ရွေးကောက်ပွဲနေ့အတွေး
မဲက ရေနေကြတုန်းဆိုပေမယ့် အနိုင်ရနိုင်ခြေရှိသူတွေကို တင်ထားပါပြီ။ စိတ်ဝင်စားသူတွေအတွက် လင့်ခ်ကို ကွန်မန့်မှာ ပေးထားပါတယ်။
လေဖြတ်ပြီး ဦးနှောက်မကောင်းတော့လို့ စာတမ်းထိုးတာကိုပဲ ဖတ်ပြနိုင်ပြီး စကားစမည်တောင် ကိုယ့်ဖာသာကိုယ်မပြောနိုင်တဲ့သူက တိုင်းပြည်ကိုချစ်တဲ့ လူတော်လူထက် ဆယ်လီ ဒေါက်တာမာမက်အော့ဇ်ထက် မဲသာနေတာရယ်
ဘာဒီဘိတ်မှမလုပ်နိုင်ပဲ ရှောင်ပြေးနေပေမယ့် မဲကိစ္စတွေ ကိုင်ထားရတဲ့ လက်ရှိပြည်နယ်ဝန်ကြီး ကေတီဟော့ဘ်စ်က ရကပွဲမတိုင်ခင်မှာ ရီပါဘလစ်ကန်အတွက် မဲစာရင်းတွေညစ်ထား၊ ဒီနေ့လဲ မဲရေစက်တွေ ပုံမှန်မလုပ်အောင် လုပ်ထားပြီး ချက်ကျလက်ကျပြောနိုင်၊ မူလည်းခိုင်တဲ့ ကာရီလိတ်ခ်ရှေ့က ပြေးနေတာရယ်၊
နယူးယောက်မှာ ခရိုင်းမ်းတွေက ပြဿနာပါဆိုတာကို နောက်ဆုံးအချိန်အထိ ဝန်မခံတဲ့ ခိုးဆိုးလုယက်တွေအပေါ် အကြင်နာပိုသူ ကေသီဟိုကူလ်က နိုင်သွားတာကိုကြည့်ရင် ဝုတ်ဝုတ်တွေကို အမြှီးဖြတ်ပြီး အပြာဝတ်ပေးလိုက်ရင်တောင် နိုင်မယ့်ပုံ ဖြစ်နေတာပါ။ အိမ်ဖြူကနှစ်ယောက်လဲ ကြည့်ပေါ့။
တခုရှိတာက မြို့ကြီးတွေက လူများတာရော အကြံအဖန်လုပ်လို့ကောင်းတာရော၊ အုပ်ချုပ်သူတွေက အမြဲပြာနေတာရော၊ တင်ထားတဲ့ တရားသူကြီးတွေကပါ ပြာရင့်နေကြရောဟာ မသမာမှုတွေ ပေါက်ပွားဖို့ ရေမြေကောင်း ဖြစ်နေတဲ့အတွက် အာဏာချိန်ခွင်လျှာမညီမျှမှုကို ဖြစ်စေနိုင်တာပါ။ အာဏာတဖက်စောင်းနင်းဖြစ်လာတဲ့ နေရာတိုင်းမှာ ဘယ်လိုပဲဖြစ်ဖြစ် နိုင်မှာသေချာနေတဲ့သူတွေအတွက် ပြည်သူ့အသံက အလေးထားရမယ့်စာရင်းထဲ ပါတော့မှာ မဟုတ်ပါဘူး။ လူပိန်းကြိုက် အပေါ်ယံသကြားအုပ်ပြီး ဝမ်းချသွားမှာပါပဲ။ အဲဒီလိုဖြစ်ရင် အဲဒီပြည်နယ်ကလူတွေအားလုံး ခံစားရမှာပါ။
ဘယ်လောက် ဒီမိုကရက်အားကောင်းကောင်း မဲဆန္ဒနယ်တခုထဲမှာ ၇၀ရာနှုန်းကျော်နေတယ်ဆိုရင် သေချာပြန်စီစစ်သင့်နေပါပြီ။ တချို့မြို့ကြီးတွေမှာ ဒီမိုကရက်မဲက ၈၅ရာနှုန်းအထိတောင် ရှိကြတယ်လို့ ဆိုပါတယ်။ ကလင်တန်လက်ထက် ၁၉၉၄မစ်တမ်းမှာ ဒီမိုကရက်တွေဖက်က ၅၄နေရာ ဆုံးရှုံးခဲ့ပြီး အိုဘားမားလက်ထက် ၂၀၁၀ မစ်တမ်းမှာ အောက်လွှတ်တော်နေရာ ၆၃ခု ဆုံးရှုံးခဲ့တာပါ။ အဲဒီ ၂ယောက်လုံးက လူကြိုက်များတဲ့ သမ္မတတွေဖြစ်တာ အငြင်းပွားစရာ မရှိပါဘူး။ သူတို့နဲ့ယှဥ်ရင် ဘယ်သူမှမကြိုက်၊ မလေးစားပဲ သုံးစားမရတဲ့ ခြစားဘိုင်ဒန်လက်ထက်မှာ ရီပါဘလစ်ကန်ဘက်က အောက်လွှတ်တော်မှာ အဲဒီတုန်းကလောက် အပြတ်အသတ် မသာနေတာ အကြောင်းတခုခုတော့ ရှိပါလိမ့်မယ်။ ဒါတောင် ဒီမစ်တမ်းက ထရမ့်လက်ထက် အစစ ဈေးချို အေးချမ်း အလုပ်အကိုင်ပေါ စီးပွားရေး ကောင်းခဲ့တာကနေပြီး ၂နှစ်အတွင်း ပြောင်းပြန်ဖြစ်သွားတာကို အဖြူနဲ့အမဲလို မျက်ဝါးထင်ထင် တွေ့ပြီး ပြည်သူတွေ ကြပ်တည်းလာတဲ့အချိန်လည်း ဖြစ်ပါတယ်။
အဲဒါကြောင့် ဒီမိုကရက်တွေရဲ့ အမုန်းမှိုင်းတိုက်ပြီး ဒဗိုက်အန်ရူးလ်လုပ်တာကပဲ သိပ်အောင်မြင်လာသလား၊ ပြည်သူတွေကပဲ ဆင်ခြင်တုံတရား၊ ဦးနှောက်နဲ့ မဆုံးဖြတ်ပဲ မှိုင်းမိနေတဲ့ အမုန်းတွေနဲ့ မဲပေးခဲ့ကြသလား၊ မဲတွေ ဘယ်လိုကလဖံထိုးရမယ်ဆိုတာ ပိုသိလာလို့ ပိုအတင့်ရဲလာကြတာလားဆိုတာတော့ စဥ်းစားဖော်ထုတ်ကြဖို့လိုပါတယ်။ အကြံအဖန်နဲ့ နိုင်နိုင်ရင် ဘယ်ပါတီကဖြစ်ဖြစ် မဲပေးသူတွေလည်း တန်ဖိုးမရှိတော့ဘူး ဖြစ်ပါမယ်။ အဲဒါကြောင့် ဘယ်ဘက်ကို ထောက်ခံသူမဆို အမှန်တရား၊ တရားမျှတမှုအတွက် အရှည်ကိုတော့ ကြည့်ရမှာဖြစ်ပါတယ်။ မတရားတာ၊ သံသယဝင်စရာကို ငါ့လူနိုင်လို့ဆိုပြီး မျက်စိမှိတ်ထားရင် ဖြစ်လေရာဘဝမှာ မတရားမှုနဲ့ ကြုံရတိုင်း သူများက မျက်စိမှိတ်ထားတာနဲ့ ကြုံနိုင်တဲ့ ကမ္မနိယာမကို သတိပြုကြစေချင်ပါတယ်။