သမ္မတဟောင်းထရမ့်က ၂၀၂၄ ရကပွဲမှာ ဝင်ပြိုင်မယ်လို့ ဒီကနေ့ ကြေငြာလိုက်ပါတယ်။ သူ့ရဲ့ အောင်မြင်ခဲ့တဲ့ ပေါ်လစီတွေကိုပဲ ပြန်ချမှတ်သွားမှာဖြစ်လို့ သူပြန်တက်လာရင် ကမ္ဘာကြီးမှာ အမေရိကမှာ ပြည်တွင်းလောင်စာဖူလုံပြီး စီးပွားရေးပါ ပြန်ကောင်းလာမှာဖြစ်ပြီး ကမ္ဘာမှာပါ လောင်စာဈေး ကျဆင်းသွားမှာဖြစ်ပါတယ်။ နွံအိုင်ကြီးကို ရှင်းထုတ်မယ့် ကိစ္စကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။ အာဏာရှင်များကို သမားရိုးကျနိုင်ငံရေးသမားတွေလို စာထုတ်နေမှာမဟုတ်ပဲ လက်တွေ့ ခပ်ကြမ်းကြမ်း ကိုင်တွယ်မှာဖြစ်လို့ ကမ္ဘာ့လူမိုက်ကြီးများလည်း ဂျိုကြွနိုင်ဖို့ ခက်လာမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကမ္ဘာ့အာဏာရှင်များ အာဏာရှင်ဘဝကို လှမ်းချင်နေသူ ဒီမိုခွက်များ ကမ္ဘာ့ရွာသမားများရဲ့ တိုက်ခိုက်မှုကို အကြီးအကျယ် ခံရဦးမှာပါ။ အခုလိုကြေငြာတဲ့ ဗီဒီယိုကို ယူကျုက ညစ်ထားတဲ့အတွက် မြန်နှုန်းမြင့် ကေဘယ်အင်တာနက်မှာတောင် နာရီနဲ့ချီပြီး အဝိုင်းလည်နေတာ အရုပ်ရော အသံပါ ထွက်မလာသလောက်ပါပဲ။
ရီပါဘလစ်ကန်ဟုတ်သူရော မဟုတ်သူရောက ဒီဆန်းတစ်စ်ကို ပိုကြိုက်ကြောင်း ရေးကြ ပြောကြတဲ့ သတင်းတွေ သာသာထိုးထိုး တွေ့လာရပါတယ်။ ရီပါဘလစ်ကန်တွေက ဘယ်သူတက်တက် အရှုံးမရှိပါဘူး။ တက်ဖို့ပဲ လိုတာပါ။ ဟိုဖက်က သွေးကွဲ အက်ရာပေးနေတာကိုတော့ သတိပြုစေချင်ပါတယ်။ ဒီဆန်းတစ်စ်က ဝင်ပြိုင်မယ်တောင် ပြောသေးတာမဟုတ်တော့ ဘယ်သူ့ပိုကြိုက်တယ်ဆိုရင် မုန့်ဆီကြော်က ဘယ်နားနေမယ်မသိ၊ နှုတ်ခမ်းနာနဲ့ တဲ့ပါ့မလားဆိုတာလို ဖြစ်နေပါမယ်။ တကယ်လို့ ဒီဆန်းတစ်စ်ဝင်ပြိုင်မယ်ဆိုရင်တောင် ပရိုင်မရီကျမှ ပါတီဝင်တွေက ဆုံးဖြတ်ရမှာပါ။ အီဗန်ကာနဲ့ ဂျရက်ဒ်ကတော့ ဖခင်ကို ထောက်ခံပေးမှာဖြစ်ပေမယ့် ကလေးငယ်လေးတွေကြောင့် ကိုယ်တိုင်တော့ နိုင်ငံရေးနယ်ထဲ ပြန်မလာဘူးလို့ ဆိုပါတယ်။
သေချာတာက ဒီမိုကရက်တွေဘက်မှာ သမ္မတလောင်းတင်ဖို့ လောက်လောက်လားလား တယောက်မှ မရှိပေမယ့် ရီပါဘလစ်ကန်ဘက်မှာ လူတော် လူထက်တွေ အများကြီး ရှိနေတာပါ။ ဒါပေမယ့်လည်း ကြိုတင်မဲပြဿနာ၊ မနိုင်မချင်း ရေတဲ့ပြဿနာတွေကို မရှင်းနိုင်သ၍ ဟောင်ကောင်အမြှီးဖြတ်ပြီး အပြာဖက်က ဝင်ပြိုင်ရင်တောင် နိုင်ဦးမယ့်ပုံပါပဲ။
ကိုယ်ပြိုင်မယ့်ပွဲ ကိုယ်ဝင်ဒိုင်လုပ်တဲ့ အရီဇိုးနား ဂါဗာနာပြိုင်ပွဲမှာ ဒီမိုကရက်ဖက်က မဲ သောင်းရှစ်ထောင်လောက် အသာရနေပြီး မီဒီယာက အနိုင်ကြေငြာပေးပေမယ့် ရီပါဘလစ်ကန် ကာရီလိတ်ခ်ကတော့ လက်မခံသေးဘူးလို့ သိရပါတယ်။ ကြိုတင်မဲရဲ့ ပြဿနာက ဒီမိုကရက်ပြိုင်ဖက်ဖြစ်တဲ့ ပြည်နယ်ဝန်ကြီးမှာ ဘယ်သူတွေ မဲလာပေးပြီး၊ ဘယ်သူမပေးရသေးဘူးဆိုတဲ့ စာရင်းရှိပါတယ်။ အဲဒီတော့ မဲလာမပေးတဲ့သူတွေရဲ့ နာမည်နဲ့ ကြိုတင်မဲ ပရင့်လုပ်ပြီး သူတို့စိတ်တိုင်းကျဖြည့် မဲပုံးထဲ သွားထည့်ပြီး ထည့်ရေလိုက်ကြတာလို့ ဆိုပါတယ်။ အဲဒါကြောင့် မနိုင်မချင်း ရေနေတဲ့အတွက် ရက်က ကြာနေတာဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားမှာလည်း ရကပွဲပြီးတာ တပတ်ကြာတဲ့အထိ ရေနေဆဲပါ။ အဲဒီလိုမဲထည့်တဲ့သူတွေက သူတို့မဲကို အဲဒီလိုလုပ်လိုက်မှန်းတောင် သိမှာမဟုတ်ပါဘူး။ အဲဒီလိုဖြစ်စေချင်တဲ့အတွက်လည်း မဲရေစက်တွေ ပျက်အောင် စောင့်ရတာအချိန်မကြာ့ကြာအောင် တမင်လုပ်ထားတာ ဖြစ်ကြောင်း ဗီဒီယို ၂၄ခုနဲ့ ဝက်စတန်းဂျာနယ်က သက်သေတင်ထားပါတယ်။ တရက်ထဲ မဲအပြီးပေး၊ အပြီးရေရမယ်ဆိုရင်တော့ ဒီလိုပြဿနာတွေ နည်းသွားမှာပါ။
အခုလို မဲကိစ္စတွေကို ခေါင်းဆောင်တွေက မသိဘူးလား၊ သိတယ်ဆိုရင်လည်း ဘာလို့ မရှင်းကြတာလဲလို့ မေးစရာရှိပါတယ်။ အရိုးနူးအောင် ပေါင်းစားတဲ့ လွှတ်တော်က ရီပါဘလစ်ကန်တွေကလည်း ဒီသတင်းတွေကို မှေးမှိန်အောင်လုပ်ပြီး ချောင်ထိုး/ ငြင်းဆိုပါတယ်။ ဒီမိုကရက်ခန့် တရားသူကြီးတွေကလည်း အချိန်မီ စဥ်းစားမပေးတဲ့အပြင် အမှုတွဲကို ဖတ်တောင်မကြည့်ပဲ ပလပ်လိုက်ကြပါတယ်။ ကြိုတင်မဲနဲ့ပတ်သက်ပြိး တချို့တရားသူကြီးတွေကသာ ခြေ/ဥနဲ့မညီဘူးလို့ အဆုံးအဖြတ်ပေးတာပါ၊ အဲဒါတွေကလည်း ဒီမိုကရက်အုပ်စိုးတဲ့ မြို့ကြီးတွေမှာ မဟုတ်တော့ ထိရောက်သင့်သလောက် မထိရောက်နေတာ ဖြစ်ပါတယ်။
မဲပြဿနာသက်ဆိုးရှည်စေတဲ့ နောက်တချက်ကတော့ ဗျူရိုကရက်အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ နိုဘယ်ဆုရ စီးပွားရေးပညာရှင်ကြီး မေလ်တန်ဖရီးမန်းက အစိုးရဌာနတွေ တော်တော်များများက ပြည်သူအတွက် လိုအပ်တာထက် ဝန်ပိစေတယ်၊ ပိုဒုက္ခများစေတယ်လို့ ဆိုပါတယ်။ သူတို့တွေ ရှိခြင်းဖြင့် ပြည်သူအပေါ်အကျိုးရှိ/မရှိ မသိရပေမယ့် ဘတ်ဂျက်အကြီးကြီးဝါးမြိုနေတာကတော့ အသေအချာပါပဲ။ ဖက်ဒရယ်ရီဆာ့ဗ်တို့၊ အက်ဖ်ဘီအိုင်တို့ အိုင်အာအက်စ်တို့ အေဒီအယ်လ်တို့က ၁၉၁၃ ဒီမိုကရက်သမ္မတ ဝူးဒရိုးဝီလ်ဆင်ထက်မှာမှ ဖွဲ့စည်းလိုက်တာဖြစ်ပြီး သူတို့မရှိရင် မဖြစ်ဖူးလို့ လူအများ ထင်နိုင်ကြပေမယ့် မေလ်တန်ဖရီးမန်းကတော့ လူတစုနဲ့စာရင် လူထု/ဈေးကွက်ကိုပဲ ပိုယုံတယ်လို့ ဆိုပါတယ်။ သေချာတာက လူတစုကို ငွေနဲ့ပေါက်၊ အာဏာနဲ့ ဖျက်ဆီးနိုင်ပေမယ့် လူထုကို အဲဒီလိုလုပ်ဖို့တော့ လွယ်မှာ မဟုတ်ပါဘူး။
ဗျူရိုကရက်တွေ ဘယ်လောက်အားကောင်းသလဲဆိုရင် အမေရိကန်မှာ လူဦးရေ အများဆုံးဖြစ်တဲ့ ကယ်လီဖိုးနီးယားနဲ့ စတုတ္တအများဆုံး နယူးယောက်ပြည်နယ်တွေမှာ အကြီးဆုံးလုပ်ငန်းရှင်တွေက အစိုးရပိုင် ယူစီ (Universities of CA)နဲ့ ဆူနီ (State Universities of NY)တွေ ဖြစ်ကြပါတယ်။ ယူစီက လူပေါင်း ၁သိန်း၉သောင်းကျော် ခန့်ထားပြီး ဆူနီက ၉သောင်းကျော် ခန့်ထားတာဖြစ်ပါတယ်။ ၂၀၁၉တုန်းက ယူစီတွေမှာ ကျောင်းသား ၂သိန်း ၉သောင်းကျော် လက်ခံခဲ့တဲ့အတွက် ကျောင်းသားတယောက်ကျော်တိုင်းအတွက် ဝန်ထမ်းတယောက် ရှိနေတာက အနိမ့်ဆုံးလုပ်ခ ၂ဆတက်လာတဲ့ကာလမှာ ကျောင်းလခက ၁၀ဆ တက်လာတာရဲ့ အဓိက အကြောင်းရင်း ဖြစ်ပါလိမ့်မယ်။ အဲဒီလို တက်လာအောင်လည်း အိုဘားမားလက်ထက်က နည်းမျိုးစုံနဲ့ စွမ်းဆောင်ခဲ့ပါတယ်။ ရလာဒ်က ပြည်သူပိုဆင်းရဲ၊ ပိုအာဏာမဲ့ပြီး ဘဏ်ကြီးတွေနဲ့ ဗျူရိုကရက်တွေ ပိုအူစိုကြ ပိုတန်ခိုးထွားကြတာပါ။
ဗျူရိုကရက်တွေ ဘယ်လောက် အူစိုသလဲဆိုရင် အမေရိကန်မှာ အချမ်းသာဆုံးပြည်နယ်လို့ ပြောလို့ရတဲ့ ကယ်လီဖိုးနီးယားမှာ ဝင်ငွေအကောင်းဆုံး ၁ရာခိုင်နှုန်းထဲဝင်ဖို့ တနှစ်ကို ဒေါ်လာ ၇သိန်းခွဲကျော် ဝင်ရမှာဖြစ်ပြီး ဗျူရိုကရက်တွေ လော်ဘီတွေနဲ့ နိုင်ငံရေးလုပ်စားသူတွေ ကြီးစိုးတဲ့ ဒီစီမှာ ဝင်ငွေအကောင်းဆုံး ၁ရာခိုင်နှုန်းထဲဝင်ဖို့ ဒေါ်လာ ၉သိန်းကျော် တသန်းနီးပါး ဝင်ရမှာ ဖြစ်ပါတယ်။
နယူးယောက်ဂါဗာနာဟောင်း အန်ဒရူးကိုမိုလက်ထက် နယူးယောက်မှာ ကပ်ပိုးကာလ အလုပ်လက်မဲ့ ထောက်ပံ့ကြေးတွေ ဖောဖောသီသီပေးတဲ့အချိန်မှာ လိမ်လည်လျောက်ထားကြတာကနေ ဒေါ်လာ ၁၁ဘီလီယံ ဆုံးရှုံးသွားတယ်လို့ စာရင်းစစ်တွေက တွေ့ရှိထားပါတယ်။ မတန်တဆဈေးတွေနဲ့ နီးစပ်ရာကို လက်သိပ်ထိုးပေးတဲ့ ကန်ထရိုက်တွေလည်း အများကြီးပါ။ ဒီမိုကရက်အစိုးရတွေက ဘာကြောင့် အစိုးရကြီးကြီးနဲ့ အစိုးရက ပြည်သူအတွက် အကုန်တာဝန်ယူပေးချင်တာလည်းဆိုတာ သိစေချင်လို့ ဒါတွေဆက်စပ်ပြနေတာဖြစ်ပါတယ်။ အစိုးရကြီးမှ ဘတ်ဂျက်ကြီးကြီးရ၊ ဇီးသီးဗန်းလဲကြီး၊ မြန်မာစစ်တပ်လိုပဲ တယောက်ဖော်အကုန်ပေါ်မှာစိုးတော့ အားလုံးက သွေးအစည်းလွန်နေကြတာဖြစ်ပါတယ်။
လော်ဘီဆိုလို့ ဒီရက်ပိုင်းအတွင်း တက်လာတဲ့ သတင်းတပုဒ်မှာ အမေရိကန်က မိတ်ဆွေအဖြစ် သတ်မှတ်ထားတဲ့ ယူအေအီးဟာ အမေရိကန်နိုင်ငံရေးသမားတွေကို လော်ဘီလုပ်ဖို့ ဒေါ်လာ ၁၅၄သန်း သုံးစွဲထားပြီး လော်ဘီတင်မက ဒလံတွေပါ မွေးထားတယ်လို့ ထောက်လှမ်းရေး ၃ဦးကို ကိုးကားပြီး ဝါရှင်တန်ပို့စ်က တင်ဆက်ထားပါတယ်။ ယူအေအီးအနေနဲ့ အမေရိကန်နိုင်ငံရေးကို ဝင်စွက်ဖို့ ကြိုးစားတဲ့နေရာမှာ ကမ်ပိန်းတွေကို ငွေလှူတာ၊ ပေါက်ရောက်တဲ့လော်ဘီအဖွဲ့တွေကို ငွေနဲ့ပေါက်တာ၊ နိုင်ငံခြားအစိုးရတွေရဲ့ လွှမ်းမိုး စွက်ဖက်မှုကို ထိန်းချုပ်ဖို့ ငွေဘယ်မှာ ဘာအတွက်သုံးတယ်ဆိုတာ ဖော်ပြဖို့လိုတဲ့ ဥပဒေတွေကို ငွေနဲ့ပေါက်ပြီး ဖြေလျော့စေတာ စတာတွေ ပါဝင်ပါတယ်။
ဒါ့အပြင် အဲဒီ ၁၅၄သန်းထက် ပိုများတဲ့ ပိုက်ဆံတွေကို တက္ကသိုလ်တွေ သင့်ခ်တန့်ခ်တွေကို လွှမ်းမိုးဖို့ သုံးစွဲထားသေးတယ်လို့ သိရပါတယ်။ သူတို့လိုချင်တာကတော့ သူတို့တိုင်းပြည်အကျိုးစီးပွားအတွက် အကျိုးရှိမယ့် ကွန်တန့် အကြောင်းအရာ ဖန်တီးပေးဖို့ပါလို့ ဆိုပါတယ်။ ဒါကြောင့်လည်း တက္ကသိုလ်တွေမှာ ဂျူးဆန့်ကျင်ရေးတွေ အားကောင်းသထက်ကောင်းလာပြီး သူတို့ဘာသာကြီးနဲ့ /အကြမ်းဖက်တွေကိုတော့ လုံးဝ အထိ အပြောမခံကြတာ ဖြစ်ပါလိမ့်မယ်။ ဒါမျိုးက ပိုသဘောထားတင်းမာတဲ့ အာဏာရှင် အရှေ့အလယ်ပိုင်းနိုင်ငံတွေက လုပ်နေတာ ကြာပြီဖြစ်သလို တရုပ်ကလည်း ပုံစံမျိုးစုံနဲ့ အမေရိကန်အနာဂတ်ကို ဖျက်ဆီးဖို့ လှုပ်ရှားနေကြတာပါ။
ဒါတွေကို ရေးနေတာက တိုင်းပြည်မှာ တကယ်အရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာတွေ စဥ်းစားစရာတွေ အများကြီး ရှိသေးတယ်ဆိုတာကို သိစေချင်တာဖြစ်ပြီး အဲဒါတွေကို လုံးဝလစ်လျူရှုပြီး ထရမ့်အပြောမတတ်တာအပေါ် အထူးအာရုံစိုက်စေချင်တဲ့ မီဒီယာတွေရဲ့ မှိုင်းကို နားလည်စေချင်လို့ဖြစ်ပါတယ်။