မစ်တမ်းလည်းပြီးရော အက်ဖ်ဘီအိုင်က ထရမ့်ရဲ့ မာရာလေဂိုအိမ်ကို ဝင်စီးတာမှာ သူတို့ စွပ်စွဲထားသလို ဘာမှမတွေ့ခဲ့ရတာကြောင့် နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ တိုက်ခိုက်တာကို ဝန်ခံလိုက်သလို ဖြစ်သွားပါတယ်။ ဒါပေမယ့်လည်း ဘိုင်ဒင့်(မ)တရားရေးဌာနက စပယ်ရှယ်ကောင်ဆယ်ခန့်ပြီး ထပ်စစ်ပါဦးမယ်တဲ့။
၂၀၁၆ကနေ ကနေ့အထိ ထရမ့်အပေါ် စွပ်စွဲခဲ့ကြတာတွေကို ပြန်ကြည့်ရင် ကလိန်တန်မ မွှေခဲ့တဲ့ ရုရှားပရုဘ်ရော၊ ဟန်းတားကိစ္စဖော်ထုတ်ဖို့ ယူကရိန်းသမ္မတဆီ ဖုံးတခါ ခေါ်ဖူးတာနဲ့ အင်မ်ပိချ်လုပ်ခံရတာရော၊ ဂျန်၆ကိစ္စမှာလည်း လွတ်ခဲ့သမျှရွှေသမင်တွေက ပလုံစီတာကချည့် ဖြစ်နေပေမယ့်လည်း နောက်တခါ အင်မ်ပိချ် ထပ်အလုပ်ခံရတာရောမှာ ဘာသက်သေမှ မပြနိုင်လို့ အမှုတွေပိတ်ခဲ့ရပြီးပါပြီ။ နယူးယောက်ဒီအေကလည်း တက်လာထဲက ထရမ့်ကိုနွှာဖို့ ကြုံးဝါးပြီး တက်လာတာပါ။ ပြည်သူအတွက် လုံခြုံရေးတို့ တရားဥပဒေစိုးမိုးရေးတို့က ပြောင်းပြန်ရေမှ ထိပ်ဆုံးကို ရောက်မှာပါ။
ပြောခဲ့တဲ့ ကိစ္စတွေအားလုံးမှာ ပါနေတဲ့ အမှုတွဲတွေမှာ တူညီနေတာက အက်ဖ်ဘီအိုင်ပဲ ဖြစ်ပါတယ်။ ၁၅ရက်နေ့က လွှတ်တော်မှာ ရီပါဘလစ်ကန်အမတ် ကလေးဟစ်ဂင်းစ်က အက်ဖ်ဘီအိုင်ဒါရိုက်တာ ခရစ္စတိုဖာဝရေးကို ဂျန်၆တုန်းက အက်ဖ်ဘီအိုင်က ထရမ့်ထောက်ခံသူတွေလို ဝတ်ဆင်ထားတဲ့သူတွေကို စေလွှတ်ခဲ့သလားလို့ စစ်မေးတုန်းကလည်း သူတို့လုပ်ငန်းစဥ်အကြောင်း အသေးစိတ် မပြောနိုင်ပါဘူးဆိုပြီး ဖြေဆိုသွားပါတယ်။ အဲဒီအက်ဖ်ဘီအိုင်ဒါရိုက်တာက ထရမ့်ခန့်ထားခဲ့တာပါ။
ထရမ့်ခန့်ထားခဲ့တဲ့သူတွေက ထရမ့်ရဲ့ မူတွေအပေါ် သစ္စာမရှိကြတာတွေအပြင် နောက်ကျောဓါးနဲ့ထိုးတာတွေပါ လုပ်လာကြတဲ့ အကြောင်းရင်းက ထရမ့်က နိုင်ငံရေးနယ်က မဟုတ်တဲ့အတွက် ဗျူရိုကရက်နေရာတွေ ဝန်ကြီးနေရာတွေမှာ ဘယ်သူတွေ သင့်တော်တယ်ဆိုတာကို နိုင်ငံရေးလုပ်စားနေတဲ့ စားဖားရီပါဘလစ်ကန်ကြီးတွေက တိုက်တိုက်တွန်းတွန်း အကြံပေးခဲ့ကြပါလိမ့်မယ်။ မလှန်နိုင်သေးခင်မှာ (သို့) ကိုယ်အလိုရှိနေစဥ်မှာ မျက်နှာချိုသွေး လက်သည်းဝှက်နေခဲ့ကြပေမယ့် အကျပ်အတည်းလည်းရောက်ရော ခေါင်းဆောင်းတွေကျွတ်ပြီး အစွယ်ဖွေးဖွေး ပေါ်လာကြတာပါပဲ။ ပန့်စ်ရော လွှတ်တော်ထဲက ဝါရင့်ရီပါဘလစ်ကန် ခေါင်းဆောင်တွေရော တော်တော်များများ ပါနေတာပါ။
ပြောရရင် ထရမ့်မလာခင်အထိ လွှတ်တော်ရော အိမ်ဖြူရော ပါတီရောက ဖော်ရှိုးလို့ ပြောလို့ရပါတယ်။ ဘယ်ပါတီကတက်တက် မဆိုသလောက်လေးပဲပြောင်းပြီး စစ်ဖြစ်ရင် ဘတ်ဂျက်ကြီးကြီးသုံးရဝော့ စစ်တွေ ဖန်တီးကြ၊ အာဏာရှင်တွေ ဗိုလ်ကျတာ ခေါင်းငုံ့ခံကြ၊ လေသေနတ်၊ စာသေနတ်ပစ်ကြ၊ ဒါတွေပါပဲ။ ထရမ့်တက်လာမှ အဲဒီ business as usual တွေ ဘာတခုမှ မလုပ်ခဲ့တဲ့အတွက် လုပ်စားတွေ စားပေါက်ပိတ်ကုန်တာကြောင့် ပက်ပက်စက်စက် မုန်းကြတာပါ။
လွှတ်တော်နဲ့ အိမ်ဖြူက လုပ်စားတွေက ဘတ်ဂျက်ကြီးကြီးရအောင် လူ့အသက်တွေ ဘဝတွေ ချနင်းပြီး ဂွင်ဖန်ကြသလို ဗျူရိုကရက်တွေကိုလည်း အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်ကြတဲ့အတွက် အစိုးရဌာနတွေအများစုက ဒီမိုကရက်အတွက်ဆို ဘာလုပ်ပေးရလုပ်ပေးရ ဖြစ်နေကြတာ ဖြစ်ပါတယ်။ ခေါင်းစဥ်တပ်တာတော့ ပြည်သူ့အတွက် အလှဆုံး အချိုဆုံး ခေါင်းစဥ်ပေါ့၊ တကယ်က မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသလိုပဲ စစ်ပဲဖြစ်ဖြစ် ကပ်ပဲဖြစ်ဖြစ် လူတွေဒုက္ခကြီးလေ သူတို့ဖြတ်ခုတ်လို့ ကောင်းလေပါပဲ။ အဲဒါကို မမြင်တတ်ကြသေးလို့သာ အစိုးရကြီးတာကို ကြိုက်နေကြတာ ဖြစ်ပါတယ်။ There’s no free lunch ဆိုတာကို သဘောပေါက်ရင် နားလည်မှာပါ။
