အောက်တိုဘာ ၂၇ရက် ၂၀၂၂

အီလွန်က တွဒ်တာကို ဝယ်တဲ့လုပ်ငန်းစဥ်ကို ကနေ့ အပြီးသတ်လိုက်ပြီး တွဒ်တာက လက်ရှိစီအီးအိုအပါအဝင် ထိပ်ပိုင်းတော်တော်များများကို ဖြုတ်ပြစ်လိုက်ပါပြီ။ သူ့ရဲ့ တွဒ်တာအကောင့် ဘိုင်အိုကိုလည်း ချိဖ်တွဒ်(​တွဒ်ချုပ်ကြီး)လို့ ပြောင်းထားသလို မနေ့က တွဒ်တာရုံးချုပ်ကို သွားတုန်းကလည်း Let that sink in! ဆိုတာကို သရုပ်ပါအောင် လက်ဆေးခွက်ကြီး သယ်ပြီး ဝင်ချသွားတာပါ။

ဒီမနက်တော့ သူဘာကြောင့် တွဒ်တာကို ဝယ်ရတယ်ဆိုတာကို အောက်ပါအတိုင်း ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

“လူတွေက ငါတွဒ်တာကို ဝယ်ရတဲ့အကြောင်းနဲ့ ကြော်ငြာတွေအပေါ် ငါဘယ်လိုထင်တယ်ဆိုတာကို မှန်းပြောနေကြတာ၊ အများစုက မှားနေပါတယ်။ ငါတွဒ်တာကို ဝယ်ရတာက အနာဂတ်လူ့ဘောင်အတွက်  ဘယ်လို ယုံကြည်မှုမျိုးရှိတဲ့သူမဆို လာရောက်ပြီး အကြမ်းဖက်ခြင်းမပြုပဲ ကောင်းကောင်းမွန်မွန် ဆွေးနွေးငြင်းခုံနိုင်တဲ့ ဒစ်ဂျစ်တယ်ရင်ပြင်လိုမျိုး ရှိဖို့ အရေးကြီးလို့ပါပဲ။ အခုအချိန်မှာ ဆိုရှယ်မီဒီယာတွေမှာ လက်ဝဲတွေက လက်ဝဲအစုလိုက် လက်ယာတွေက လက်ယာအစုလိုက်နဲ့ ကိုယ့်အုပ်စုလေးတွေမှာပဲ ကိုယ်နေကြတော့ တဖက်အသံ မကြားရတော့တာအပြင် လူတွေက တဖက်နဲ့တဖက် ပိုမုန်းတီးလာပြီး လူ့အဖွဲ့အစည်းက ပိုကွဲလာနေတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ကလစ်တွေရအောင် အပြိုင်အဆိုင်ကြိုးစားရင်းနဲ့ သမားရိုးကျမီဒီယာတွေအများစုက အဲဒီအစွန်းနှစ်ဖက်မှာ သွားစုနေကြတယ်၊ သူတို့က အဲဒီလိုလုပ်မှ ပိုက်ဆံရမယ်လို့ထင်တာ၊ ဒါပေမယ့် အဲဒီလိုလုပ်ရင်းနဲ့ နှစ်ဖက်စကားပြောနိုင်တဲ့အခြေအနေတခုက ပျောက်ဆုံးသွားတယ်။ အဲဒါကြောင့် ငါတွဒ်တာကို ဝယ်လိုက်တာပါ၊ လွယ်မယ်ထင်လို့ ဝယ်တာမဟုတ်သလို ငွေပိုရှာဖို့ ဝယ်တာလည်း မဟုတ်ပါဘူး။ လူသားကောင်းကျိုးအတွက်ပါ၊ လူသားတွေကို ငါချစ်တယ်လေ။ အဲဒီလို ဝယ်ရာမှာလည်း ငါတို့ဘယ်လောက်ပဲ အကောင်းဆုံးကြိုးစားကြိုးစား ကျရှုံးမှုအတန်တန်နဲ့ ကြုံလာနိုင်တာဟာ တကယ့်ဖြစ်နိုင်ခြေတခုဆိုတာကို အမြဲ စိတ်မှာထားပြီး မာန်မာနမထားပဲ ဝယ်ခဲ့တာပါ။”

