီးဒုသမ္မတ ဖြစ်စဥ်ကထဲက အခု သမ္မတရာထူးတပ်ထားချိန်အထိ ဟန်းတားက တရားဝင်ရာထူးမကိုင်ထားပေမယ့် ဖခင်သွားတဲ့ နိုင်ငံခြားခရီးတိုင်းလိုလိုမှာ ပါလေ့ရှိပါတယ်။

ဟန်းတားလက်ပ်တော့ပ်က အချက်အလက်တွေ ပေါ်ထွက်လာအပြီးမှာ ဘိုင်ကြီးခြစားတဲ့ကိစ္စ သိသိသာသာ ထင်ရှားလာပေမယ့် ဒီမိုကရက်ခေါင်းဆောင်တွေရော ဗျူရိုကရက်တွေ မီဒီယာတွေကပါ ငြင်းကြ၊ ဖုံးဖိကြ၊ မသိချင်ယောင်ဆောင်ကြပါတယ်။ တကယ်ဆိုရင် ကိုယ့်တိုင်းပြည်အကျိုးစီးပွား ပျက်စီးစေလိုသူတွေနဲ့ ပေါင်းစားနေတာဟာ တိုင်းပြည်အတွက် ဘယ်လောက်အန္တရာယ်ရှိမယ်ဆိုတာ မျက်စိစုံအတင်းပိတ်ထားသူတွေကလွဲရင် အလွယ်တကူ မှန်းဆနိုင်ပါတယ်။ ဘာကြောင့် ဟန်းတားသတင်းကို ကျန်ဒီမိုကရက်ခေါင်းဆောင်တွေက ဘာကြောင့် ဝိုင်းဖုံးဖိနေကြသလဲဆိုတာကို အခုပြောမယ့် မင်းသားလေးအကြောင်းကနေတဆင့် သိလာပါလိမ့်မယ်။​

ခုလိုနိဒါန်းချီနေရတဲ့ မင်းသားလေးကတော့ ဒေါ်နန်စီရဲ့သားတဦးဖြစ်တဲ့ ပေါလ်ဂျုနီယာပဲ ဖြစ်ပါတယ်။ အသက် ၅၀ကျော် ပေါလ်ဂျူနီယာက ဘွဲ့နှစ်ဘွဲ့ရထားပြီး သူ့တသက်တာမှာ အိမ်ပွဲစားယောင်ယောင် လောက်သာ ဟန်ပြလုပ်ခဲ့ဖူးတာဖြစ်ပေမယ့် ဘေလ်ကလင်တန်လိုပဲ (နန်စီနဲ့) အလွမ်းသင့်တဲ့ နိုင်ငံတွေက ကုမ္ပဏီကြီးတွေမှာ အခကြေးငွေယူပြီး ဟောပြောပွဲတွေ လုပ်နေသူဖြစ်ပါတယ်။

တလောက နန်စီတိုင်ဝမ်၊ ဂျပန်၊ စင်ကာပူစတဲ့ အာရှခရီးစဥ်မှာ ပေါလ်အငယ်ကိုပါ ခေါ်သွားပါတယ်။ တိုင်ဝမ်က တရားဝင်အခမ်းအနားမှာ တိုင်ဝမ်သမ္မတက မစ္စတာပလိုးစီလို့ အမည်ခေါ်ပြီး ဂုဏ်ပြုကြိုဆိုခဲ့ပေမယ့် အမေရိကန်မှာပြတဲ့သတင်းတွေမှာတော့ အဲဒီအပိုင်းကို ဖြတ်ချထားခဲ့ပါတယ်။ အစိုးရ/လွှတ်တော်က တရားဝင်ထုတ်ပြန်တဲ့ ခရီးစဥ်/ ပလိုးစီရဲ့ တရားဝင်ပေ့ချ်မှာလည်း ပေါလ်နာမည်ပါတဲ့အပိုင်းကို ဖြတ်တောက်ထိမ်ချန်ထားပါတယ်။

ဘာဖြစ်လို့ အဲဒီလို ခိုးကြောင်ခိုးဝှက် လုပ်ရတာလဲဆိုတော့ ဟန်းတားလိုပဲ ဘာအလုပ်မှ မယ်မယ်ရရ ခါးချိုးမလုပ်ဖူးတဲ့ ပေါလ်ဟာ ဘီလီယံနဲ့ချီတန်တဲ့ အရေးပါတဲ့ကုမ္ပဏီကြီးတွေရဲ့ အကြံပေးနေရာမှာ အမြိုင့်သား တက်ထိုင်နေလို့ပါပဲ။ သူ့ကခု ခန့်ထားတဲ့ထဲက နှစ်ခုက လစ်သီယမ်တူးဖော်တဲ့ ကုမ္ပဏီကြီးတွေဖြစ်ကြပြီး တိုင်ဝမ်က လစ်သီယမ်ဘက်ထရီထုတ်တာမှာ ကမ္ဘာ့ရှေ့ဆောင်နိုင်ငံဖြစ်နေတာက တိုက်ဆိုင်မှုတခုဆိုတာထက် အများကြီး ပိုမှာပါ။

နန်စီစင်္ကာပူကို ဝင်ပြီး အဆင့်မြင့်ဆွေးနွေးပွဲတွေလုပ်တော့လည်း ပေါလ်ပါပြန်တာပါပဲ။ ဘာလို့လဲဆိုတော့ ပေါလ်က စင်္ကာပူရဲ့ စွမ်းအင်ကဏ္ဍမှာလည်း အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသူ ဖြစ်နေလို့ပါ။ ဒီလိုလူတွေနဲ့ အလုပ်တွဲလုပ်နေတဲ့ စင်္ကာပူက မြန်မာ့အရေးမှာ ဘာကြောင့် ဘယ်လိုရပ်တည်တယ်ဆိုတာကို ရှင်းပြလိုက်သလိုပါပဲ။

ပေါလ်က တောင်ကိုရီးယားမှာလည်း လျှပ်စစ်ကားဘက်ထရီထုတ်ထဲ့ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားသလို အဲဒီကိုလည်း နန်စီနဲ့အတူ သွားလိုက်သေးတာပါပဲ။ ပြီးခဲ့တဲ့လက ယူကရိန်းကို ပလိုးစီသွားတုန်းကလည်း ပေါလ်တယောက် ပါသွားသေးတာဖြစ်ပါတယ်။ ဒါ့အပြင် တရုပ်ပြည်ကိုလည်း အမေမပါပဲ သွားခဲ့ပါသေးတယ်။ ပလိုးစီက တရုပ်နဲ့ အလွန်ကောင်းမွန်နူးညံ့တဲ့ ဆက်ဆံရေး ရှိပြီး တရုပ်အပေါ် တင်းကြပ်ခဲ့တာ လေသံမာခဲ့တာမျိုးတောင် မတွေ့မိပါဘူး။

ပေါလ်ဂျူနီယာရဲ့ သံသယဝင်စရာကောင်းတဲ့ စီးပွားရေးလုပ်ငန်းတွေကို ထောက်လှမ်းရေးတွေက မသိကြတာတော့ မဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဖက်ဒရယ်နဲ့ စတိတ်နဲ့မှာ အလိုက်ခံနေရတဲ့ ကုမ္ပဏီတွေကပဲ ပေါလ်ကို သူတို့အကြံပေးအနေနဲ့ ဆွဲခန့်ထားကြလို့ပါ။ အကြံပေးဖို့လား အမေ့ပါဝါသုံးပြီး ကာကွယ်ပေးဖို့လားလို့ မေးရမလိုပါပဲ။ မိဘအကြောင်းပြပြီး လုပ်စားတဲ့နေရာမှာ ဟန်းတားနဲ့ သူမသာ ကိုယ်အသုဘဆိုသလို ဖြစ်နေတာပါ။

ပေါလ်ရဲ့ အဆက်အသွယ်အတွက် ငှားကြတဲ့ထဲမှာ လူလိမ်တွေ၊ ဥပဒေ ချိုးဖောက်သူတွေ၊ ရာဇဝတ်ကောင်တွေပါနေတဲ့ ကုမ္ပဏီ ၅ခု ပါပါတယ်။ အဲဒီထဲကတခုက မကျန်းမာ၊ သတိမကောင်း၊ အယုံလွယ်တဲ့ အသက်ကြီးသူတွေကို ငွေကြေးလိမ်လည်တဲ့အမှုနဲ့ ထောက်လှမ်းရေးက လိုက်နေခဲ့တာပါ။ နောက်တခုက အက်စ်အီးစီမှာ နည်းပေါင်းစုံနဲ့ လိမ်လည်နေတယ်လို့ သတင်းထွက်နေတဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီက လိမ်တဲ့ထဲမှာ ခရစ်ပ်တိုငွေကြေးလိမ်လည်မှုအကြီးစားကြီးပါ ပါပါတယ်။

