ဒီနှစ်မစ်တမ်းမှာ အဓိက ဂိမ်းချိန်ဂျာက ၂၀၂၀လိုပဲ ကြိုတင်မဲတွေဖြစ်ပြီး အဲဒါတွေကို တရားတယ်လို့မြင်လာအောင် တိုက်ထားတာက အမုန်းမှိုင်း၊ အကြောက်မှိုင်းတွေဖြစ်ပါတယ်။ အမုန်းအားကြီးတော့ သူတို့မုန်းတဲ့သူတွေကို ဘယ်လိုနည်းနဲ့ပဲ နိုင်ရနိုင်ရ တရားတယ်လို့ကို ဖွင့်ပြောနေကြတာပါ။ အဲဒီမှိုင်းကိုတော့ ဒီမိုကရက်ခေါင်းဆောင်တွေ မီဒီယာတွေနဲ့ တက်ခ်ကုမ္ပဏီကြီးတွေ အသံတူမှိုင်းတိုက်ကြပါတယ်။ ဂူဂယ်လ်ကို ဒေါက်တာအက်ပ်စတိန်းတို့အဖွဲ့က ၂၀၂၃နှောင်းပိုင်းလောက်မှ ထိထိရောက်ရောက် ကာနိုင်မှာဆိုတော့ အဲဒီမတိုင်ခင် ခုထဲက အမုန်းမှိုင်းတွေ တကျော့ပြန် စတိုက်နေပါပြီ။
ဟူစိန်အိုရဲ့ အီလီနွိုင်းက စာကြည့်တိုက်ဆောက်တာကို အမုန်းအခြေခံတဲ့ တိုက်ခိုက်မှုကြောင့် ရပ်နားထားလိုက်ရတယ်လို့ အစထုတ်လာပါပြီ။ အသေးစိတ်ကိုတော့ ခုမှ ချက်ပြုတ်နေတုန်း ထင်ပါတယ်။ ပေါလ်ပလုံစီမှိုင်းလိုပဲ သာဓကအားလုံးက ကွန်ဆာဗေးတစ်လုပ်တယ်မပြပဲ သူတို့လူတွေလုပ်တာ ထင်ရှားနေပေမယ့် ဦးနှောက်ဖန်လုံအိမ်ရပ်ဝန်းမှာတော့ အဲဒါဟာ ကွန်ဆားဗေးတစ်တွေကြောင့်ပဲလို့ မြင်နေနိုင်ပါသေးတယ်။
ရီပါဘလစ်ကန်တွေချင်း သွေးကွဲအောင် မှိုင်းတိုက်တာတွေလည်း စိပ်လာနေပါပြီ။ အချင်းချင်း အပြစ်တင်သံ တသံထွက်လာရင် အားလုံးဝိုင်းပြီး ပဲ့တင်သံပေးကြသလို လွှတ်တော် ကျန်တဲ့သက်တမ်းမှာ စာပဲ အသေထုတ်ပြီး တကယ်အဖြစ်ရှိအောင် ဘာမှမလုပ်နိုင်တဲ့ (နိုင်ငံရေးလုပ်စားတဲ့) အက်စ်တာဘလစ်ရှ်မန့် ရီပါဘလစ်ကန်နဲ့ အမေရိကပထမဆိုတဲ့ မာဂါရီပါဘလစ်ကန်တွေကြား ပိုကွဲအောင် ထရမ့်ကိုမုန်းတဲ့ လဇ်ချေနီကို လွှတ်တော်ဥက္ကဋ္ဌတင်မယ်လို့ လေသံပစ်လာပါပြီ။
မစ်တမ်းမှာ ပါဝါချိန်ခွင်လျာညီဖို့ ရီပါဘလစ်ကန်ကို မဲပေးသင့်တယ်လို့ ပြောတဲ့ အီလွန်ကိုလည်း စီးပွားရေးအရရော လူမှုရေးအရပါ စနစ်တကျ တိုက်ခိုက်လာနေကြပါတယ်။ အီလွန်ကို တိုက်ခိုက်တဲ့ အမုန်းမှိုင်းတွေက ထရမ့်ကို တိုက်ခိုက်သလိုပဲ သတင်းမှား၊ အချက်မှားတွေအပေါ် အခြေခံထားပေမယ့် ဦးနှောက်ဖန်လုံရပ်ဝန်းမှာတော့ ဘယ်သူဘာပြောပြော အဲဒါတွေကမှ အမှန်လို့ ယူကြတာပါ။
ကြိုတင်မဲတွေ ဖောင်းပွ/ကန့်သတ်ဖို့၊ စီစစ်/မစီစစ်၊ အိုင်ဒီလို/မလို၊ မဲရေစက်တွေ ဘယ်သူ့ကို ကန်ထရိုက်ပေးဖို့၊ မဲရေတာကို နှစ်ဖက်ပါတီကိုယ်စားလှယ်တွေ အညီအမျှ ကြည့်ခွင့်ရ/မရ၊ စတာတွေအပေါ် ဆုံးဖြတ်ကြတာက ပြည်နယ်ဂါဗာနာတွေဖြစ်ပြီး ပြည်နယ်ဝန်ကြီးတွေက အကောင်အထည်ဖော်ကြတာဖြစ်ပါတယ်။ အဲဒါကြောင့် ရီပါဘလစ်ကန်ဂါဗာနာ အုပ်စိုးတဲ့ ပြည်နယ်တွေမှာ မဲပေးတဲ့ ဥပဒေကို တင်းကြပ်လေ့ရှိပြီး မဲတွေကိုလည်း ညတွင်းချင်း ရလာဒ်ထုတ်နိုင်ကြပါတယ်။ ပိုက်ဆံအားဖြင့်လည်း အကုန်နည်းသလို ထွက်လာတဲ့ ရလာဒ်ကိုလည်း ဘယ်ပါတီကမှ စောဒက မတက်ကြတာကိုကြည့်ရင် ရီပါဘလစ်ကန်ဂါဗာနာတွေ သမာသမတ်ရှိသလား မရှိဘူးလားဆိုတာ ကွင်းကွင်းကွက်ကွက် သိနိုင်ပါလိမ့်မယ်။
အရီဇိုးနားဂါဗာနာရာထူးအတွက် ဝင်ပြိုင်တဲ့ ဒီမိုကရက်ကန်ဒီဒိတ် ကေတီဟော့ဘ်စ်က လက်ရှိပြည်နယ်ဝန်ကြီးဖြစ်ပါတယ်။ ကိုယ်ဝင်ပြိုင်မယ့်ပွဲမှာ ကိုယ်ဒိုင်လုပ်တယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်သင့်တဲ့အတွက် ရီပါဘလစ်ကန်တွေက ပြည်နယ်ဝန်ကြီးအဖြစ်က နှုတ်ထွက်ပြီးမှ ဂါဗာနာဝင်ပြိုင်ဖို့ တိုက်တွန်းကြပါတယ်။ ကိုယ်ကျင့်တရား အလေးထားကြသူတွေ မဟုတ်တော့ မထွက်ပေးတဲ့အပြင် ပြည်နယ်အခြေစိုက် ခြစားမီဒီယာက ဖရီးအဲတိုင်းမ်တောင် ပေးလိုက်ပါသေးတယ်။ ရီပါဘလစ်ကန်ကာရီလိတ်ခ်က ဒီဘိတ်လုပ်ရအောင်လို့ အကြိမ်ကြိမ်ခေါ်တာကိုတော့ ပတ်ရှောင်နေခဲ့တာပါ။
ကိုယ်ပြိုင်တဲ့ပွဲမှာ ကိုယ်ဒိုင်လုပ်ခဲ့တဲ့အတွက် ဘာတွေဖြစ်ခဲ့သလဲဆိုရင် အရီဇိုးနားပြည်နယ် လူဦးရေရဲ့ တဝက်လောက်ရှိတဲ့ မာရီကိုပါကောင်တီမှာ မဲပေးတဲ့နေ့က မဲပရင်တာတော်တော်များများမှာ မဲစာရွက်အထူတွေကို အပါးလို့ ဆက်တင်လုပ်ထားတဲ့အတွက် ပရင်တာက မှန်မှန်ကန်ကန် အပူပေး ပရင့်လုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။ တခုတလေဆိုရင် မတော်တဆလို့ ဖြီးနိုင်ပေမယ့် အခုဟာက တလုံးထဲမကသလို ၃နေရာမှာ ဖြစ်နေတာပါ။ ရီပါဘလစ်ကန်များတဲ့အပိုင်းမှာ ဝက်စတန်းဂျာနယ်က ဝန်ထမ်း မဲသွားပေးတော့ စောင့်ရတာ ၂နာရီနီးပါးအပြင် မဲပေးစက်က မကောင်းတဲ့အတွက် သူ့မဲကို လက်မခံလို့ ၅ကြိမ်တိုင် ပြန်ကြိုးစားရတယ်လို့ ဆိုပါတယ်။ ရုံသွားမဲပေးတဲ့သူအများစုက ရီပါဘလစ်ကန်တွေဖြစ်လို့ ရီပါဘလစ်ကန်မဲတွေ အများကြီး နစ်နာသွားနိုင်တာပါ။ အရီဇိုးနားပြည်နယ်တခုထဲတင် ဒီရကပွဲအတွက် သုံး(အသုံးပြ)ထားတဲ့ ပိုက်ဆံကလည်း ကနေ့တန်ဖိုးနဲ့တောင် ဟူးဗားရေကာတာပေါင်း ၅ခုလောက် အသာလေးဆောက်လို့ ရနိုင်တယ်လို့ တပ်ကာက ဆိုပါတယ်။
ကြိုတင်မဲနဲ့ အိုင်ဒီမလိုတဲ့ အရသာသိနေတဲ့ ဒီမိုကရက်တွေကတော့ အခု အပြာရင့်ပြည်နယ်တွေမှာ လုပ်နေသလို ဖက်ဒရယ်အဆင့်မှာပါ ညစ်ချင်တိုင်းညစ်လို့ရအောင် ရကပွဲစည်းမျဥ်းတွေကို အဆုံးတိုင် ဖြေလျော့လိုက်တာမျိုးလုပ်ဖို့ ကြိုးစားနေတာပါ။ ရီပါဘလစ်ကန်တွေ တင်ထားတဲ့ ဆူပရင်းမ်ကုတ် တရားသူကြီးတွေက ခြေ/ဥနဲ့ မညီဘူးလို့ ဆုံးဖြတ်တဲ့အတွက် မအောင်မြင်နေသေးတာ ဖြစ်ပါတယ်။ အခုတောင် တစတစနဲ့ လူဦးရေများတဲ့ မြို့ကြီးတိုင်းကို အရကိုင်ပြီး ထိန်းချုပ်လာတာ တပါတီစနစ်ကို ရောက်ဖို့ နဲနဲပဲ လိုပါတော့တယ်။ ဘော်ဒါဖွင့်ထားပြီး ဘုမသိဘမသိတွေ ရာဇဝတ်ကောင်တွေ တိုင်းပြည်ရန်သူတွေ အများကြီးတိုးလာတာဆိုတော့ တပါတီစနစ်ကို အမြန်ဆုံး ရောက်တော့မှာပါ။
အိမ်ဖြူရော လွှတ်တော် ၂ရပ်လုံးမှာရော ဒီမိုကရက်နဲ့ အမည်ခံရီပါဘလစ်ကန်တွေ အားကြီးလာရင် အမေရိကန်ဟာ ဘာပြည်တွင်းစစ်မှဖြစ်စရာမလိုပဲ တပါတီပဲ အမြဲတက်ပြီး ကျန်တပါတီက ဟန်ပြပဲ ကျန်တော့မှာပါ။ ပြည်သူ့မဲ ပြည်သူ့ဆန္ဒ ပြည်သူ့အကျိုးစီးပွားဆိုတာ အနှစ်သာရကင်းမဲ့တဲ့ စကားလုံးတွေအဖြစ်ပဲ ကျန်တော့မှာပါ။ အဲဒီလိုဖြစ်လာရင် တရုပ်ပြည်မှာ သမ္မတဟောင်း ဟူကျင်တောင်ကို နိုင်ငံတကာ သတင်းထောက်တွေရှေ့မှာ လွှတ်တော်ထဲကနေ ပေါ်ပေါ်ထင်ထင် ဆွဲထုတ်သွားတာမျိုး၊ မြန်မာပြည်မှာ နိုဘယ်လ်ဆုရ ကမ္ဘာကျော် ခေါင်းဆောင်ကို တဖက်သတ် စွဲချက်တွေတင်ပြီး မတရားရုံးက ပြစ်ဒဏ်ကြီးတွေ ချတာမျိုး၊ အမေရိကန်မှာ အာဏာအရှိဆုံး အဖွဲ့အစည်းတွေ အားလုံးပေါင်းပြီး ၆နှစ်ကျော် ဝိုင်းအမှားရှာကြတာတောင် ဘာမှ လက်ဆုတ်လက်ကိုင် ပြစရာမရှိလို့ လွှတ်ထားရတဲ့ ထရမ့်ကြီးကို စမကပုဒ်မနဲ့ မုန်းနေအောင် မှိုင်းတိုက်ထားပြီး ဘာမှလုပ်စားလို့မရ ကိုယ့်အိမ်ကိုယ်နေလို့ မရအောင်ကို ပြဿနာရှာနေကြတာမျိုးတွေထက် ပိုဆိုးတာတွေ လာတော့မှာပါ။
ခြုံပြောရမယ်ဆိုရင်တော့ ဒီမိုကရက်တွေက လွတ်လပ်မှုတွေအားလုံးနဲ့ အဝေးဆုံးကို သွားဖို့ တက်စုံ ရွက်စုံခင်းနေပါပြီ။ ပြည်သူ့ဖက်/ လွတ်လပ်မှုဘက်က ရပ်တဲ့သူတိုင်းက သူတို့ရန်သူ ဖြစ်လာမှာပါ။ ဒီဆန်းတစ်စ်ကို မခြေမှုန်းသေးတာက ထရမ့်နဲ့ ရန်တိုက်ပေးဖို့၊ ရီပါဘလစ်ကန်တွေကို သွေးခွဲဖို့ ချန်ထားတာဖြစ်နိုင်ပြီး ဖက်ဒရယ်အဆင့်ကို တက်လာရင်တော့ သူလည်း ကြိုတင်မဲတွေ အမုန်းမှိုင်းတွေကြား ဗျာများရဦးမှာပါပဲ။
အမုန်းမှိုင်းတွေကို တိုက်ဖျက်ဖို့ အီလွန်တို့ ဒေါက်တာအက်ပ်စတိန်းတို့လို နည်းပညာကျွမ်းကျင်တဲ့ တာဝန်သိသူတွေ များများပါဝင်လာဖို့ လိုသလို ကြိုတင်မဲတွေကို ကာကွယ်ဖို့လည်း လူထုပါ ပါဝင် လှုပ်ရှားမှ ရမှာဖြစ်တဲ့အတွက် ရီပါဘလစ်ကန် ခေါင်းဆောင်ပိုင်းက လူထုပါဝင်ဖို့ သေချာစည်းရုံးပညာပေးဖို့ လိုသလို ပါတီမရွေး တရားမျှတမှုကို လိုလားတဲ့ ပြည်သူတရပ်လုံး ပါဝင်မှ ရပါလိမ့်မယ်။ ရကပွဲမှာ မတရားတဲ့နည်းနဲ့ နိုင်တဲ့ အနိုင်က ပြည်သူအားလုံးအတွက် အရှုံးဖြစ်ပါတယ်။ မဆလခေတ်တုန်းကလို တရုပ်စီစီပီလို တပါတီအာဏာရှင်အောက်မှာ ဝပ်ဆင်းသွားဖို့ဆိုတာ အစောပိုင်းမှာ နေသာသလို နေကြတဲ့သူတွေကြောင့် ဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်အနာဂတ် ကိုယ့်မျိုးဆက်တွေ အနာဂတ်အတွက် ကိုယ်ဘာလုပ်မလဲ လွတ်လပ်တဲ့ ကမ္ဘာကြီးအတွက် အုတ်တချပ် သဲတပွင့်အနေနဲ့ ပါမလား၊ ကမ္ဘာမှာ အာဏာရှင်တွေ ကြီးစိုးဖို့ လမ်းခင်းပေးမလားဆိုတာ ဆုံးဖြတ်ကြပါလို့ တိုက်တွန်းပါတယ်။