တွဒ်တာက လွတ်လပ်ခွင့်ရှိတယ်ဆိုပေမယ့် စည်းလွတ်ဝါးလွတ်တော့ လွှတ်ထားမှာ မဟုတ်ကြောင်း၊ ဒေသဆိုင်ရာဥပဒေတွေနဲ့အညီ လိုက်နာရင်း နွေးထွေးကြိုဆိုတဲ့ ပတ်ဝန်းကျင်တခုဖြစ်နေအောင် လုပ်ပေးထားမှာဖြစ်ကြောင်း၊ ကျန်တာကတော့ သင့်အလိုအတိုင်း စိတ်ဝင်စားရာ ရွေးချယ်သွားရုံသာဖြစ်ကြောင်းများလည်း ပြောကြားသွားပါတယ်။

တွဒ်တာကို အီလွန်ဝယ်မယ်ဆိုတော့ တွဒ်တာမှာ ကြော်ငြာထည့်နေကျသူတွေကို အီလွန့်လက်ထက်မှာ ဆက်မထည့်ပဲ သပိတ်မှောက်ကြဖို့ တိုက်တွန်းတဲ့အုပ်စုတွေ အများကြီး ရှိနေပါတယ်။ သူတို့နောက်ကွယ်မှာတော့ အမွှေစိန်ပေါ့။ အီလွန်ကတော့ အမွှေစိန်ကို ချဲလင့်လုပ်ထားပါတယ်။

တရုပ်ပြည်မှာ သမ္မတဟောင်းဟူကျင်တောင်ကို ရှီကျင့်ပင်က ဖယ်ရှားခိုင်းခဲ့သလို ဟူကျင်တောင်တပည့် ဝန်ကြီးချုပ် လီကာချန်းကလည်း ရာထူးသက်တမ်း ၂ကြိမ်ပြည့်ပြီး နှုတ်ထွက်တော့မယ်လို့ ကြေငြာထားခဲ့တာပါ။ လီကာချန်းက စီးပွားရေးနားလည်သူဖြစ်ပြီး တရုပ်ပြည်ကို လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ လိုလားသူလို့ သိရပါတယ်။ ဟူကျင်တောင်ဆင်းသွားတုန်းက ကျန်တရုတ်အာဏာရှင်တွေလို ပါတီ(သို့) စစ်တပ်မှာ ဆက်လက်အုပ်စီးထားတာမျိုးမရှိခဲ့ပဲ ရှီကို လွတ်လွတ်ကျွတ်ကျွတ်ကြီးကို လွှဲပေးခဲ့တာပါ။

ပုံမှန်ဆိုရင် သတ္တိရှိသူတွေ ကိုယ်ကျင့်တရား မှတ်ကျောက်တင်ခံနိုင်တဲ့သူတွေပဲ ဘာရာထူးကိုမှ ကပ်ငြိမနေပဲ လွတ်လွတ်လပ်လပ် ဆင်းပေးကြတယ်လို့ အကြမ်းဖျဥ်း ပြောလို့ ရမှာပါ။ အဲဒါကြောင့်လည်း ပါတီအစည်းအဝေးမှာ ရှီရဲ့ တတိယသက်တမ်းနဲ့ ခုန်ပျံခွကျော်တင်ထားတဲ့ ရှီကို သစ္စာခံတဲ့သူတွေကို အတည်ပြုမယ့် မဲမတိုင်ခင်မှာ အသက် ၈၀ပြည့်တော့မယ် ဟူကျင်တောင်ကို အတင်းဖယ်ခိုင်းလိုက်တာ ဖြစ်ပုံရပါတယ်။ မဲပေးတာကလည်း လှို့ဝှက်ပေးတာ၊ ခလုတ်နှိပ်ပေးတာမျိုး မဟုတ်ပဲ လက်ထောင်ပြရတာဆိုတော့ ဒီလို ဗဟိုအဆင့်ကိုရောက်လာပြီးသား ဘယ်သူမှ တော်ရုံအကြောင်းနဲ့ ဓါးအထက်ဆုံးသူရဲ့ အငြိုငြင် ခံကြမှာ မဟုတ်ဘူးလေ။ ဟူကတော့ အသက်လဲကြီးပြီ၊ ရာထူးတွေလည်း ရခဲ့ဖူးပြီ၊ နိုင်ငံခြားသတင်းထောက်တွေလည်း စုံနေပြီဆိုတဲ့အချိန်မှာ တိုင်းပြည်အနာဂတ်အတွက် စွန့်စားကောင်း စွန့်စားလိမ့်မယ်လို့ ထင်တာလည်း ဖြစ်နိုင်တာပါပဲ။

အဲဒီလက်ထောင်တဲ့စနစ်ဆိုတာတခုထဲနဲ့တင် ပါတီညီလာခံဆိုတာကြီးက ရုပ်သေးဆိုတာကို ထင်ရှားစေတာပါ။ မြန်မာလွှတ်တော်ထဲက ဆင်တူဝတ်တွေလိုပေါ့၊ ဘာကိုမှ ကိုယ်ပိုင်ဦးနှောက်နဲ့ သုံးသပ်တာ ဆွေးနွေးတာမရှိပဲ နံပါတ်တခုအတွက်နဲ့ပဲ​ ဖော်ရှိုးပြထားတာပါ။ အမေရိကန်မှာလည်း အောက်ခြေမှာ မဲဆွယ်စဥ်က ဘာပဲပြောထားထား၊ ဘာကတိတွေပဲ ပေးပေး လွှတ်တော်ထဲ ရောက်သွားရင် မြန်မာပြည်လွှတ်တော်က ထိုင်အတူ ထအတူ အစိမ်းယိမ်းလို  စက်ရုပ်တွေ ဖြစ်မသွားဖို့ လိုပါတယ်။

ရီပါဘလစ်ကန်ဖက်မှာ ယေဘုယျ မူတွေ တူကြတယ်ဆိုပေမယ့် အကောင်အထည်ဖော်တဲ့နေရာမှာ ပုံစံ၊ ဒီဂရီ ကွာခြားမှုတွေ ရှိကြပါတယ်၊ အဲဒီအတွက် အကြေအလည် ဆွေးနွေးကြရင်းမှ တိုင်းပြည်အတွက် အကောင်းဆုံးဆိုတာတွေ ထွက်လာမှာပါ။ ဒီမိုကရက်တွေကတော့ လက်ဝဲလိုလားသူတွေပီပီ စီစီပီစတိုင်နဲ့ အသံကွဲတာကို လုံးဝ လက်မခံကြပါဘူး၊ တခါတလေကွဲထွက်တာ မန်ချင်တယောက်ပဲ ရှိပါတယ်။ အဲဒါကလည်း သူ့မဲဆန္ဒနယ်က ရီပါဘလစ်ကန်တွေ အလယ်အလတ်တွေ များတာဆိုတော့ သူ့ထိုင်ခုံအတွက်လည်း ပါမှာပါ။ ဒါကြောင့်လည်း ကျဥ်ထားတဲ့အဆင့်ကို ရောက်မလာတာဖြစ်ပါမယ်​။ တခြားကသူတွေအတွက်က ဘာပဲဖြစ်ဖြစ် ပါတီနဲ့အတူမဲပေးဖို့ ညွှန်ကြားထားတယ်လို့ တူလ်စီဂစ်ဘတ်က သူ့အတွေ့အကြုံကို ရှင်းပြခဲ့ဖူးပါတယ်။

တရုပ်ပြည်မှာ ရှီက မော်စီတုန်းလိုပဲ အကြီးမားဆုံးရာသက်ပန်ခေါင်းဆောင်ကြီးဆိုပြီး အာဏာရှင်နိုင်ငံထဲမှာ အာဏာပြန်သိမ်းတာ လုပ်သွားပါပြီ။ ဆန့်ကျင်ဖက်အသံတွေကို နှိမ်နှင်းထားတဲ့ ပတ်ဝန်းကျင်မှာ လုပ်သမျှ လွဲဖို့အခွင့်အလမ်းက အများကြီးဖြစ်လာပါတော့မယ်။ ဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ ပညာမဲ့သစ္စာခံတွေ ကြီးစိုးလာရင် ဘာဖြစ်မယ်ဆိုတာ အထွေအထူး ပြောစရာ မလိုဘူးထင်ပါတယ်။ လောလောဆယ်တတ်နိုင်တာက သင်ခန်းစာ ယူကြဖို့ပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: