တွဒ်ချုပ်ကြီးအပေါ် ဘိုင်ကြီးရဲ့ အငြိုး

သဘာဝပတ်ဝန်းကျင်တို့ ရီနျူးရေးဘဲလ်အင်နာဂျီတို့ကို အတွင်ဟစ်နေတဲ့ ဘိုင်ကြီးအစိုးရက ဝါရှင်တန်ပုံစံခွက်ထဲ သွပ်သွင်းသင်းသပ်ခံရတာရဲ့ ရလာဒ်အဖြစ် အမေရိကန်တွေနဲ့ ဝေးသထက် ဝေးလာနေတဲ့ အာကာသတခွင် ပိုင်စိုးမှုမှာ နောက်ကောက်ကျနေခဲ့တာကို ပြောင်းပြန်လှန်ဖို့အတွက် ပြန်သုံးလို့ရတဲ့ အာကာသယာဥ်ကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့သူ အီလွန်မတ်စ်ကို သူတို့တွန်းနေတဲ့ လက်ဝဲလမ်းစဥ်ရဲ့ အပြစ်တွေကို ထောက်ပြတတ်တဲ့အတွက် လျှပ်စစ်ကားလုပ်ငန်းရှင်များနဲ့ အစည်းအဝေးတွေမှာ ဖယ်ကျဥ်ထားခဲ့သလို တက်စ်လာကိုလည်း ဆီလိုအပေါက်ရှာပြီး အခွင့်သာတိုင်း နည်းမျိုးစုံနဲ့ အရေးယူဒဏ်ရိုက်ခဲ့ပါတယ်။

ဆိုရှယ်မီဒီယာကင်ပေတိုင်ဖြစ်လာနေတဲ့ တွဒ်တာကို အီလွန်ဝယ်ဖို့လုပ်တော့လည်း ဘိုင်ဒန်တို့နဲ့ ပေါင်းစားနေတဲ့ အမွှေစိန်အပါအဝင် အီလိတွေက ကြော်ငြာမရအောင် ဝိုင်းကြပ်ကြပြန်ပါတယ်။ အခုတခါ မစ်တမ်းပြီးတာနဲ့ ဘိုင်ကြီးစလုပ်တာက အီလွန်ကို တခြားနိုင်ငံတွေနဲ့ ပတ်သက်နေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖက်ဒရယ်အင်ဗက်စတီဂေးရှင်းလုပ်ဖို့ အချက်ပြလိုက်ပါတယ်။ အီလွန်က တွဒ်တာကို ဝယ်ခဲ့တာ (ဖွဘုတ်လို ဟိုပိတ် ဒီဖြတ် ဟိုဟာဘန်း ဒီဟာဖွက် စတာတွေ မဖြစ်ပဲ) ဖရီးစပိချ်ကို ကာကွယ်ဖို့လို့ ကြွေးကြော်ပြီး ဝယ်ခဲ့တာပါ။ စစ်ချင်ရင် အပြောနဲ့ အလုပ်ညီ/မညီ အချိန်တခုပေးပြီး စောင့်ကြည့်ဖို့တော့ လိုပါလိမ့်မယ်​။

ဆော်ဒီက မင်းသားတဦးပိုင်တဲ့ အင်ဗက်စ်မန့်ဖန်းတခုက တွဒ်တာရှယ်ယာတွေ အများကြိး ပိုင်ခဲ့တာ အီလွန်မဝယ်ခင် ပဝေသဏီထဲကပါ။ သူက အီလွန်ဝယ်မယ်ဆိုတာကိုတောင် ဧပြီတုန်းက ကန့်ကွက်ခဲ့ပါသေးတယ်။ နောက်မှ တွဒ်တာဖောင်ဒါဂျက်ဒေါ်စေက အီလွန်တွဒ်တာဝယ်မှာကို ထောက်ခံပြီးနောက်မှ သူပါ လက်ခံမယ်ဆိုပြီး စိတ်ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။ (ဂျက်ဒေါ်စေရော ဆော်ဒီမင်းသားရောက သူတို့ရှယ်ယာတွေ ထုတ်မရောင်းပဲ အီလွန်ဝယ်ပြီးတဲ့အထိ ဆက်ကိုင်ထားခဲ့ကြတာပါ။)

အဲဒီတုန်းက ဘယ်သကောင့်သားကမှ တွဒ်တာကို ဆော်ဒီမင်းသားပိုင်လို့ဆိုပြီး ဝင်မစစ်ကြပဲ အခုလို နိုင်ငံ့ဂုဏ်ဆောင် အမေရိကန်နိုင်ငံသားက ဝယ်လိုက်ပြီး ရက်ပိုင်းလေး ရှိသေးတဲ့အချိန်မှာမှ အခုလို နိုင်ငံခြားအစိုးရနဲ့ ပတ်သက်မှုရှိလို့ စစ်ဆေးရပါမယ်ဆိုတာက တော်တော်မပိရိတဲ့ လိမ်လည်မှုတခုပဲဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် အဲဒီမင်းသားက စီးတီးဘဏ်ကိုပိုင်တဲ့ စီးတီးဂရုရော ပန်းသီးမှာရော တခြားနေရာတွေမှာပါ ရှယ်ယာတွေ အများကြီး ဝင်ထားတာပါ။ အဲဒါတွေကိုရော စစ်ဦးမှာလားလို့ မေးချင်ပါတယ်။​ သူတို့နဲ့ ပေါင်းစားနေသူတွေနဲ့ ပလူးရင်တော့ လွတ်စေ၊ သူတို့ဖြစ်စေချင်သလို ဆင်ဆာလုပ်၊ မှိုင်းတိုက်ရင် လွတ်စေ၊ အဲဒါတွေကို ဖော်ထုတ်မယ်ဆိုတော့မှ လလလလတွေ ပြောလာတာက ဘိုင်ကြီးတို့ ခြေလှမ်းတွေ မူမမှန်တာကို ပြနေတာပါ။ အာဏာရှိသူ ဖောက်ပြန်တာကမှ ဒီမိုကရေစီတို့ နိုင်ငံတော်လုံခြုံရေးတို့ကို ခြိမ်းခြောက်နေတာ မဟုတ်ဘူးလား။

တကယ်လို့ နိုင်ငံခြားအစိုးရတွေ ဝင်ရှုပ်မှာ တကယ်စိုးရိမ်တယ်ဆိုရင် ဘယ်လိုကုမ္ပဏီ/ဘယ်လို ကဏ္ဍမျိုးမှာ နိုင်ငံခြားသားတွေ ဘယ်လောက် ရာနှုန်းထက် ပိုမပိုင်စေရဆိုတဲ့ ဥပဒေမျိုး သေချာစဥ်းစားပြီး ဆွဲထားလို့ ရနေတာပဲ ဖြစ်ပါတယ်။ ကလိန်တန်တို့လက်ထက်က တရုပ်အစိုးရဖက်ကလူတွေကို ပြည်ဝင်ခွင့်တွေ နေထိုင်ခွင့်တွေ လက်သိပ်ထိုး လုပ်ပေးခဲ့တာတွေ၊ အခုလည်း တရုပ်စစ်တပ်နဲ့ မကင်းသူတွေ အမေရိကန်မှာ မြေအကြီးအကျယ်ဝယ်နေတာတွေ၊ ဝယ်နေတာတွေကလည်း ဗျူဟာမြောက် လက်နက်/ နည်းပညာတွေ စမ်းသပ်/ထုတ်လုပ်တဲ့ စစ်စခန်းတွေနားမှာ ဖြစ်နေတာတွေကို ပိုပြီး မစိုးရိမ်သင့်ဘူးလားလို့ မေးချင်ပါတယ်။

ဘိုင်ဒန်က အရောင်းအဝယ် အထမမြောက်သေးခင်ထဲက အီလွန်ကို ဖက်ဒရယ်အဆင့် စစ်ဆေးရေးဝင်ဖို့ ပြောနေခဲ့တာဖြစ်ပြီး အဲဒါကို အိမ်ဖြူပရက်စ်စက္ကထရီက အီလွန်တွဒ်တာကို ဝယ်တဲ့အပေါ် နိုင်ငံတော်လုံခြုံရေးစီစစ်မှု လုပ်မယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်း အောက်တိုဘာ ၂၄ရက်နေ့က ရှင်းသွားပြီးပါပြီ။ ဒါပေမယ့်လည်း ရှုံ့ချီနှပ်ချီ လုပ်တတ်တဲ့ အစိုးရဆိုတော့ တယောက်က ဒါပြောလိုက် နောက်တဦးက မဟုတ်ဘူးပြန်ဖာလိုက်၊ မဟုတ်ဘူးလို့ ပြောထားပြီးသားကလည်း ခဏနေတော့ ဟုတ်နေပြန်တာတွေက ဘိုင်ကြီးလက်ထက်မှာ ဆန်းမှ မဆန်းတော့တာပဲလေ။

ဘိုင်ကြီးပြောပြီးတာနဲ့ ဖက်ဒရယ်ထရိဒ်ကော်မရှင်က တွဒ်တာကို နက်နက်ရှိုင်းရှိုင်း ပူပန်ရတဲ့အတွက် အနီးကပ် စောင့်ကြည့်နေတယ်လို့ ကြေငြာပါတယ်။ ပေးတဲ့အကြောင်းပြချက်က စီကျူရတီနဲ့ ပရိုင်ဗေစီကိုကိုင်တဲ့ ထိပ်တန်းအရာရှိတွေ နှုတ်ထွက်/ထုတ်ပယ်ခံရတာကြောင့်လို့ ဆိုပါတယ်။ တကယ်တော့ အဲဒီလူတွေကမှ အဓိက ဆင်ဆာကင်ပေတိုင်တွေပါ။ သူတို့တွေ မရှိမှ တွဒ်တာကို အရိုးခံအတိုင်း မြင်ရမှာဖြစ်ပြီး အရင်က ဘာတွေ လုပ်ထားခဲ့သလဲဆိုတာကို ဖော်ထုတ်နိုင်မှာဖြစ်လို့ အီလွန်က ဦးအောင်ထုတ်ပစ်လိုက်တာ ဖြစ်ပုံရပါတယ်။

အမေရိကန်နဲ့ ယဥ်ကျေးတဲ့နိုင်ငံတိုင်းမှာ ပြစ်မှုထင်ရှားရှိကြောင်း သက်သေမပြနိုင်သေးသ၍ ဘယ်သူ့ကိုမှ အပြစ်ရှိသလို အရေးယူ ကြပ်မတ်တာတွေ လုပ်လို့ မရပါဘူး။ ပြောရရင် အဲဒီစီကျူရတီနဲ့ ပရိုင်ဗေစီအရာရှိဆိုတာတွေကလဲ လူသားတွေပဲ​ဖြစ်လို့ မှားတာတွေ အဂတိလိုက်စားတာတွေ ရှိနိုင်တာပါပဲ။ ဒါကြောင့် အက်ဖ်တီစီရဲ့ လုပ်ရပ်ဟာလည်း တပါတီအာဏာရှင်စနစ်ကို သွားနေတဲ့လမ်းမှာ ရှိနေတဲ့ ဆူးငြောင့်တွေကို ရှင်းလင်းဖို့ ကြိုးစားတဲ့ လုပ်ရပ်လို့ပဲ​မြင်ပါတယ်။​

နိုင်ငံတော် လုံခြုံရေးလို့ အတွင်သား အော်နေတဲ့ ဘိုင်ကြီးက တရုပ်ကိုတော့ ထိဖို့၊ အရေးယူဖို့ဝေးလို့ လေသံမာမာနဲ့တောင် မပြောရဲတာ ခေါင်းသုံးတဲ့သူတိုင်း သိကြပါတယ်။ အစိုးရဆိုတာ လူထုရဲ့ အစဥ်ထိန်းကျောင်းမှု လိုအပ်တာဖြစ်လို့ ကိုယ်တင်ထားတဲ့လူတွေ တရုပ်ကြောက်ဖြစ်နေရင် ထိန်းကျောင်းပေးဖို့ ကိုယ့်မှာ တာဝန်အရှိဆုံးဖြစ်ပါတယ်။  

ဖြည့်စွက်။ အခုတော့ ကြော်ငြာလည်းသိပ်မရ၊ ထုတ်ပစ်လိုက်တဲ့ ကင်ပေတိုင်တွေကို လျော်ရမှာ မနည်းမနောဆိုတော့ အီလွန်က တွဒ်တာဝန်ထမ်းတွေနဲ့ အစည်းအဝေးမှာ ဒေဝါလီခံတာကလည်း ရွေးချယ်စရာတွေထဲက တခုပဲလို့ ပြောထားပါတယ်။ ဒီမှာက ဝင်ငွေက ထွက်ငွေကများများလာနေရင် ဒေဝါလီခံကြတာပါ၊ သိပ်မဆန်းပါဘူး။ ဒီလုပ်ငန်းဒေဝါလီခံရင် ဒီလုပ်ငန်းပဲ အကျုံးဝင်ပါတယ်။ အဲဒီလို သတိပေးခြင်းအားဖြင့် လက်ရှိရှယ်ယာဝင်တွေ လှုပ်ရှားလာအောင် ပရိယာယ်ဆင်တာလည်း ဖြစ်နိုင်တာပါပဲ။ ကြော်ငြာက သုံးစွဲသူဘေ့စ်များမှ ကြော်ငြာရတာပါ။ အရင်က ဘော့တွေ ဖိတ်ခ်တွေများနေတော့ တကယ့်သုံးစွဲသူနံပါတ်ကို အများကြီးပိုပြထားတာ တွဒ်ချုပ်ကြီး ဝင်စစ်တော့မှ တွေ့လာတာပါ။  

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: