မနေ့တုန်းက “ငါ့ခေါင်းအုံး”ကုမ္ပဏီပိုင်ရှင် မိုက်ခ်လင်းဒဲလ်ဟာ အိုင်အိုဝါပြည်နယ်မှာ အလုပ်ကိစ္စနဲ့ ခရီးသွားနေစဥ် အမြန်စားသောက်ဆိုင်တခုမှာ ကားထဲကနေ မှာယူဖို့ စောင့်ဆိုင်းနေတုန်းမှာ အဖွဘီအိုင်က ရှာဖွေဝရမ်းနဲ့ သူ့ရဲ့ ဖုံးကို သိမ်းဆည်းသွားပါတယ်။ သူ့ရဲ့ကားကို ရှေ့ကနေကန့်လန့်ဖြတ်တစီး၊ ဘေးကနေတစီး၊ နောက်တစီးနဲ့ ညှပ်ထားပြီး အစပိုင်းမှာ သူ့ရဲ့ ရှေ့နေဆီ ဖုန်းခေါ်ခွင့် မပြုသလို ဘာကြောင့် ဘာပြစ်မှုမှမရှိတဲ့ အရပ်သားတဦးကို အခုလို ရာဇဝတ်သားလို လက်နက်တွေနဲ့ လာဖမ်းရတယ်ဆိုတာ ၁၉၃၀ပြည့်လွန်နှစ်တွေက ဂျာမဏီနိုင်ငံလို ဖြစ်နေတာပါ။
မိုက်ခ်ရဲ့ တိုင်းပြည်ရဲ့ အဆီအငေါ်မတည့်မှုတွေအပေါ် သူရဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုဝေဖန်တာတွေ၊ သူ့ထုတ်ကုန်တွေကို လက်ဝဲဆိုင်ကြီးတွေက တင်ရောင်းပေးနေတာတွေ ရပ်စဲခဲ့ပေမယ့် ပြည်သူအများက သူ့ဝက်ဘ်ဆိုက်ကနေ တိုက်ရိုက် အင်တိုက်အားတိုက် ဝယ်ယူအားပေးကြတာကို အဖွဘီအိုင်က မျက်စေ့စပါးမွှေး စူးနေပုံရပါတယ်။
ထရမ့်ရဲ့ ဖလော်ရီဒါက မာရာလေဂိုအိမ်ကို အဖွဘီအိုင်တွေ ဝင်စီးပြီး ရက်ပိုင်းအတွင်းမှာ ထရမ့်ကို ထောက်ခံမှုပေးနေတဲ့ ကွန်ဆာဗေးတစ်တွေ တော်တော်များများ အိမ်တွေ ဝင်အရှာခံခဲ့ရပါတယ်။ ဘာအပြစ်၊ ဘာအကြောင်းမှ ဟုတ်တိပတ်တိ မပြနိုင်တဲ့အတွက် ၂၀၂၂၊ ၂၀၂၄တို့အတွက် ကြိုတင် နှိမ်နှင်းထားတာ ဖြစ်နိုင်ပါတယ်။ အပြစ်မရှိလို့ ထောင်ချတဲ့အထိ မဖြစ်ရင်တောင် ရှေ့နေငှားရတာ အလုပ်ပိုသလို၊ ဖုန်းနဲ့ အလုပ်လုပ်နေရတဲ့ ခေတ်ကြီးမှာ ဖုန်းတွေပါသိမ်းတော့ ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားဖို့ ခက်တဲ့အပြင် ဖုံးထဲက အဆက်အသွယ်တွေကိုပါ ခြိမ်းခြောက်လိုက်သလို ဖြစ်နေတာပါ။
မိုက်ခ်ကတော့ သူပြောနေတာတွေက (မြန်မာနိုင်ငံနဲ့ နိုင်ငံတော်တော်များများမှာ လုပ်သလိုမျိုး) စာရွက်နဲ့ မဲပေးဖို့ လှုံ့ဆော်နေတာဖြစ်လို့ အခုလို လူမြင်ကွင်းမှာ ရှာဖွေတာဟာ သူ့ရဲ့ လွတ်လပ်စွာ ဖော်ထုတ် ပြောဆိုခွင့်ကို အန္တရာယ် ပြုချင်နေတာသာဖြစ်ကြောင်း၊
သူ့ကို ပြည်နယ်တချို့က ဒီအေတွေ တာဝန်ရှိသူတွေနဲ့ သွားတွေ့ဆုံခဲ့တဲ့ အကြောင်းတွေကိုလည်း မေးမြန်းခဲ့ကြောင်း၊ သူက အဲဒီလိုတွေ့ဆုံပြီး စာရွက်မဲက အမှားအနဲဆုံးနဲ့ စိတ်အချရဆုံး မဲပေးနည်းဖြစ်တဲ့အတွက် အဲဒီစနစ်မျိုး ဖြစ်လာနိုင်မယ့် နည်းလမ်းတွေ ရှာနေတာသာဖြစ်ကြောင်း၊
သူက လူ ၂၀၀၀ လောက်ကို အလုပ်ပေးထားတဲ့ သူ့ကုမ္ပဏီ ၅ခုကို ဖုံးပေါ်ကနေ ညွှန်ကြားမှု ပေးနေတာဖြစ်တဲ့အတွက် ဘာအကြောင်းပြချက်မှ မခိုင်လုံပဲ ဖုံးသိမ်းသွားတယ်ဆိုတာ အစိုးရဌာနအလုပ်လား လူဆိုးတွေအလုပ်လားလို့ မေးရမလို ဖြစ်နေကြောင်း ပြောကြားသွားပါတယ်။
