ဂျာမဏီနိုင်ငံ ဝုလ်ဖ်ဘာ့ဂ်မြို့က ဈေးကြီးတဲ့ ပေါ့ရှ်ကားအရောင်းပြခန်းမှာ ကလိုင်းမိတ်ဆန္ဒပြသူတွေက သူတို့လက်တွေကို ကားပြခန်းကြမ်းပြင်မှာ ကော်နဲ့ ကပ်ထားကြပြီး အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။ သူတို့ဖြစ်ချင်တာက ဂျာမဏီရဲ့ ပို့ဆောင်ရေးကဏ္ဍကို ကာဘွန်ထုတ်လွှင့်မှုကင်းအောင်အထိ ဆောင်ရွက်ဖို့အတွက် အစိုးရကို ဖိအားပေးချင်တာလို့ ဆိုပါတယ်။ သူတို့က ကာဗွန်ထုတ်လွှင့်မှုကြောင့် ကမ္ဘာကြီး ပူနွေးလာပြီး လူသန်းပေါင်းများစွာ သေကုန်မယ်ဆိုတဲ့ စာတွေ ပြခန်းအနှံ့ လိုက်ကပ်ထားကြပါသေးတယ်။ အဆိုပါအမျှော်အမြင်ကြီးမားသူများ မတွေးမိတာက သူတို့လက်တွေကို ကြမ်းပြင်မှာကော်နဲ့ ကပ်ထားရင် အပေါ့အလေး ထသွားဖို့ မဖြစ်နိုင်ဘူးဆိုတာပါ။ ရှိုးရွမ်းကိုပဲ အပေါ့အလေးသွားဖို့ ခွက်စီစဥ်မပေးလို့ အပြစ်တင်ကြပါတယ်။ ပြခန်းတာဝန်ခံတွေကလည်း ညဖက်ပြခန်းပိတ်ချိန်မှာ အပူပေးစနစ်ကို ထုံးစံအတိုင်း ပိတ်လိုက်တဲ့အတွက် သဘာဝမင်းသားများ သဘာဝကျကျ နေရတဲ့အရသာကို မြည်းစမ်းကြည့်ခွင့်တော့ ရကြမှာဖြစ်ပါတယ်။
ကာဗွန်ထုတ်လွှင့်မှုကြောင့် နှစ်ပေါင်း ရာနဲ့ချီကြာမှ ၁ ဒီဂရီလောက် တိုးနိုင်တာလို့ တချို့ကဆိုပြီး အဲဒါကလည်း သမိုင်းတလျောက် အပူလွန်ခေတ်၊ အအေးလွန်ခေတ်တွေ ရှိခဲ့ကြတာဖြစ်လို့ လူကြောင့်၊ ကာဗွန်ကြောင့် ဖြစ်ရတယ်လို့ အတတ်ပြောလို့ မရနိုင်တဲ့ သာဓကတွေ အများကြီးရှိပါတယ်။ လောလောဆယ် တခြားနည်းလမ်းတွေ အဆင်ပြေပြေ လုံလုံလောက်လောက် မရနိုင်သေးခင်မှာ မသေချာတဲ့အကြောင်းတခုကြောင့် သေချာတဲ့လောင်စာကို ရပ်ပစ်လိုက်ရင် အေးခဲပြီး သေကုန်မယ့်သူတွေတော့ အများကြီးဖြစ်မှာ အသေအချာပါ။
ကမ္ဘာ့ရွာသမားကြီး ဘေလ်ဂိတ်စ်က ရုရှားက ယူကရိန်းကို ကျူးကျော်တာဟာ ရည်ရှည်မှာ ကောင်းတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလို ဖြစ်မှပဲ ကမ္ဘာ့နိုင်ငံတွေက စွမ်းအင်စိမ်းကို မဖြစ်မနေ ပြောင်းလဲဖို့ တွန်းအားပေးသလိုဖြစ်မှာလို့ ပြောပြီး ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေ စွမ်းအင်စိမ်း ဘယ်လောက်သုံးတယ်ဆိုတာပေါ်မှာ ချေးငွေတို့၊ ရင်းနှီးမြှုပ်နှံမှုထောက်ခံချက်တို့ ဘာတို့နဲ့ ချည်ထားတဲ့ အီးအက်စ်ဂျီရင်းနှီးမြှုပ်နှံမှုတွေကို ချီးမွမ်းလိုက်ပါတယ်။ အီးအက်စ်ဂျီဆိုတာ ပတ်ဝန်းကျင်၊ လူမှုရေးနဲ့ အုပ်ချုပ်မှုကို အတိုခေါက်ခေါ်တာပါ။ ဒီယုန်မြင်လို့ ဒီခြုံထွင်တယ်ဆိုတာ အမှန်ပါပဲ။
ကမ္ဘာပေါ်က ဒုက္ခအများစုက ကမ္ဘာ့ရွာသမားတွေနဲ့ အာဏာရှင်တွေကြောင့် ဖြစ်ရတာဖြစ်ပြီး အဲဒီလူတွေနဲ့ လက်မြဲမြဲတွဲနေတာက ဒီမိုခွက်ခေါင်းဆောင်တွေဖြစ်တော့ တကမ္ဘာလုံး ဒုက္ခရောက်ဖို့ မဲပေးကြမလား၊ သင်းတို့ကို ဘရိတ်အုပ်ပေးမယ့်သူတွေ ပြည်သူဘက်က တကယ်ရပ်မယ့်သူတွေကို မဲပေးကြမလားဆိုတာ ဆုံးဖြတ်ကြဖို့ လိုပါပြီ။ ကမ္ဘာ့ရွာသမားတွေက သူဌေးကြီးတွေလည်း ဖြစ်ကြတော့ သူတို့ ထောက်ပံ့ထားတဲ့ ဒီမိုခွက်တွေဘက်က ငွေလုံးငွေရင်းရော ကြော်ငြာအားရော အရမ်းကို တောင့်တင်းပါတယ်။ ရီပါဘလစ်ကန်ဘက်က အခြေခံလူတန်းစားများတဲ့အပြင် အခုအချိန်မှာ ကျပ်တည်းကြတာများတော့ ကြော်ငြာအား သိပ်မတတ်နိုင်ကြတဲ့အတွက် ကိုယ့်အချင်းချင်း နားလည်အောင် ရှင်းပြတာမျိုး၊ မဲပေးဖို့ နှိုးဆော်တာမျိုးတွေ လုပ်ပေးကြဖို့ ဆော်ဩနေကြပါတယ်။
ယူကေက ဘုရင်မကြီး ကံတော်မကုန်ခင် ၂ရက်က နောက်ဆုံးခန့်အပ်လွှာ ပေးအပ်ခံရတဲ့ ဝန်ကြီးချုပ်အသစ် လဇ်ထရပ်စ်ဟာ တာဝန်ယူပြီး တလခွဲအကြာမှာ နှုတ်ထွက်မယ်လို့ ကြေငြာလိုက်ပါပြီ။ သူမဟာ သူ့ကို ကွန်ဆာဗေးတစ်ပါတီက ရွေးချယ်ခဲ့တဲ့ တာဝန်တွေကို အကောင်အထည်မဖော်နိုင်လို့ ရာထူးက ဆင်းပေးလိုက်တာဖြစ်ပါတယ်။ တဖက်မှာ တိုင်းပြည်စီးပွားတိုးတက်ဖို့အတွက် အခွန်လျော့ကောက်ပြီး နောက်တဖက်မှာ ပြည်သူတွေရဲ့ စွမ်းအင်အသုံးစာရိတ်တွေကို ထောက်ပံ့ပေးဖို့ ငွေထပ်ချေးယူမှာ ဖြစ်ပါတယ်။
အစိုးရအသုံးစားရိတ်တွေ အများကြီး တိုးလာစေမယ့် သူမရဲ့အစီအစဥ်ကြောင့် ဈေးကွက်/တိုင်းပြည်စီးပွားရေးအပေါ် လူထုယုံကြည်မှု ပြုတ်ကျခဲ့သလို လူထုထောက်ခံမှုကလည်း ဗြိတိန်သမိုင်းမှာ အနိမ့်ဆုံး ဖြစ်သွားခဲ့ပါတယ်။ ဗြိတိန်သမိုင်းမှာ ကာလအတိုဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်အဖြစ်လည်း စံချိန်တင်သွားခဲ့ပါပြီ။
အခွန်လျော့ကောက်တာနဲ့အတူ အသုံးစားရိတ်တွေ မလျော့ချနိုင်ရင် ငွေဖောင်းပွမှုက မိုးထိုးတော့မှာပါ။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ဗြိတိန်၁ပေါင်က အမေရိကန်ဒေါ်လာ ၁.၆၂ရှိခဲ့ရာက တဖြည်းဖြည်း ကျလာခဲ့တာ ခုဆိုရင် ၁ပေါင်ကို ၁.၁၂ဒေါ်လာပဲ ရှိပါတော့တယ်။ ဒီလိုအခြေအနေမှာ ယူကေရဲ့ အကြွေးတွေကို အကုန်ထိုးရောင်းကြလို့ The Bank of England က ဝင်ထိန်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
နယူးစ်ဝိခ်က ဆောင်းပါးမှာတော့ အခုလို ဖြစ်ရတာအကုန်လုံးဟာ သူမကြောင့်ဆိုတာထက် ပါတီကို ငွေလှူထားတဲ့သူတွေ၊ ၁၉၂၂ ကော်မီတီလို့ခေါ်တဲ့ နောက်ကွယ်က ထိန်းကျောင်းကြပ်မတ်နေသူတွေ၊ စတာတွေ ကြားမှာ လဇ်ထရပ်စ်က လုပ်ရကိုင်ရခက်တယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်အသစ်ကိုတော့ ဒီလမကုန်ခင် ရွေးချယ်သွားရမှာပါ။