လွှတ်တော်ထဲမှာ ဘယ်သူတွေက အက်စ်တာဘလစ်ရှ်မန့်ရီပါဘလစ်ကန်လဲဆိုတာ သိချင်ရင် မက်ကောနယ်တို့ မက်ကာသီတို့ကို မဲပေးခဲ့သူတွေကိုကြည့်လို့ ရပါတယ်။ ထရမ့်ရဲ့ ပထမသက်တမ်းမှာ အိမ်ဖြူရော လွှတ်တော် ၂ရပ်လုံးရောကို ရီပါဘလစ်ကန်တွေ ရထားခဲ့ပေမယ့် နွံအိုင်ကြီးကို ထင်သလောက် မဖြိုနိုင်ခဲ့တာ သူတို့တွေကြောင့် ဖြစ်ပါလိမ့်မယ်။ မက်ကောနယ်တို့ မက်ကာသီတို့ကို ထောက်ခံသူ မနည်းတာကိုကြည့်ရင် ပါတီတွင်းမှာ လော်ဘီတွေနဲ့ ပေါင်းစားနေသူတွေ၊ အင်ဆိုဒ်ဒါထရိတ်ဒင်းနဲ့ ကြီးပွားနေသူတွေ၊ နိုင်ငံခြားအစိုးရရဲ့ နဖားကြိုးအထိုးခံထားရသူတွေ ဘယ်လောက်များနေတယ်ဆိုတာ သိနိုင်ပါတယ်။
အခုလည်း ထရမ့်ဝင်ပြိုင်မယ်လို့လည်း ကြေငြာပြီးရော အောက်လွှတ်တော်က အင်မ်ပိချ်မန့်မန်နေဂျာ ဒီမိုကရက်အမတ်က ဂျန်၆အကြောင်းပြပြီး ခြေ/ဥပြင်ဆင်ချက် ၁၄အရ ထရမ့်ပြန်လာလို့မရအောင် လုပ်ဖို့ ခေါင်းချင်းရိုက်နေကြပါပြီ။ ပြိုကွဲသွားတဲ့ FTX က ဆမ်ဘန့်ခ်မန်ဖရိဒ်က ၂၀၂၄မှာ ဒီမိုကရက်တွေကို သန်းရာချီလှူမယ်လို့ အာမခံထားပြီး ထရမ့်ဝင်အရွေးခံမယ်ဆိုရင် သူ့အလှူငွေက ၁ဘီလီယံအထက်မှာ ဖြစ်မယ်လို့ ပြောခဲ့ပါတယ်။
အဲဒီ ဆမ်ဆိုတဲ့သူကလည်း ခြစားနေတဲ့ စနစ်ကြီးရဲ့ ပြယုဂ်လို့ ပြောရမှာပါပဲ။ ဆမ်က ကလင်တန်တို့နဲ့ အလွန်ရင်းနှီးသလို ကလင်တန်ဖောင်ဒေးရှင်းမှာ ခဏခဏ စကားသွားပြောပေးရတာပါ။ ခြစားမီဒီယာတွေကလည်း ခရစ်ပ်တိုကာရန်စီရဲ့ သမိုင်းဝင်ဖခင်ကြီးလို မွှန်းပေးနေကြပါတယ်။ သူ့ဖခင်က စတန်းဖို့မှာ ပါမောက္ခဖြစ်ခဲ့ပြီး လက်ဝဲဆီနိတ်တာ အယ်လစ်ဇဘက်ဝါရင်ရဲ့ အခွန်နဲ့ပတ်သက်တဲ့ ပရိုပိုဆယ်ကို ဆွဲပေးခဲ့သူဖြစ်ပါတယ်။
နိုဝင်ဘာ ၃၀မှာလုပ်ဖို့ နယူးယောက်တိုင်းမစ်က စီစဥ်ထားတဲ့ပွဲမှာလည်း ဆမ်နဲ့ ယူကရိန်းသမ္မတ ဇယ်လန်းစကီ၊ ဘိုင်ဒင့်ဘဏ္ဍာရေးဝန်ကြီး ဂျက်နက်ယဲလင်နဲ့ ဇတ်ကဘတ်တို့ စကားပြောကြမှာပါ။ ဇယ်လန်းစကီးက သရုပ်ဆောင်ဘဝကလာတာဆိုတော့ သရုပ်ဆောင်တော့ တော်ပုံရပါတယ်။ တီရှပ်လေးဝတ်၊ ဒွေးမျက်နှာလေးလုပ်ပြရင် ကြွေကြတာပဲလေ။
အက်စ်အီးစီက သူတို့ ကြောက်တဲ့ အီလွန်ရဲ့ တက်စ်လာနဲ့ တွဒ်တာတို့ကိုသာ အမဲဖျက်သလို အတင်းဘီးစိတ်တိုက် အပြစ်ရှာ ဒဏ်ရိုက်ဖို့ ကြိုးစားနေပေမယ့် အာဏာရှိသူတွေ ပါဝင်ပတ်သက်နေတဲ့ အက်ဖ်တီအိတ်စ်ကိုကျတော့ ဘယ်လောက်ကြီး မသင်္ကာစရာတွေ ရှိနေနေ တမင်လွှတ်ထားခဲ့ပါတယ်။ ဒစ်ဂျစ်တယ်ကာရန်စီအတွက် ဥပဒေဆိုတာတောင် သူတို့စိတ်တိုင်းကျ ဆွဲဦးမှာဆိုတော့ ရည်ရွယ်ချက်ကတော့ အကြီးစားပါပဲ။
အီလွန်ကို သူတို့ကြောက်တယ်ဆိုတာကလည်း ထရမ့်ကို ကြောက်သလိုပဲ နောက်တကွက်က ဘာလာမယ်ဆိုတာ ခန့်မှန်းဖို့ ခက်တာရယ်၊ သူတို့ကို မကြောက်တာရယ်ကြောင့် ဖြစ်ပါတယ်။
ကြောက်တာနဲ့ ပတ်သက်ပြီး ပြောရရင် လူအများစုက ကြောက်တတ်ပါတယ်၊ အထူးသဖြင့် ဒီမိုကရက်အစိုးရတွေက ပိုကြောက်တတ်တယ်ထင်ပါတယ်။ အဲဒါကြောင့်လည်း အာဏာရှင်တွေ ဘူလီတွေ ချောက်တိုင်း လျော့ပေးနေတာ ဖြစ်မှာပါ။ မြောက်ကိုရီးယားက အနုမြူဗုံးစမ်းပြလိုက်တိုင်း၊ တရုပ်က လေသံမာနဲ့ ဟောက်လိုက်တိုင်း၊ ရုရှားက နျူစစ်ပွဲဖြစ်တော့မယ်လို့ ခြောက်တိုင်း၊ အီရန်က နျူလက်နက်ထုတ်နိုင်တော့မယ်ဆိုတိုင်း အလျော့ပေး လာဘ်ထိုးခြင်းနဲ့ပဲ ဖြေရှင်းပါတယ်။ ဘယ်လောက်ဖားဖား ကြောက်မှန်းသိနေတဲ့သူကို ဘယ်ဘူလီက ဖိမချောက် ပိုအခွင့်အရေးမယူပဲ နေမှာတဲ့လဲ။
ထရမ့်က အိမ်ဖြူပြန်ရောက်ရင် အဓိက ပြုပြင်ပြောင်းလဲရေး ၃မျိုး လုပ်ပါမယ်လို့ ဆိုပါတယ်။ ကွန်ဂရက်စ်မှာ နှစ်ရှည်လုပ်စားနေတာမျိုး မဖြစ်ရအောင် အများဆုံး ဘယ်နှစ်ခါပဲ အရွေးခံရမယ်လို့ သတ်မှတ်တာရယ်၊ ကမ်ပိန်းတွေအတွက် အသုံးစရိတ်ကို ပြည်သူ့ဘဏ္ဍာကနေ ဘယ်ခေါင်းစဥ်နဲ့မှ မသုံးနိုင်အောင်ရယ်၊ ဝန်ကြီးဟောင်း အမတ်ဟောင်းတွေ တသက်လုံး လော်ဘီလုပ်မစားရဆိုတာရယ် ဖြစ်ပါတယ်။ တိုင်းပြည်ကောင်းဖို့ တကယ်ဖြစ်သင့်တဲ့ အရွေ့တွေဖြစ်လို့ လုပ်ခွင့်ရပါစေ၊ လုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။