အဖွဘီအိုင်ရဲ့ အပုတ်နံ့တွေက ခုတလော ခပ်လှိုင်လှိုင်ထွက်နေတာပါ။ ထရမ့်နဲ့ ရုရှားပတ်သက်နေတယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ စွဲချက် စတီးလ်ဒေါ်စီရေရဲ့ အဓိက လှုပ်ရှားသူဖြစ်တဲ့ ဒန်ချန်ကိုကို အဖွဘီအိုင်က အဆင်မြင့် လုံခြုံရေးကင်းလွတ်ခွင့်ပေးပြီး အကာအကွယ် (ဖုံးကွယ်) ပေးနေတဲ့အပြင် လခပါပေးထားတယ်ဆိုတာ အဲဒီကိစ္စကို စစ်ဆေးနေတဲ့ အထူးရှေ့နေ ဒါဟမ်က ဖော်ထုတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း ဟေလာရီသူ့ရဲ့ ပါစင်နယ်ဆာဗာမှာ ကလပ်စီဖိုင်းအီးမေးလ် ဘာတခုမှ မရှိပါဘူး၊ အဲဒီအကြောင်းပဲ ပြန်ပြန်ပြောနေကြတာပဲလို့ တွဒ်တာမှာ တက်ရေးသွားပါတယ်။ သူမအဆိုက စုံစမ်းစစ်ဆေးမှုတွေကနေ တွေ့ရှိထားတာတွေနဲ့ ဆန့်ကျင်ဖက် ဖြစ်နေတာပါ။
အက်ဖ်ဘီအိုင်ဒါရိုက်တာ ဂျိမ်းစ်ကိုမေက ၂၀၁၈တုန်းက အီးမေးလ်ချိန်းပေါင်း ၈၁ခုက အီးမေးပေါင်း ၁၉၃ခုပါဝင်တဲ့ ကလင်တန်ရဲ့ အီးမေးလ်တွေဟာ လှို့ဝှက်ကနေ ထိပ်တန်းလျို့ဝှက်အဆင့်အထိ ဖြစ်ကြပြီး အဲဒီအီးမေးလ်တွေကို လုံခြုံရေးအစီအမံတွေ လုပ်မထားတဲ့ စနစ်ကနေ/သို့ ဟေလာရီရဲ့ ပါစင်နယ်ဆာဗာနဲ့ ပေးပို့ထားကြတာ ဖြစ်ပါတယ်။ အဲဒါတွေကို အက်ဖ်ဘီအိုင်က ကလင်တန့်အိမ် သွားမရှာခဲ့သလို ရန်သူဆီက တံစိုးလက်ဆောင် လက်ခံထားတာ ထင်ရှားနေတဲ့ ဟန်းတားရဲ့ ဖုံးကိုလည်း ယူမစစ်ကြပါဘူး။
အစိုးရအဖွဲ့အစည်းတခုလည်းဖြစ် အာဏာ/လုပ်ပိုင်ခွင့် ကြီးမားတဲ့ အဖွဲ့ကြီးက ဘက်မလိုက်ပဲ ပြည်သူ့မျက်နှာပဲ ကြည့်ရမယ့်အစား တပါတီရဲ့ လက်ကိုင်ဒုတ်ဖြစ်နေတာက တိုင်းပြည်အတွက် အင်မတန် အန္တရာယ် ကြီးလှပါတယ်။ တဖက်ကလည်း အမွှေစိန့်လူတွေက တရားဥပဒေအပေါ် လူတွေ အယုံအကြည်မဲ့အောင် ပြုလုပ်နေတဲ့အပြင် လက်တီနိုမဲတွေပါ ဆုံးရှုံးလာတဲ့နောက်ပိုင်း လက်တီနိုအသံ/တီဗီချန်နယ်တွေ ဝယ်ယူပြီး မှိုင်းတိုက်တာတွေ လုပ်လာနေပါပြီ။
ရေများရေနိုင် မီးများမီးနိုင်ဖြစ်လို့ သူတို့လူတွေပဲ ဆက်အာဏာရနေဦးမယ်ဆိုရင် ဒီနိုင်ငံရဲ့ ဒီမိုကရေစီက လုံးဝ ချုပ်ငြိမ်းဖို့ နီးလာမှာ အမှန်ပါပဲ။ ပုံမှန်အခြေအနေမျိုးမှာတောင် တပါတီတည်း အကြာကြီး အုပ်ချုပ်လာရင် အကျင့်ပျက် ခြစားမှုတွေ၊ ပြည်သူ့မဲအတွက် ကြိုးစားအားထုတ်မှုတွေ လျော့ကျသွားနိုင်နေတာပါ။ အခုလို ခြစားတွေ၊ ရန်သူအားပေးတွေရဲ့ ပါတီက အာဏာကို တလက်ကိုင် ချယ်လှယ်နေမယ်ဆိုရင်တော့ ကမ္ဘာမှာ ပြေးစရာ မြေရှိတော့မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အမေရိကန်က လွတ်လပ်မျှတတဲ့ လူ့အဖွဲ့အစည်းရဲ့ နောက်ဆုံးခံတပ်ဖြစ်လို့ပါ။