အဲဒီကုမ္ပဏီတွေက ပေါလ်ကို ငှားပြီးနောက်မှာ သူတို့အမှုတွေက ဟန်းတားလက်ပ်တော့အမှုလိုပဲ ဟိုလိုလိုဒီလိုလိုဖြစ်ပြီး မစစ်ချင်လို့ကို ရှောင်ထားတဲ့စာရင်းထဲ ရောက်ကုန်ကြတာပါ။ ဒါပဲလားဆိုတော့ ပေါလ်က ဆန်ဖရန် မြို့အင်စပက်တာက သူ့ကောင်မလေးငှားစားတဲ့ အဆောင်ကို လာစစ်တာမှာ ရပ်ဂ်ဘီအသင်းကို ချက်တစောင်ရေးပေးပြီး လာဘ်ထိုးခဲ့တယ်လို့ ဆိုပါတယ်။

နန်စီ့ယောက်ျား ပေါလ်စီနီယာက တခြားဘာအလုပ်မှမလုပ်ပဲ ဟက်ဂျ်ဖန်းဒ်ကုမ္ပဏီလေး အရောင်ပြပြီး သူ့မိန်းမရဲ့ အတွင်းသတင်းနဲ့ အင်ဆိုက်ဒါထရိတ်ဒင်းလုပ်တာက သန်းပေါင်းများစွာ ဝင်နေပြီးသားပါ။ အခု သားဖြစ်တဲ့ ပေါလ်ဂျူနီယာကလည်း ဟန်းတားလိုပဲ ပြည်သူ့အခွန်နဲ့ ကမ္ဘာတလွှား တလွှားလွှားသွားပြီး ကမ္ဘာ့ခေါင်းဆောင်တွေ၊ ကမ္ဘာ့ထိပ်သီးကုမ္ပဏီကြီးတွေနဲ့ တွေ့ပြီး ကိုယ်ကျိုးစီးပွား ရှာနေကြတာပါ။ ခရိုနီတို့ရဲ့ သွေးစည်းခြင်းနဲ့ဆိုတော့ အပုပ်နံ့က တော်ရုံ ထွက်မလာပါဘူး။

ပေါလ်နဲ့ ဟန်းတားနဲ့ ကွာတာက ဟန်းတားက ဆေးစွဲနေသူဆိုတော့ သူ့အညစ်အကြေးကို သူ့ဖာသာသူ သေသေသပ်သပ် မဖုံးဖိနိုင်တာပါ။ ပေါလ်ကို သူ့ရဲ့ တိုင်ဝမ်ဖွားချစ်သူက သူမဆီက ခိုးယူခဲ့တာတွေနဲ့ သူမကို ခြိမ်းခြောက်ခဲ့တာတွေအတွက် တရားစွဲခဲ့ပါသေးတယ်။ အဲဒါတွေလည်း မီဒီယာနဲ့ ဖက်ဒ်အေးဂျင့်တွေရဲ့ နှာစေးမှုအောက်မှာ အသံထွက်မလာခဲ့ပါဘူး။

ဘိုင်ဒန်တို့ ကလင်တန်တို့ ပလိုးစီတို့ ဟူစိန်အိုတို့ရဲ့ အပုတ်သတင်းတွေ ထွက်လာတဲ့အခါမှာ များသောအားဖြင့်က ဟန်းတားအမှုလောက် လူသိမများကြတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း တချို့ဗခတွေစားတာ လူသိပေမယ့် တချိန်က တီဗီမင်းသားကြီးစားတာကျတော့ အသံသိပ်မထွက်သလို ကွာတာဖြစ်ပါလိမ့်မယ်။ ခြစားတာတော့ တူတူချည့်ပါပဲ။

မီဒီယာတွေကလည်း ဝေစုရနေသလိုပဲ ပလိုးစီတိတ်ဆိုတိတ်၊ ဟိတ်ဆိုဟိတ်ကြတာပါ။ ပြည်တွင်းအခွန်တို့ ထောက်လှမ်းရေးတို့ စတဲ့ဗျူရိုကရက်အဖွဲ့အစည်းတွေကလည်း ပလိုးစီ ဘိုင်ဒန် အိုဘားမား ကလင်တန် စတဲ့ ဒီမိုကရက်ဂိုဏ်းချုပ်ကြီးများကို စိတ်နဲ့တောင် ပြစ်မှားဝံ့ပုံ မပေါ်ပါဘူး။ အဲဒီခြစားအုပ်စုက ယင်းဗျူရိုကရက်အဖွဲ့ကြီးတွေကို အသုံးချပြီး ထရမ့်ကိုသာ နည်းမျိုးစုံနဲ့ စွပ်စွဲ အပြစ်တင် ချောက်ချ စစ်ဆေးနေကြပေမယ့် ဘာဆိုဘာမှ ထွက်မလာတာ ကနေ့ထိပါပဲ။ အဲဒါကို ကြည့်ခြင်းအားဖြင့် တချို့တွေရမ်းပြောနေသလို ထရမ့်က ခြစားနေသလား၊ အာဏာငန်းနေတာလား၊ အာဏာလုချင်တာလား၊ တဖက်သတ်လုပ်ကြံအပုပ်ချတာ ခံနေရတာလားဆိုတာကို ခွဲခြားသိနိုင်မှာပါ။

ပေါလ်တို့ ဟန်းတာတို့အကြောင်းပြောရင် ထရမ့်သမီးနဲ့ သားမက်ကလည်း သမ္မတထရမ့်နဲ့အတူ ဆွေးနွေးပွဲတွေမှာ ပါလေ့ရှိကြောင်း ကြေးတန်းညှိကြမည့်သူတွေ ရှိမှာပါ။ ကွာတာက ထရမ့်သမီးနဲ့ သားမက်က သူတို့ရဲ့ လက်ရှိအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပစ်ပြီး အိမ်ဖြူမှာ တရားဝင်ရာထူးယူပြီး ရန် အန္တရာယ်များလှတဲ့ ကျားရဲတွင်းလိုဖြစ်နေတဲ့ ဝါရှင်တန်မှာ ဖခင်ကိုရော တိုင်းပြည်ကိုပါ လူသိရှင်ကြား လာရောက်ကူညီပေးနေတာ ဖြစ်ပါတယ်။ ထရမ့်သမီးရဲ့ ကလေးရှိသူများ အခွန်သက်သာခွင့်နဲ့ ထရမ့်သားမက်ရဲ့ သမိုင်းဝင် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးစာချုပ်ဖြစ်တဲ့ အဘရာဟမ်အက်ကော့က သမိုင်းရဲ့ လှပတဲ့ အချိုးအကွေ့တခုဖြစ်ပါတယ်။ အဲဒါတွေကို ထရမ့်သားမက်က သိုင်းရွိုက်ကင်ဆာ ခံစားနေရတဲ့ကြားက လုပ်ကိုင်ပေးခဲ့တာပါ။

ပလိုးစီရဲ့ တိုင်ဝမ်ခရီးစဥ်အပေါ် ဟတ်ဒ်ဆန်အင်စတီကျုက တရုပ်ပြည်ရေးရာကျွမ်းကျင်သူဒါရိုက်တာ မိုက်ကယ်ဖေလ်စ်ဘယ်ရီက အမေရိကန်ပြည်သူတွေဟာ ဒီမိုကရက်တွေရဲ့ တရုပ်အပေါ် ပျော့ပြောင်းလွန်းနေတာကို အားမရကြတဲ့အတွက် တရုပ်ကို အာခံရဲတယ်ဆိုတာကို ပြပြီး အမှတ်ယူဖို့သွားတာပဲဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူမခရီးစဥ်က အပေါ်ယံနာမည်ကောင်းယူဖို့သက်သက် တပွဲတိုးလုပ်တာ မဟုတ်ဘူးဆိုရင် တရုပ်ပြည်ရဲ့ အန္တရာယ်ကို တုန့်ပြန်ရင်ဆိုင်ဖို့ ရီပါဘလစ်ကန်ဗျူဟာသမားတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှု ရှိမှသာ အလုပ်ဖြစ်မယ့်အကြောင်း မာ့ခ်လီဗင်းနဲ့အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: