စာရေးတာက ဝေဖန်ပိုင်းခြားတွေးခေါ်မှု critical thinking ကို လေ့ကျင့်ပေးတဲ့ နည်းလမ်းတခုဖြစ်တယ်လို့ ကမ္ဘာကျော်စိတ်ပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာဂျော်ဒန်ပီတာဆန်က ဆိုပါတယ်။ ပီတာဆန်က စာရေးတတ်/ကောင်းတာဟာ ကျောင်းတက်တဲ့ အရွယ်မှာတင်မက လုပ်ငန်းခွင်တဲ့ ဝင်တဲ့အထိပါ အရေးပါကြောင်းနဲ့ ရာထူးကြီးလာလေ၊ ကိုယ့်ရဲ့ အရေးအသားစွမ်းရည်က အရေးပါလာလေဖြစ်တယ်လို့ အလေးထားရှင်းပြသွားပါတယ်။
ပီတာဆန်ရဲ့အဆိုကို အမေရိကန်စစ်တပ်က ဗျူဟာမြောက်လက်နက်တွေ ထုတ်လုပ်တဲ့ဘက်က အလတ်စားအရာရှိတဦးက ထောက်ခံဆွေးနွေးသွားပါတယ်။ အဆိုပါအရာရှိက သူဟာ စစ်ဖက်အင်ဂျင်နီယာတဦးဖြစ်ပေမယ့် စာပေကို မြတ်နိုးသူဖြစ်လို့ တက္ကသိုလ်မှာ စာပေအထူးပြုပါ တွဲယူခဲ့ကြောင်း၊ သူ့ရဲ့ စာပေဆိုင်ရာ ကျွမ်းကျင်မှုက သူ့ပရောဂျက်တွေ အထက်က ခွင့်ပြုချက်ရဖို့ရော၊ သူ့လက်အောက်ငယ်သားတွေ ရာထူးတိုးပေးဖို့ ထောက်ခံစာ ရေးရာရောမှာ အများကြီး အထောက်အကူပြုခဲ့ကြောင်း၊ အဲဒါကပဲ သူ့ဆီကို လူတော်တွေ ပိုရောက်အောင် ဆွဲဆောင်သလိုဖြစ်ပြီး သူပါ ပိုအောင်မြင်လာရတာဖြစ်ကြောင်းများ ရှင်းပြသွားပါတယ်။
ကော်ပိုရေးရှင်းကြီးတွေလို စစ်တပ်လို အဖွဲ့အစည်းကြီးကြီးတွေမှာ ရာထူးတိုးဆုံးဖြတ်ပေးမယ့် အထက်အရာရှိကြီးတွေနဲ့ ရာထူးတိုးအဆိုပြုခံရတဲ့ အရာရှိငယ်/အခြားအဆင့်ဝန်ထမ်းတွေဟာ လူချင်းမသိကြတာများပါတယ်။ အဲဒါကြောင့် စာတရွက်ပေါ်က ထောက်ခံစာတခုနဲ့ အတည်ပြုချက် ရယူနိုင်ဖို့ ကိုယ့်ထောက်ခံစာက သူများထက် ထင်ရှားပေါ်လွင်နေဖို့ လိုပါတယ်။ စာရေးတဲ့အခါ အဓိကနဲ့ သာမညကိုပါ ခွဲသိရတာကြောင့် အဓိက လိုအပ်တဲ့အချက်များကို ဝေဝေဆာဆာ ရေးပေးလိုက်နိုင်ရင် အထက်လူကြီး ဆုံးဖြတ်ချက်ချရတာလည်း အင်မတန် လွယ်ကူသွားမှာ ဖြစ်ပါတယ်။
နိုင်ငံရေးနယ်ပယ် ဘာသာရေး စီးပွါးရေးနယ်ပယ် အဆင့်ဆင့်မှာလည်း ရေးကြတဲ့ စာအမျိုးမျိုးက အကောင်း/အဆိုး သက်ရောက်မှုမျိုးစုံ ဖြစ်စေနိုင်ပါတယ်။ တဖက်က စီးပိုးလွန်းသူ၊ အမြဲအသာရချင်သူတွေ ရှိနိုင်သလို ဆုံးရှုံးမှု အားကြီးနိုင်တာကြောင့် အတိမ်းအစောင်းမခံတဲ့ အဆင့်တွေ ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့နေရာမှာ စစ်/အဝတ်လဲအစိုးရလက်ထက်က စာတွေနဲ့ ပြည့်မိခင်ရဲ့စာတွေ ယှဉ်ကြည့်ရင် အနှစ်သာရကော သက်ရောက်မှုပါ မိုးနဲ့မြေလောက် ကွာတာ သတိထားမိကြမယ်ထင်ပါတယ်။
ကျောင်းတွေမှာ ကလေးငယ်တွေကို စာသင်တဲ့နေရာမှာ အက္ခရာသင်ပြီးရင် ဝေါဟာရစာလုံးလေးတွေ သင်ရပါတယ်။ ဝေါဟာရကြွယ်လေ ရေးတဲ့စာ ရုပ်ကြွလေဖြစ်တာကြောင့် ဝေါဟာရကြွယ်ဖို့နဲ့ စကားစုလေးတွေအကြောင်း သိဖို့ပါ အရေးပါလာပါတယ်။ ပြီးရင်တော့ ဝါကျတည်ဆောက်ဖို့ လေ့ကျင့်ကြရပါတယ်။ အဲဒီအခါမှာ စာတကြောင်းနဲ့ အရုပ်ထင်စေဖို့ စပြီး စဥ်းစားရပါတော့တယ်။ မိုင်ဖားသားအစ်ဦးဘဆိုတဲ့ နမူနာကို ပုံသေမှတ်မထားပဲ ဉာဏ်စွမ်းရှိသလောက် ပွားကြည့် ဖန်တီးကြည့်ဖို့ လိုအပ်ပါတယ်။
နောက်တဆင့်ကတော့ စာပိုဒ်ရေးတာ ဖြစ်ပါတယ်။ စာပိုဒ်ရေးခြင်းအားဖြင့် အကြောင်းအရာလေးတခုနဲ့ ပတ်သက်တဲ့ အတွေးတွေဟာ စုစည်းမိသွားတာ ဖြစ်ပါတယ်။ စာပိုဒ်ရေးတာကျင့်ရင်းနဲ့ နေ့စဥ်ဂျာနယ်လေးတွေ ရေးကျင့်လုပ်လို့ ရပါပြီ။ အဲဒီနောက်မှာတော့ စာစီစာကုံးလေးတွေရေးပြီး ဗဟုသုတ ရှာမှီးနိုင်မှုနဲ့ ကိုယ်သိထားတာလေးတွေကို ဖတ်သူစိတ်ဝင်စားအောင် ထိထိမိမိ တင်ပြနိုင်ဖို့ နှစ်ပေါင်းများစွာ အဆင့်ဆင့် လေ့ကျင့်ကြရပါတယ်။
စာပိုဒ်အဆင့်မှာ ကိုယ့်မိသားစုအကြောင်း၊ ကိုယ်လုပ်ခဲ့တဲ့ အကြောင်းလေးတွေလောက်နဲ့ စကြတာဖြစ်သလို စာဖတ်နိုင်စွမ်းကလည်း အကန့်အသတ်ရှိနေသေးတာဖြစ်ပါတယ်။ စာစီစာကုံးရေးတဲ့အဆင့်မှာကျတော့ ကိုယ့်အကြောင်းတင်မက ကျယ်ပြန့်လာတဲ့ အကြောင်းအရာတွေကို ရေးနိုင်ဖို့ရာ ဝမ်းစာလိုလာပါပြီ။ အဲဒီအရွယ်မှာ စာဖတ်နိုင်စွမ်းလည်း မြင့်လာပြီဖြစ်တဲ့အလျောက် များများဖတ်၊ များများမှတ်၊ များများတွေးနိုင်တဲ့သူက ရေးစရာ ကုန်ကြမ်း ပိုရှိလာမှာပါ။
အဲဒါဆိုရင် စာစီစာကုံးဆိုတာ ကျက်ဖြေရတာမဟုတ်ဘူးဆိုတာ သိလောက်မယ်ထင်ပါတယ်။ စာစီစာကုံးခေါင်းစဥ်အလိုက် ဘာလာလာ ရေးနိုင်အောင်လို့ လူငယ်တွေ သိသင့်တဲ့ အကြောင်းအရာတွေကို စုံအောင်လိုက်ဖတ်ထားနိုင်ဖို့ လိုပါတယ်။ ဖတ်သလောက် ကျန်ဖို့လည်း လိုတဲ့အတွက် mindfulness ရှိဖို့ လိုပြန်ပါတယ်။ သတိ၊ သမာဓိလို့ ဆိုနိုင်ပါတယ်။ အမြဲ ဖုံး၊ တက်ဘလက်၊ ကွန်ပြူတာမှာပဲ ကစားနေတဲ့ကလေး၊ တီဗီ/ဗီဒီယိုပဲ အမြဲကြည့်တဲ့ ကလေးတွေက စိတ်အာရုံစူးစိုက်နိုင်မှု လျော့ကျလာတဲ့အတွက် စာရှည်ရှည်ဖတ်နိုင်စွမ်းမှာရော နားလည်မှတ်သားနိုင်မှုမှာပါ အားနည်းလာတာဖြစ်ပါတယ်။ (ဖုံး၊ ကွန်ပြူတာပေါ်မှာ စာဖတ်တာ၊ ဗဟုသုတရှာမှီးတာကို မဆိုလိုပါ။)
SAT တို့လိုမျိုး standardized test တွေမှာလည်း သင်္ချာလိုဟာမျိုးဟာ အင်္ဂလိပ်စာနဲ့စာရင် အမှတ်ပြည့်ရဖို့ ပိုလွယ်တဲ့အတွက် အဲဒီတခုတည်းနဲ့ အမှတ်ကောင်းကောင်းရဖို့ မလွယ်ပါဘူး။ ကျောင်းဝင်ခွင့်တို့ ပညာသင်ဆုတို့ စတဲ့နေရာတွေမှာလည်း ကိုယ့်ရဲ့ အရေးအသားက အဓိက ကျပါတယ်။ ဘာသာစကား ကျွမ်းကျင်မှု/အရေးအသားဆိုတာက ခုလုပ်ခုရတာမျိုးမဟုတ်ပဲ အခြေခံကောင်းခဲ့ဖို့ လိုတဲ့အတွက် စောစောကျင့်လေ ကောင်းလေ ဖြစ်ပါတယ်။ အမေရိကန်ကလေးတွေဟာ အရှေ့တိုင်းကကလေးတွေနဲ့ယှဥ်ရင် ယေဘုယျအားဖြင့် သင်္ချာအားနည်းကြတယ်ဆိုပေမယ့် လုပ်ငန်းခွင်ထဲမှာ အထက်ကို ရောက်ကုန်ကြတာဟာ ရေးတဲ့အကျင့်ကို ငယ်ငယ်ထဲက လုပ်ပေးထားတာကြောင့်လည်း ပါပါလိမ့်မယ်။ တချို့ကျောင်းတွေမှာ သူငယ်တန်းနှစ်လယ်လောက်ဆိုရင် စာပိုဒ်လေးတွေ စရေးနေပြီဖြစ်ပါတယ်။
ကျမကလည်း စာရေးတယ်ဆိုတာ အကြောင်းအရာတခုနဲ့ ပတ်သက်တဲ့ ကိုယ့်ရဲ့အတွေးတွေကို နေရာတကျ စုစည်းတင်ပြတာတမျိုးပဲလို့ မြင်တာပါ။ လူတိုင်းမှာ အတွေးတွေ ရှိတတ်ကြပေမယ့် တကယ်ချရေးကြည့်လိုက်တဲ့အခါကျမှ ကိုယ့်အတွေးတွေဟာ ခိုင်မာမှုရှိ/မရှိ၊ အဆက်အစပ်ရှိ/မရှိ၊ ယုတ္တိရှိ/မရှိ၊ အစီအစဉ်တကျရှိ/မရှိဆိုတာ ထင်ရှားလာတာပါ။ အကြောင်းအရာပိုင်း ပြည့်စုံတော့မှ အထားအသို၊ အစီအစဥ်နဲ့ ရသဖြည့်ဖို့ ကြိုးစားတာ အဆင်အပြေဆုံး ဖြစ်မယ်ထင်ပါတယ်။ အဲဒါကြောင့် ဘဝမှာ အရေးပါလာနိုင်တဲ့ အရေးအသားကို မြန်မာနွယ်ဖွား ကလေးများ ငယ်စဥ်ထဲက စပြီး လေ့ကျင့်နိုင်ဖို့ ရေးသားလိုက်ပါတယ်။