အရင်က ဗြိတိန်နိုင်ငံသားဖြစ်ခဲ့ဖူးတဲ့ အသက် ၃၄နှစ်ရှိ ဆူဒန်ဖွား အယ်လ်ရှဖီအယ်လ်ရှိခ်ဟာ အီရတ်နဲ့ ဆီးရီးယားတို့မှာ ၂၀၁၂ကနေ ၂၀၁၅အတွင်း ရက်စက်ယုတ်မာတဲ့ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ပြီး အမေရိကန် ၄ဦးပါဝင်တဲ့ ဂျာနယ်လစ်နဲ့ ကူညီကယ်ဆယ်ရေးဝန်ထမ်း ၂၆ဦးကို ပြန်ပေးဆွဲ၊ နှိပ်စက်ပြီး သတ်ဖြတ်ခဲ့ရာမှာ ကိုယ်တိုင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ အယ်လ်ရှိခ်က သူတို့ခေါင်းဖြတ်/ မီးရှို့သတ်ခဲ့တာတွေကို ကင်မရာနဲ့ လိုက်ဖ်လွင့်မှတ်တမ်းတင်လေ့ ရှိသူဖြစ်ပါတယ်။ သူ့ကို အရင်ရှေ့နေချုပ် ဝီလီယံဘားက သေဒဏ်ကနေ လွှတ်ပေးလိုက်ပြီး ဗာဂျီးနီးယားက ခရိုင်တရားရုံးတခုက တသက်တကျွန်း ၈ကြိမ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
အယ်လ်ရှိခ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအရ သူ့ကို ဆူပါမက်စ်အဆင့်ရှိတဲ့ အမေရိကန်ရဲ့ လုံခြုံရေးတင်းကျပ်မှု အမြင့်ဆုံးအကျဥ်းထောင် ADX Florence မှာ တသက်လုံး တနေ့ကို ၂၃နာရီ တိုက်ပိတ်ခံထားရမှာဖြစ်ပြီး ကျန်တဲ့ ၁နာရီမှာလည်း နေရောင်အောက်မှာဆိုပေမယ့် ခြေလှမ်း ၁၀လှမ်းစာလောက်ကျယ်တဲ့ ကွန်ကရစ်နံရံတွေ၊ ချိန်းကြိုးတွေနဲ့ ထားတာပါ။
အဲဒီထောင်ကို ဖက်ဒရယ်ထောင်ဗျူရိုက အုပ်ချုပ်ပြီး ဘော်စတွန်မာရသွန်မှာ ဗုံးခွဲခဲ့သူ ဒိုခါဇာနက်ဗ်၊ သင်္ချာပါမောက္ခဖြစ်ခဲ့ပြီး ၁၇နှစ်ကြာ စာတိုက်ကနေ ပါဆယ်ဗုံးတွေကို ပညာရေး၊ စီးပွားရေးနယ်ပယ်က ထင်ရှားသူတွေဆီ ပို့နေခဲ့တဲ့ တကိုယ်ရေဗုံးသမား တဒ်ကာဇင်စကီ၊ ၁၉၉၃တုန်းက ဝေါလ်ထရိတ်စင်တာကို ဗုံးခွဲခဲ့ရာမှာ ကြိုးကိုင်ခဲ့တဲ့ ရမ်ဇီယူဆွတ်၊ မက္ကဆီကိုဖွား မူးယစ်ရာဇာ ဝှာကင်ဂုဇ်မန်၊ စတဲ့ နာမည်ကြီးတွေ ထားရှိတာ ဖြစ်ပါတယ်။ အကျဥ်းသား ၄၀၀ကျော်လောက်က ၇x၁၂ပေကျယ် အခန်းတွေမှာ တယောက်ချင်းစီ နေ/စား/အိပ်ရတာ ပုံမှန်ဖြစ်ပါတယ်။
အခုတော့ အဲဒီထောင်ကို လူသားမဆန်လို့ဆိုပြီး အဲဒီအနားမှာရှိတဲ့ လုံခြုံရေးအဆင့်မမြင့်တဲ့ USP Florence High မှာ ပြောင်းထားလိုက်တာကို ဒေးလီးမေးလ်က ဖော်ထုတ်တွေ့ရှိထားပါတယ်။ အခုပြောင်းထားတဲ့ ထောင်မှာ ဧည့်သည်လာတွေ့ခွင့်၊ ပညာရေးအစီအစဥ်၊ ဆံပင်ညှပ်ဆိုင်၊ ဈေးဆိုင်၊ ဘုရားကျောင်း၊ လေ့ကျင့်ခန်းလုပ်ဖို့နေရာတွေ ပါရှိပြီး လူတွေနဲ့ အထိအတွေ့ပိုများလာမှာ ဖြစ်တဲ့အတွက် အယ်လ်ရှိခ်ရဲ့ အကြမ်းဖက်အတွေးအခေါ်တွေ၊ နှိပ်စက်နည်းတွေ ပြန့်ပွားမှာကို စိုးရိမ်နေကြတာပါ။
၂၀၁၄တုန်းက ထောင် ၄၀ကျော်မှာ စစ်ဆေးရေးချုပ်အဖြစ် လှည့်လည်စစ်ဆေးခဲ့ရတဲ့ နစ်ခ်ဟာဒ်ဝခ်က အကြမ်းဖက်မှုနဲ့ ကျလာတဲ့ ထောင်ကျတွေဟာ တခြား ထောင်ကျတွေအပေါ် ဖိအားပေး သိမ်းသွင်းတတ်ကြကြောင်း တွေ့ရှိထားခဲ့ပါတယ်။ ဗြိတိန်မှာ ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာလည်း ထောင်ထဲမှာ အစွန်းရောက်ဝါဒတွေနဲ့ ထိတွေ့ခဲ့ရတဲ့ ရာဇဝတ်ကောင်တွေက လုပ်ကြတာဖြစ်တာကြောင့် အကြမ်းဖက်သမား၊ အစွန်းရောက်တွေကို တခြားထောင်သားတွေနဲ့ မရောနှောစေဖို့က အရေးကြီးတာဖြစ်ပါတယ်။ အယ်လ်ရှိခ်ဟာ ဗြိတိန်မှာ ကလေးဘဝထဲက ခိုလှုံလာခဲ့တာတောင် အကြမ်းဖက်အဖြစ် ကြီးပြင်းလာသေးတာပါ။
ဗြိတိန်မှာ အကျဥ်းထောင်တွေက အစွန်းရောက်ဝါဒ ဖြန့်ဖြူးတဲ့ ဌာနကြီး ဖြစ်နေသလို အမေရိကန်မှာလည်း ဖြစ်လာနေပါပြီ။ လွတ်တာက တဦးချင်းစီ သီးသန့်ထားတဲ့ လုံခြုံရေးအတင်းကျပ်ဆုံးအဆင့် ထောင်တွေလောက်ပဲ ရှိတာပါ။ အဲဒီလို အမှိုက်ပုံထဲ မီးစပစ်ထည့်တဲ့လုပ်ရပ်မျိုးကို တိုးတိုးတိတ်တိတ်နဲ့ လုပ်သွားတာက ဘိုင်ဒန်တရားရေးဌာနနဲ့ အမွှေစိန်တို့လူတွေ ဘယ်လောက်ခြစားနေတယ်ဆိုတာကို ပြနေတာပါပဲ။
အကြမ်းဖက်မဟုတ်ပေမယ့် ပြစ်မှုကြီး၊ အာဏာရှိသူတွေကြား ပေါက်ရောက်တဲ့ ဂျစ်ရှ်လင်မက်ဆွဲလ်လည်း အဲဒီလိုနဲ့ပဲ ထောင်တုန်းက လုံခြုံရေးအမြင့်ဆုံးထောင်ကနေ ဘယ်လောက်မှ မကြာခင် ဈေးဆိုင်တွေ၊ အနှိပ်ခန်းတွေ၊ ယောဂဆက်ရှင်တွေနဲ့ အများကြီး ပိုလွတ်လပ်တဲ့ထောင်ကို မျက်လှည့်ပြသလို ရောက်သွားခဲ့တာပါပဲ။
တဖက်မှာတော့ ဂျန်၆အမှုတို့ ထရမ့်နဲ့ သူ့ကိုကူညီနေတဲ့သူတွေကိုတော့ ဘာစီရင်ချက်မှ မချရသေး၊ အမှုတောင် ပြစရာ ခိုင်ခိုင်မာမာ မရှိနေတာတောင် နှစ်နဲ့ချီ တိုက်ပိတ်လိုပိတ်၊ ညသန်းခေါင်ကြီး အင်အားသုံးပြီး အိမ်ဝင်စီးလိုစီး၊ လူမြင်ကွင်းမှာ ရုတ်ရုတ်သဲသဲဖြစ်အောင် တားပြီးရှာလိုရှာ၊ ထရမ့်ကို ကူခဲ့လို့ စမကပုဒ်မကလွဲရင် ဘာအပြစ်မှ ပြစရာမရှိတဲ့ သက်ကြီးပညာရှင်ကို ချွတ်ရှာလိုရှာနဲ့ ထင်သလို လုပ်နေကြတာ လူပေါင်း ၄၀ထက် မနည်းပါဘူး။
ဘာမှမဟုတ်ဘူးလို့တွေးချင်လဲတွေးပေါ့။ တရားဥပဒေဆိုတာကို သားရေကွင်းလို လျော့ချင်သလိုလျော့ တင်းချင်သလိုတင်းလုပ်နေတဲ့ ဒီမိုခွက်တွေလက်ထဲမှာ ပြည်သူက တရားရေးစနစ်ဆိုတာကြီးကို အယုံအကြည်မရှိတော့ရင် ဒီလူ့အဖွဲ့အစည်းက ငြိမ်းချမ်းပါဦးမလားဆိုတာတော့ စဥ်းစားသင့်ပါတယ်။