တကမ္ဘာလုံးရဲ့ ကလိုင်းမိတ်ရှေ့ဆောင်အဖြစ် ဂုဏ်ယူဝင့်ကြွားနေတဲ့ ကယ်လီဖိုးနီးယားရဲ့ နျူဆမ်အဆိုးရဟာ ဓါတ်ဆီ/ဓါတ်ငွေ့ကားသစ်ရောင်းချမှုကို ၂၀၃၅မှာ လုံးဝ ပိတ်ပင်သွားမယ်လို့ ကြေငြာပြီး တပတ်ခန့်အကြာမှာ မြောက်ပိုင်းကယ်လီဖိုးနီးယားကို တပတ်ခန့်ကြာတဲ့ အပူလှိုင်း ဖြတ်ပါတယ်။ အမြဲအေးတဲ့ ဆန်ဖရန်စစ္စကိုမှာတောင် ၉၇ဖာရင်ဟိုက်ရှိပြီး လီဗာမောမြို့က အမြင့်ဆုံးအပူချိန်က ၁၁၆နဲ့ နှစ် ၅၀စံချိန်တင်သွားပါတယ်။ အပူလှိုင်းက ကနေ့ညနေအထိ ရှိနေဦးမှာပါ။
အပူလှိုင်းမဖြတ်ခင်ကတောင် ပုံမှန်ထက် နည်းနည်းပိုပူပြီဆိုတာနဲ့ လူသုံးအများဆုံးဖြစ်တဲ့ ညနေ ၄နာရီက ၉နာရီအတွင်း လျှပ်စစ်ကားတွေ အားမသွင်းရတို့၊ ပါဝါဆွဲအားများတဲ့ မိုက်ခရိုဝေ့ဖ်တို့၊ အဝတ်လျှော်စက်၊ အဝတ်ခြောက်စက်၊ ပန်းကန်ဆေးစက် စတာတွေ မသုံးဖို့၊ အိမ်တွင်းသာမိုစတက်ကို ၇၈အထက် ထားဖို့တွေ တချိန်လုံးပြောနေ လွှင့်နေတာပါ။ မီးအလှည့်ကျဖြတ်ဖို့လည်း အိမ်တွေကို အုပ်စုခွဲပြီး တန်းစီထားပါပြီ။ မိုးကလည်းခေါင်တော့ ရေသုံးစွဲတာလည်း ကန့်သတ်ထားတဲ့အတွက် ကမ္ဘာ့ နံပါတ်၅ စီးပွားရေးအင်အားကြီးဖြစ်တဲ့ ကယ်လီဖိုးနီးယားဟာ တတိယကမ္ဘာနိုင်ငံတခုနဲ့ ပိုပိုပြီး တူလာနေပါတယ်။
အဲဒီလိုအခြေအနေမှာ တပတ်နီးပါးကြာတဲ့ အပူလှိုင်းဖြတ်လိုက်တော့ ၂၀၂၅မှာ ပိတ်သိမ်းဖို့ ပြင်ထားတဲ့ ပြည်နယ်ရဲ့ တခုတည်း ကျန်တော့တဲ့ နျူစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံကို ၂၀၃၀ကျမှ ပိတ်ဖို့ ရွှေ့ဆိုင်းလိုက်ရပါတယ်။ အဲဒီဓါတ်အားပေးစက်ရုံက တပြည်နယ်လုံးလိုအပ်ချက်ရဲ့ ၅% ကို ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။
ဥရောပမှာလည်း အရင်က နျူစွမ်းအင်ရော ကျောက်မီးသွေးပါ တွင်တွင်ကျယ်ကျယ်သုံးပြီး ဓါတ်အားပေးနေခဲ့ကြတာပါ။ ခုတော့ ကလိုင်းမိတ်အကြောင်းပြပြီး ပိတ်ကုန်လို့ ရန်သူ စစ်သွေးကြွတွေဆီက ဝယ်သုံးနေရတာပါ။ ကံကောင်းချင်လို့ပဲ ပြောရမလားမသိ၊ ကယ်လီဖိုးနီးယားမှာ နျူဓါတ်အားပေးစက်ရုံ တလုံးကျန်နေသေးလို့ ပူရတဲ့ကြားတဲ့ ဖယောင်းတိုင်နဲ့ နှစ်ပါးမသွားရတာ ဖြစ်ပါတယ်။
ခုတော့လည်း ဗလောင်းဗလဲနိုင်လှတဲ့ ပလုံစီ့တူ နျူဆမ်က “တကယ်တမ်းမှာ နျူစွမ်းအင်က သန့်ရှင်းတဲ့ စွမ်းအင်ရင်းမြစ်တခုပဲလို့ ပြောပြန်ပါတယ်။ နျူစွမ်းအင်က ခုခေတ်မှာ ယိုစိမ့်မှု၊ ပေါက်ကွဲမှုတွေ မဖြစ်အောင် လုပ်နိုင်တဲ့ နည်းပညာတွေ အဆင့်မြင့်လာပြီဖြစ်လို့ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုနဲ့ ထုတ်လုပ်ရေးပိုင်း ထိရောက်မှုတွေမှာ အကောင်းဆုံးဖြစ်တာ တွေ့ရှိလာကြပါပြီ။
ဒီနျူဓါတ်ပေါင်းဖိုက ထုတ်ပေးတဲ့ ၅% ကလည်း ခုလို အပူလှိုင်းဖြတ်ချိန်မှာ လောက်ငတာမဟုတ်တော့ အရေးပေါ်အခြေအနေအတွက် ထားထားတဲ့ (သူတို့ အကြောင်းမဲ့ ရန်ရှာနေတဲ့) ဓါတ်ငွေ့နဲ့မောင်းရတဲ့ ဂက်စ်တာဘိုင်ကြီး ၄လုံးကို ပထမဦးဆုံးအကြိမ် အသုံးပြပြီး ဓါတ်အား ထုတ်နေရတာ ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားမှာ နေ့မွန်းတည့်ချိန်မှာတောင် နေ/လေစွမ်းအင်တွေက ထုတ်လုပ်နိုင်တဲ့ ပမာဏက ပြည်နယ်လိုအပ်ချက်ရဲ့ ၃၂.၄% ပဲ ရှိတာပါ။ ပြည်နယ်လိုအပ်ချက်ရဲ့ ၄၅.၁%ကို ရုပ်ကြွင်းလောင်စာနဲ့ လည်ပတ်တဲ့ ဓါတ်အားပေးစက်ရုံတွေက ထုတ်လုပ်ပေးနေတာဖြစ်ပြီး နျူဆမ်တို့ ဘိုင်ဒန်တို့ ဒီမိုကရက်တွေက အဲဒီစက်ရုံတွေကို ပိတ်ပစ်ဖို့ စိုင်းပြင်းနေတာ ဖြစ်ပါတယ်။
လက်တွေ့မကျတဲ့ စွမ်းအင်စီမံကိန်းတွေအကြောင်း ပြောမယ်ဆိုရင် ခြကိစ္စကိုလည်း ထည့်ပြောမှ ဖြစ်ပါလိမ့်မယ်။ ဘိုင်ကြီးသား ဟန်းတားနဲ့ ပတ်သက်ခဲ့သမျှလူတွေက စွမ်းအင်ကဏ္ဍကချည့်လို ဖြစ်နေတာနဲ့ ဘိုင်ကြီးတက်လာလာချင်း ပြည်တွင်း ရေနံပိုက်လိုင်းဆောက်တာတွေ ရပ်ပစ်တာ မတော်တဆတိုက်ဆိုင်တာမျိုး လုံးဝ မဖြစ်နိုင်ပါဘူး။
ပြည်တွင်းမှာ ဈေးချိုချို ပေါပေါများများ ရနိုင်နေတဲ့ စွမ်းအင်အရင်းအမြစ်တွေကို ပိတ်ပင်ဟန့်တားပြီး အဲဒီအရင်းအမြစ်မျိုးကိုပဲ ကိုယ့်တိုင်းပြည်လောက် အဆင့်မြင့်မြင့် သန့်သန့်စင်စင် မထုတ်နိုင်တဲ့ နိုင်ငံတွေ တိတိကျကျပြောရရင် ရန်သူနိုင်ငံတွေက ဈေးကြီးပေးပြီး ဝယ်သုံးနေရတာက ဘယ်လိုဆင်ခြင်မျိုးပဲပေးပေး ပြည်သူ့အကျိုးနဲ့ ဆန့်ကျင်ဖက်မှာပဲ ဖြစ်နေမှာပါ။ ဓါတ်ဆီကားထက် ဈေးအများကြီးပိုကြီးတဲ့ လျှပ်စစ်ကားတွေ အတင်းဝယ်ခိုင်းပြီး အလုပ်က အိမ်ပြန်ရောက်ချိန်မှာ အားသွင်းဖို့ ပိတ်ပင်တယ်ဆိုတာကလည်း အဓိပ္ပါယ် ရှိမနေပါဘူး။
ပိုဆိုးတာက ကျောင်းတွေကလည်း ပြန်ဖွင့်နေပြီဆိုတော့ ကျောင်းချိန်အတွင်း မီးပျက်သွားရင် ကလေးတွေကို အိမ်ပြန်လွှတ်ရတာပါ။ မနက်ထဲက မီးပျက်ရင်တော့ အဲဒီနေ့ ကျောင်းမသွားရပါဘူး။ ကောင်းကျိုးရှာမတွေ့ပေမယ့် ဆိုးကျိုးစာရင်းက တိုးလို့သာ နေပါတယ်။ တိုင်းပြည်တခုကို မဖွံ့ဖြိုး မတိုးတက်စေချင်ရင် စွမ်းအင်တို့ ပညာရေးတို့မှာ ဘရိတ်တပ်ထားဖို့ထက် ပိုထိရောက်တဲ့ နည်းလမ်းများ ရှိကြသေးလား စဥ်းစားကြစေချင်ပါတယ်။
လက်ရှိ တိုင်းပြည်ရဲ့ စွမ်းအင်လိုအပ်ချက်ကို ရီနျူးရေးဘဲလ်အင်နာဂျီနဲ့ အပြည့်အဝ အစားထိုးဖို့ရာ အဆင်သင့်ဖြစ်ဖို့ အဝေးကြီး လိုသေးတဲ့အချိန်မှာ အလျင်စလို အာဏာနဲ့ပြောင်းခိုင်းတာက ဒီမိုကရေစီနည်းလမ်းမကျသလို ဈေးကွက်စီးပွားရေး ကနေလည်း သွေဖီနေပါတယ်။ ဓါတ်ဆီ၊ ဓါတ်ငွေ့၊ ဒီဇယ်တွေကို ထိန်းချုပ်လိုက်တာက ယာဥ်တွေပေါ်မှာတင်မကပဲ တပြည်လုံးရဲ့ စွမ်းအင် လိုအပ်ချက် အပေါ် အကြီးအကျယ် သက်ရောက်တာပါ။
ဒီတပတ်အင်္ဂါနေ့ကမှ ဘိုင်ကြီးအဆိုးရက အမေရိကန်အနောက်ဖက် ပြည်နယ်၃ခုမှာရှိတဲ့ ဧက ၅၈,၆၁၇ကျယ်တဲ့ ရေနံတူးဖော်ခွင့်ပါမစ်ပေါင်း ၁၁၃ခုကို ရပ်စဲပစ်ဖို့ ဝိုင်းလ်ဒ်အာ့သ်ဂါဒီယန်စ်ဆိုတဲ့ ပတ်ဝန်းကျင်အုပ်စုတခုနဲ့ လက်မှတ်ထိုးခဲ့ပါတယ်။ အဲဒီအုပ်စုနဲ့အတူ ဆီယားရာကလပ်ဘ်လည်း ပါဝင်ပြီး ထရမ့်လက်ထက် ပြည်တွင်းစွမ်းအင်ဖူလုံအောင် လုပ်ထားခဲ့တာမှန်သမျှကို မြေလှန်ပစ်ဖို့ နောက်ခြေလှမ်းတခု စတင်လိုက်တာဖြစ်ပါတယ်။
မီးပေးတဲ့ ကုမ္ပဏီတွေကိုလည်း ဥပဒေထုတ်ပြီး နေ၊ လေစတာတွေ အတင်းပြောင်းခိုင်းတော့ အသစ်ရင်းနှီးမြှုပ်နှံရတဲ့စားရိတ်က မချိမဆန့်ပါပဲ။ အရင်းရှင်တွေကိုပဲ ထိုင်ဆဲနေကြပေမယ့် အဲဒီစားရိတ်က ပြည်သူဆီကပဲ လာရတာပါ။ လုပ်ငန်းရှင်က မကိုက်ရင် မလုပ်ရုံပါပဲ။
ကောင်းကျိုးက တြုတ်ပြည်၊ ရုရှား၊ အရှေ့အလယ်ပိုင်းစတဲ့ ခံယူချက်ချင်း လုံးဝကွဲပြားတဲ့ နိုင်ငံများနဲ့ သူတို့ လက်ဝေခံများ အတွက်လောက်သာဖြစ်ပြီး အများပြည်သူအတွက် ဘာကောင်းကျိုးတခုမှ လက်ဆုတ်လက်ကိုင် မပြနိုင်ပဲ သူတို့ကို မေးခွန်းထုတ်လာတိုင်း အကြောက်တရားနဲ့ပဲ ခြောက်လှန့်နေတာပါ။
နေစွမ်းအင်၊ ဘက်ထရီ၊ လေစွမ်းအင်အတွက် ပစ္စည်းတွေ အဓိက တင်ပို့နေတဲ့ တြုတ်ပြည်ကတော့ သူ့ပြည်တွင်း စွမ်းအင်လိုအပ်ချက်ကို လုံးဝ အထိပါးမခံပါဘူး။ ကုန်ထုတ်လုပ်မှုအတွက်ပဲဖြစ်ဖြစ် ပြည်သူအများ မီး/အပူ ပေးဖို့ပဲဖြစ်ဖြစ် ရေနံ၊ ဓါတ်ငွေ့နဲ့ ကျောက်မီးသွေးတို့ကို အားရပါးရ သုံးနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ လက်အောက်ခံ စွမ်းအင်ကုမ္ပဏီတွေနဲ့ ပေါင်းစားသူတိုင်းကတော့ အဲဒီလို သုံးလို့မရအောင် ကိုယ့်တိုင်းပြည်ကို ကိုယ်ပြန်ကြပ်ရပါတယ်။ အဲဒီအတွက် ဖြစ်လာတဲ့ ရလာဒ်က အများမျက်မြင်ပါပဲ။
ကလိုင်းမိတ်တွန်းလာရတဲ့အကြောင်းရင်းအမှန်က ပြည်သူအတွက်ဆိုရင် ပြည်သူအကျိုးမရှိတာတွေကို ဆက်မတွန်းသင့်တာ အမှန်ပါ။ ဖြစ်သင့်တာက ပြည်သူတွေချောင်လည်ပြီး တိုင်းပြည်ချမ်းသာလာတဲ့အခါ သုတေသနအတွက် ပိုက်ဆံလည်း ပိုတတ်နိုင်လာပါလိမ့်မယ်။ အဲဒီတော့မှ သုတေသနကောင်းကောင်းလုပ်ပြီး အနာဂတ်အတွက် အကောင်းဆုံးဆိုတဲ့ နည်းလမ်းတွေ ရှာကြံသွားဖို့က နှစ်အများကြီး စောင့်စရာ မလိုပါဘူး။ တကယ်လည်း ထိရောက်၊ ဈေးချို၊ လွယ်ကူမယ်ဆိုရင် ဘာအာဏာမှ သုံးစရာမလိုပဲ ပြည်သူက အလိုလို ပါလာမှာပါ။ အဲဒါက အာဏာရှင်လို လုပ်စရာမလိုပဲ ဒီမိုကရေစီနည်းလည်း ကျသလို ဈေးကွက်စီးပွားရေးစနစ်လည်း ပီပြင်ပါတယ်။